ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Sunday, January 19, 2014
ဗမာ့အောင်ဆန်း
3:44 AM |
Posted by
တိုးတိုး |
Edit Post
ဗမာ့အောင်ဆန်း (၂)
(မောင်ထင်)
''လက်တိုဂျင် အမိနို့နှင့် မခြား'' ဟူသော ကြော်ငြာစကားကဲ့သို့ သခင်နု၏ စွပ်ကျယ်သည်
ဒေါ်မြရီ၏ ဇာဘော်ဒီနှင့် မခြားချေ။ သခင်နု၏
စွပ်ကျယ်အင်္ကျီနောက်ကျော၌လည်း တက်
တင်းမထိုးဘဲနှင့် သံဇကာပေါက်နေသော ဇာပေါက်များရှိလေသည်။ စင်စစ် သခင်နု၏ ဇာပေါက်များသည် ဒေါ်မြရီ၏ ဇာပေါက်များထက် မြိုင်ပါပေသည်။

ကျွန်တော်သည် ကုက္ကိုင်းလမ်းရှိ
သခင်နုနေသော အိမ်နောက်ဖေးဝယ် ရခိုင်ပြည် တော်လှန်
ရေးခေါင်းဆောင် ဦးညိုထွန်း (ယခင်ပြန်ကြားရေးဝန်ကြီး၊ ယခုရေဒီယိုပြင်ဆရာ)၏ တဲကို အမွေ
ခံယူကာ၊ တဦးနှင့်တဦး သဘာဝချင်း မတူသော ဦးဉာဏနှင့် ကိုမျိုးမင်းတို့ကို အဖော်ပြုကာ နေ့ အချိန်တွင်နေ၍ ညအချိန်တွင် ဗုံးခိုကျင်းထဲ၌ အိပ်ခဲ့ရပါသည်။

ကျွန်တော်တို့ သုံးဦးသားမှာ
ဒေါ်မြရီအား လုံးဝ မှီခိုကာ ဧည့်သည်နေ ဧည့်သည်စားဖြစ်၍၊
များစွာ သက်တောင့်သက်သာ ရှိလှပေသည်။ စားချိန်တန်ပြီဆိုလျှင် ဒေါ်မြရီ၏ တကျော်
ကျော်ခေါ်သံကို နာခံကာ၊ ထမင်းစားခန်းထဲသို့ သုံးဦးသား စီတန်းလမ်းလျှောက်ခဲ့ပါသည်။ သို့သော် ဒေါ်မြရီ၏ ထမင်းစားပွဲကို တခါဘူးမျှ သပိတ်မမှောက်ခဲ့။ ဤမျှလောက် ကျေးဇူး
သစ္စာစောင့်သိ ရိုသေခဲ့ပါသည်။

ထိုစဉ်က သခင်ဗဟိန်းနှင့် သူ၏ဇနီး မခင်ကြီးတို့သည် သခင်နုတို့နှင့် အတူနေပါသည်။
တနေ့သောအခါ ဦးဉာဏ၊
ကိုမျိုးမင်းနှင့်ကျွန်တော်တို့ ထမင်းစားရန် ဟန်ပြင်နေစဉ် သခင်နု
သည် သွားချောင်တိုက်ရင်း ကျွန်တော်တို့နှင့် စကားပြောပါသည်။ ထိုအခါ သခင်ဗဟိန်း
သည် အထုပ်ငယ်တခုကို ချိုင်းကြားထဲညှပ်ကာ ထမင်းစားခန်းထဲသို့ ဝင်လာပါသည်။

သခင်ဗဟိန်း၌ ချိုပြုံးသော
မျက်နှာအစဉ်ရှိသည်။ ထိုနေ့က သူ၏မျက်နှာ ချိုပြုံးပုံမှာ မိန်းမ
ကြောင့် မာန်ဖီနေသော တာနောဘီလူးကိုပင် အရည်ပျော်စေနိုင်ပါသည်။သို့သော် သခင်နု
မျက်နှာထား တင်းနေသည်ကို ကျွန်တော် သတိထားမိလိုက်ပါသည်။

“ကိုကြီးနု စွပ်ကျယ်အင်္ကျီကို ချွတ်ပါတော့ဗျာ“ဟု သခင်ဗဟိန်းက ခရီးရောက်မဆိုက်
ဆိုလိုက်သည်။
ဆိုလိုက်သည်။
မီးဖိုချောင်ဘက်မှ ပဲပြုတ်ပန်းကန်ကို ကိုင်ရင်း ဝင်လာသည့် ဒေါ်မြရီက
“အမလေးတော် ရှိတာ ဝတ်တာ၊ ဘာလုပ်ဖို့ ချွတ်ရမှာတုံး” ဟု အော်ပြောပါသည်။

“စွပ်ကျယ်အင်္ကျီတွေ ပေါလွန်လွန်းလို့ဗျာ” ဟု သခင်ဗဟိန်းက ပြုံးချိုစွာပြန်၍ ပြောပါသည်။
“ရှင်တို့သာ ပေါတာပါတော်”ဟု ဒေါ်မြရီက တော်သံကို တောသံနှော၍ ငေါ့လိုက်လေသည်။
“အော် မမရီတို့က ဒါကြောင့် ခက်တာ။ ဘယ်နှစ်ထည် လိုချင်သလဲ။”
“အောင်မယ်၊ ခုမှ လောကွတ်မချော်ပါနဲ့၊ မောင်တို့ ရှိလျက်နဲ့၊ ကျုပ်လင်မှာ
စွယ်ကျယ်ဇာပေါက်ပဲ ဝတ်နေရတယ်။”
စွယ်ကျယ်ဇာပေါက်ပဲ ဝတ်နေရတယ်။”
“ကျွန်တော်တို့ရှိလို့ ဟောဒီလို
စွပ်ကျယ်တွေ ဝတ်ရတာပေါ့ဗျာ။”ဟု ဆိုကာ သခင်ဗဟိန်းက
တယောတံဆိပ် စွပ်ကျယ်သုံးလေးထည်ကို အထုပ်ထဲမှဖြေ၍၊ ဒေါ်မြရီလက်ထဲသို့ထည့်ပါသည်။ ဤအချိန်တွင် သခင်နုကား ရေချိုးခန်းထဲသို့ ဝင်လေပြီ။

ဒေါ်မြရီသည် အံ့အားသင့်သော၊
ကျေနပ်သော၊ ပီတိရောင်လွှမ်းသော၊ ကျေးဇူးတင်သော၊
မျက်နှာထားဖြင့် သခင်ဗဟိန်းပေးသော စွပ်ကျယ်အင်္ကျီတို့ကို ဖြန့်ကာစစ်ဆေးကြည့်ရှုရင်း “ဘယ်ကရလာသလဲ” ဟု သခင်ဗဟိန်းကို မေးလေသည်။

“ကိုကြီးနုက ဗိုလ်ချုပ်ကို
စိတ်ကောက်ပြီး စကားမပြောလို့ ဗိုလ်ချုပ်က ချော့တဲ့ စွပ်ကျယ်
အက်ႌ။ မမရီ ယူထားပြီး ကိုကြီးနုကို ဆင်ပေးလိုက်ပါဗျာ။”

အောင်မယ်ဆရာ၊ ဒီလောက်နဲ့ ချော့လို့ မပျော့ဘူးမောင်ရေ့။ တဒါဇင်မှ၊ တဒါဇင်။”
ဗိုလ်ချုပ်နှင့် သခင်နုတို့
ဘယ်အခါ၊ ဘယ်နေရာမှာ၊ ဘယ်လိုစကားပြော အပေါက်မတည့်သည်
ကို ကျွန်တော်မသိ။ ဗိုလ်ချုပ်က သခင်နုကို ချော့သော ပဏာမအခန်းမှာ အထက်ပါအတိုင်းပင်။
အကိုကြီးကို ညီက ပြန်ချော့သလို။

ထိုနေ့နံနက်ထမင်းကို
သခင်ဗဟိန်းနှင့် ကျွန်တော်တို့ သုံးဦးသား အတူစားကြရာတွင်၊
ညနေဘက်၌ ဗိုလ်ချုပ်က သခင်နုထံ အလည်လာမည်ဟု ကျွန်တော်ကြားသိရလေသည်။

ထိုနေ့ညနေက နေမင်းသည်
ခပ်သုတ်သုတ်ဝင်သည်ထင့်။ သခင်နု၏ အိမ်ခေါင်းရင်းဘက်ရှိ
မြက်ခင်းပေါ်တွင် နေရောင်နေဝင်စောသည် ဖြစ်တန်ရာ၏။ သို့ရာတွင် မဟာမိတ်တို့၏ ဗုံး
ကြဲလေယာဉ်ပျံများမှာ ညအချိန်တွင် မှန်မှန်ကြီးသောင်းကျန်းစပြုနေပြီဖြစ်၍၊ ကျွန်တော်၏ စိတ်ထဲတွင် နေခပ်သုတ်သုတ်ဝင်သည်ဟု အစွဲအလမ်းရှိနေမိပါသည်။

ကျွန်တော်သည် ကိုညိုထွန်း၏ တဲထဲ၌
တဦးတည်းရှိနေပါသည်။ ဦးဉာဏမှာ အနီးတွင်မရှိပါ။
ကိုမျိုးမင်းကား ဗဟန်းဘက်သို့ သွားနေပါသည်။ ထိုသို့တဦးတည်းနေစဉ်၊ အိမ်ရှေ့မှ မော်
တော်ကားသံ ကြားရပါသည်။ ဦးစွာပထမ သခင်မြရောက်လာပါသည်။ နောက်မကြာမီပင် ဗိုလ်လက်ျာလာပါသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းရောက်လာပါသည်။ မြက်ခင်းပေါ်၌ ကုလားထိုင်များ စီထားပါသည်။ တဦးပြီး တဦး ကုလားထိုင်ရှိရာလာ၍ ထိုင်ကြပါသည်။

သူတို့ တွေ့ကြဆုံကြ
ဆွေးနွေးကြသည်မှာ ရိုးရိုးကိစ္စချည်းမဟုတ်ပါ။ တိုင်းပြည်တွင်
ဂျပန်
ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြင်းပြနေချိန်ဝယ် ခေါင်းဆောင်လုပ်သူတို့မှာ တိုးတိုးတိတ်
တိတ်ကြိတ်၍ ဆွေးနွေးကြရခြင်းဖြစ်ပါသည်။ ထိုဆွေးနွေးပွဲ၌ သခင်ဗဟိန်းသည်ပင်လျှင် ခပ်လှမ်းလှမ်းမှ နေပါသည်။ ထို့ကြောင့် သခင်ဗဟိန်းနှင့် အတူတူ တစိတစောင့်မျှသာ အကဲခတ်လိုက်ရပါသည်။

ထိုနေ့ညနေက
ဗိုလ်ချုပ်တဦးတည်းလိုလိုပင် စကားဖောင်လောက်အောင် ပြောနေပါသည်။
သခင်နုကား ဗိုလ်ချုပ်ပြောသည်ကို ဂရုမထားသကဲ့သို့ ခပ်တည်တည် နေသည်။ သို့သော်
ဗိုလ်ချုပ်က လက်ဟန်ခြေဟန်ဖြင့်လည်းကောင်း၊ ခေါင်းငဲ့၍လည်းကောင်း၊ ဟဲ-ဟဲ-ဟဲ-ဟဲ
ဟု အသံထွက်အောင်ရယ်၍လည်းကောင်း၊ စကားပြောလိုက်သည့်အခါ၊ သခင်နုသည်
ဝင်၍ မပြောပဲ မနေနိုင်ပါ။ ၎င်းတို့နှစ်ဦးသား အချီအချပြောစဉ်၊ သခင်မြက ဝင်၍ ထောက်
တတ်ပါသည်။ ဗိုလ်လက်ျာက တစုံတခုကို သွေးအေးအေးနှင့် စဉ်းစားသော အမူအရာဖြင့်၊ အင်းလိုက်နေပါသည်။ ကျွန်တော်တို့အဖို့ကား စာတမ်းလည်းမထိုး အသံလည်းမထွက်သော
ရုပ်ရှင်ကား တကားကို ကြည့်နေရဘိသကဲ့သို့။

ဗိုလ်ချုပ်က တဟဲဟဲနှင့်ရယ်သည်။
ဗိုလ်ချုပ်ရယ်တိုင်း သခင်နုက လေးနက်သောအသွင်ကို
ဆောင်သည်။ လေးနက်သော အမူအရာပေါ်လာတိုင်း၊ ဗိုလ်လက်ျာက စဉ်းစဉ်းစားစားနှင့်
“အင်း”လိုက်သည်။ ဗိုလ်လက်ျာ“အင်း”လိုက်တိုင်း သခင်မြကပြုံးကာ အ,ထစ်၊ အ,ထစ်နှင့်
ပြောသည်။

သခင်မြမှာ ကျွန်တော်၏
ငယ်ဆရာဖြစ်သည်။ သူစကားပြောလျှင် အစဉ်ပြုံး၍ လေသံကိုဖြတ်ကာ၊
ဖြတ်ကာ ပြောတတ်သည်။ သခင်မြသည် စကားထစ်သူမဟုတ်။ တခွန်းချင်း လေအေးအေးနှင့်
ပြောတတ်သူဖြစ်ရကား အပေါ်ယံကြော၌ ထစ်သလိုရှိသော်လည်း စကားပြောရာတွင် အလွန်
ပေပြစ်သူ ဖြစ်သည်။ စင်စစ်သူသည် လူငယ်တို့၏ စိတ်အားထက်မှုကို လူကြီးတို့၏ နှိုင်းနှိုင်းချိန်ချိန် သုခမိန်သဘောတရားတို့ဖြင့် သမအောင် နယ်ပေးတတ်သူဖြစ်သည်။ မည်သူက လက်သီးလက်
မောင်း မည်သို့တန်းစေကာမူ၊ သခင်မြတချက်ပြုံးလိုက်လျှင်၊ တုံးဆိုတိုက် ကျားဆိုကိုက်ဟူ၍ ကြုံးဝါးနေသူသည် တုံးပင်မှန်စေ တိုက်သင့်ချိန်ရောက်မှ တိုက်မည်ဟူသော အသိတရားရကာ
ငြိမ်၍ကျသွားတတ်သည်။ ဗိုလ်လက်ျာ၏ “အင်း”လိုက်သံ။ ဗိုလ်ချုပ်၏ “ဟဲ”သံ၊ သခင်နု၏ “တိတိလင်းလင်းပြောမယ်”ဟူသော အသံတို့သည် ညဥ့်၏ လွှာရုံအောက်ဝယ် ငြိမ်သက်သွား
ပြီးနောက်၊ သခင်မြ၏ ချိုအေးသောအသံတို့သည် လွှမ်းမိုးလာပါသည်။ ထိုအခါမှ လူငယ်သုံးဦး
တို့သည် တဦးနှင့်တဦး ပိုမိုချစ်ခင်လေးစားအားထားသောအသွင်ကို ဆောင်ကာ၊ သခင်မြ၏
အနားသို့ ချဉ်းကပ်သည်ထက် ချဉ်းကပ်သွားကြပါသည်။

ကျွန်တော်ယနေ့အထိ သူတို့ ဘာကိုတိုင်ပင်ကြသည်ဟု မသိရပါ။ သခင်ဗဟိန်း၏ ပြုံးစစနဲ့
မျက်နှာထားမှာ အဓိပ္ပါယ်ထူးသော အသွင်ကိုဆောင်လျက် ရှိသည်ဟု ကျွန်တော်ရိပ်မိပါ
သည်။ သို့ရာတွင် မသိစေချင်သော ကိစ္စတခုကို စပ်စုလိုသော ဝသီ ကျွန်တော်၌ မရှိ။
အထူးသဖြင့် ဂျပန်ခေတ်၌ ထိုဝသီတို့ကို ချိုးနှိမ်ထားကာမှ အရေးတော်ပုံ လှချေမည်။

သို့သော် ဘာ့ကြောင့်မသိ။
သခင်ဗဟိန်းတယောက် သခင်နုအိမ်ပေါ်မှာနေရင်း၊ ကြက်ပျောက် ငှက်ပျောက်
ပျောက်သွားသော အချိန်၌ကား၊ ဗိုလ်ချုပ်၊ ဗိုလ်လက်ျာ၊ သခင်နု၊ သခင်မြတို့
စည်းဝေးတိုင်ပင်ကြသော ထိုညနေကို ကျွန်တော်ပြေး၍ သတိရမိသည်။
လူလုံးမပျောက်တပျောက်အချိန်တွင်
သူတို့သုံးဦးသား သခင်နုအိမ်မှပြန်ကြသည်။ သခင်မြက ကျွန်တော့်အား သူနှင့်
တွေ့ရန်မှာကြားသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်သည်
ကျွန်တော့်အနား
ရောက်လာပြီးလျှင် မှုန်ကုတ်ကုတ်နှင့် ကြည့်သည်။ ဤကား ဗိုလ်ချုပ်သည် နှစ်ရှည်လများ
ကွဲကွာနေသော မိတ်ဆွေတဦးအား နှုတ်ဆက်ခြင်းပင်ဖြစ်သည်။

“ခင်ဗျားကြီး ဒီရောက်နေတာကိုး” ဟု ဗိုလ်ချုပ်က မတုန်မလှုပ်လှသော မျက်နှာထားဖြင့်
ပြောသည်။
ပြောသည်။
“ဟုတ်ပဗျား”ဟု
ကျွန်တော်ဖြေလိုက်သည်။ ဗိုလ်ချုပ်၏ မော်တော်ကားသည် ကြီးစွာသော
မီးခိုးလုံးတို့ကို လွှတ်၍ ကုက္ကိုင်းလမ်းမပေါ်သို့ တက်လေသည်။

ထိုမီးခိုးလုံးများအတူ၊ ကျွန်တော်၏ စိတ်တို့သည် လွင့်၍… လွင့်၍…
ထိုညတညလုံးအိပ်မပျော်။
ယနေ့တိုင် သခင်နုတို့သည် ဘာကို ရည်ရွယ်၍ စည်းဝေးကြောင်း ကျွန်တော်မသိ။
တခါမျှလည်း မေးမကြည့်မိ။ သို့ပါသော်လည်း ကျွန်တော်၏ ဦးနှောက်ထဲတွင်
ထိုမြင်ကွင်းကလေးကို ဖျောက်၍မရ။ တိုင်းရေးပြည်ရေး ရှုပ်ထွေးစပြုလာပြီ။ ၁၉၄၃
ခုမှသည်
၁၉၄၄ သို့ ကူးပြောင်းလာမည့်အချိန်သည် ကျွန်ုပ်တို့၏ တော်လှန်ရေးခေါင်းဆောင်များအဖို့၊
ထက်လှသော သင်ဓုန်းဓားပေါ်တွင် ဂျွမ်းပစ်၍ ကစားနေရသောအချိန်ဖြစ်သည်။ အင်္ဂလိပ်ဟူ
သည် အံခွအောင် စားဖူးသောဖိုးထူးဖြစ်သည်။ သို့သော်ဂျပန်ကား အံခွအောင်စားမည့်ဖိုးထူး
ဖြစ်သည်။ တဦးကား ဝ၍ အီသွားပြီ။ အခြားတဦးကား ယခုမှ စားကာစဖြစ်၍၊ စားလို့သောက် လို့ ကောင်းတုန်းဖြစ်သည်။ ဂျပန်သည် အင်္ဂလိပ်ထက် ကြောက်စရာကောင်းသည်။ ခေါင်း
ဆောင်ပိုင်းများက ဤသဘောကို နားမလည်စေကာမူ၊ ကျွန်ုပ်တို့၏ သာပေါင်း ညာစားများ
ကား ဂျပန်ကို မျက်နှာချိုသွေးဆဲဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးသမားများအား လက်
ညှိုးထိုး၍ ပြမည့်သူများမှာ…

ကျွန်တော်ဆက်၍ မတွေးဝံ့ပါ။
ကိုယ့်အမျိုးသားထဲမှ လောက်ကောင်များကြောင့် တွေးတောရသည်မှာ မြိန်ရည်ရှက်ရည်မရှိပါ။
သို့သော် ကျွန်တော်ခွဲခွာလာခဲ့သော နယ်ကလေးအတွက်ပူပန်မိပါသည်။ ဂျပန်ကို ကဏ္ဍကော စ ပြုလာပြီဖြစ်သော ဒို့ဗမာအစည်းအရုံးခေါင်းဆောင်၊ အရှေ့အာရှလူငယ်များ အစည်းအရုံး
ခေါင်းဆောင် စသည်တို့အတွက် ပူပန်မိပါသည်။ ထို့ကြောင့်လည်း သခင်မြနှင့်တွေ့သည့်အခါ ကျွန်တော်နယ်အခြေအနေကို ခရေစေ့တွင်းကျပြောပြရပါသည်။ သို့ရာတွင် တော်လှန်ရေးကြီး
ထဲတွင် တော်လှန်ရေးကလေးများ ယဇ်ပူဇော်ခြင်းသာလျှင် ခံကြရဘို့ ရှိပေသည်။

တော်လှန်ရေး၏ ယဇ်ပလ္လင်၌
လူငယ်များနှင့်တကွ လူငယ်များ၏လုပ်ငန်းကို ပူးပေါင်း
ဆောင်ရွက် လုပ်ကိုင်ကြသူတို့သည် ၎င်းတို့၏ အသွေးအသားများကို မည်သို့ပင် တော်
လှန်ရေး၏ ယဇ်ပလ္လင်၌ လူငယ်များနှင့်တကွ လူငယ်များ၏လုပ်ငန်းကို ပူးပေါင်းဆောင်
ရွက် လုပ်ကိုင်ကြသူတို့သည် ၎င်းတို့၏ အသွေးအသားများကို မည်သို့ပင် ပူဇော်ကြရစေ
ကာမူ၊ ပူဇော်ခြင်း၏ အကျိုးတရားကြောင့် လွတ်လပ်ရေးရသည်ကား လိုရင်းပင်ဖြစ်သည်။
သို့သော် ထိုစဉ်က ကျွန်ုပ်တို့၏ ရရှိသောလွတ်လပ်ရေးကား ပြာပူ လွတ်လပ်ရေးဖြစ်ရာ၊
တမျိုးသားလုံးမှာ ကဇွန်းဥ မီးအုံးသကဲ့သို့ ရှိလှသည်။

တနည်းအားဖြင့် ဤအဖြစ်မျိုးသည် ကျွန်ုပ်တို့ လူမျိုးအတွက် အလွန်ကောင်းသည်။
ပြာပူထဲတွင် ကဇွန်းဥအစိမ်းသည်
တစိမ့်စိမ့်နှင့် ကျက်ရပေသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့လည်း
နုနယ်သော ဘဝမှ တစိမ့်စိမ့်နှင့် ရင့်ကျက်ခဲ့ရသည်။ တခါတရံ၌လည်း ဤသို့ တွေးမိသည်။ ယနေ့ကျွန်ုပ်တို့၏ အခြေအနေမှာ မကျက်တကျက် အခြေဖြစ်ရကား၊ ကယ်တင်ရှင်တဦးဦးသည် ကျွန်ုပ်တို့အား ပြာပူတွင်ထပ်၍ လှိမ့်နိုင်ခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် နောက်ထပ်ပို၍ ရင့်ကျက်ရဖို့ ရှိပေလိမ့်မည်။

သို့သော် ထိုစဉ်က လွတ်လပ်ရေးကို မည်သူတို့ ခံစားလျက်ရှိပါသနည်း။
ဤမေးခွန်းကို ယခုကျွန်တော် စစ်တမ်းထုတ်၍ ကြည့်သောအခါ၊ ထိုစဉ်က အဖြစ်အပျက်
တရပ်သည် ကျွန်တော်၏ မှတ်ဉာဏ်ထဲ၌ ပေါ်လာပြန်ပါသည်။

ကျွန်တော်သည် နေ့ရက်အတိအကျတို့ကို
ကောင်းစွာမမှတ်မိ။ ရှေးနှောင်း အစီအစဉ်တို့ကို လည်း ကောင်းစွာသတိမရ။
သို့သော် ဖြစ်ပျက်ခဲ့သော အကြောင်းချင်းတို့ကား မနေ့ကမှ
ဖြစ်ပျက်ခဲ့သလိုလို။ အတိတ်ကာလသည် ကျွန်တော်ရှေ့တွင် အထင်အရှားဇာတ်စုံခင်း
လျက် ပြတုန်းပင်။

စိတ်အထင်ဂျပန်က မြန်မာကို လွတ်လပ်ရေးပေး၍ တနှစ်ပြည့်သော အထိမ်းအမှတ်
ကျင်းပသည့်နေ့ဟု ထင်သည်။ ၁၉၄၄ ခု သြဂုတ်လ ဖြစ်တန်ရာ၏။

ထိုအခါက ကျွန်တော်သည်
နိုင်ငံခြားရေးဌာနတွင် အလုပ်လုပ်နေရ၏။ အထူးသဖြင့် နိုင်ငံခြား
ရေးအတွက် ဝါဒဖြန့်ချီရေးလုပ်ငန်းတို့တွင်၊ ကိုခင်မောင်လတ်(ယခုကိုယ်ပိုင် ကျောင်းဆရာကြီး)၊ ကိုတင်မောင် (ထင်ကြီး)၊ ကိုဘတုတ် (ယခု ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခ)စသော မိတ်
ဆွေများနှင့် အတိုအထွာ ပတ်စာခွာဖျာသိမ်းဟူသမျှ လုပ်ငန်းအစုံစုံတို့ကို ခြေဦးတည့်ရာ
လုပ်၍ နေရသည်။

ထိုအခမ်းအနားကို ကျင်းပရာ၌
လွတ်လပ်သော မြန်မာနိုင်ငံတော်အစိုးရ၏ ခေါင်သူကြီး
များနှင့် ဂျပန်အစိုးရ၏ ထိပ်သီးများကို နေရာချထားရေးမှာ ကျွန်ုပ်တို့အဖို့ အလွန်ခေါင်း
ကိုက်စေသော အလုပ်များဖြစ်၏။

ထိုစဉ်က မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးမှာ ထီးပြိုင်နန်းပြိုင်အုပ်ချုပ်ရေးဖြစ်၏။
မြန်မာတနိုင်ငံ
ထဲတွင် စင်ပြိုင်အစိုးရ သုံးခုရှိ၏။ ဂျပန်အစိုးရထိပ်သီး အစိုးရဖြစ်၏။ လွတ်လပ်သော မြန်မာ
နိုင်ငံတော်အစိုးရမှာ ဒုတိယတန်း အစားလိုက်သော အစိုးရဖြစ်၏။ နေတာဂျီဘို့စ် ခေါင်း
ဆောင်သော လွတ်လပ်သော အိန္ဒိယပြည်အစိုးရမှာ ကျွန်ုပ်တို့၏ ဧည့်သည်တော်အစိုးရ
ဖြစ်၏။

ဂျပန်အစိုးရ၏
ကိုယ်စားလှယ်တော်များဖြစ်သော ဂျပန်သံအမတ်ကြီး ရင်ဒိုဆာဝါဒါ၊
ဂျပန်
သေနာပတိချုပ် ဂျင်နရယ်က၀ါဘီ စသောပုဂ္ဂိုလ်တို့မှာ လွတ်လပ်သော မြန်မာနိုင်ငံတော်
အစိုးရက ကျင်းပသည့် မည်သည့်အခမ်းအနား၌ မြင့်မြတ်သောနေရာဖြစ်သည့် အဓိပတိ အရှင်မင်းကြီး ဒေါက်တာဘမော်၏ လက်ျာဘက်မှာသာနေလိုကြသည်။ ထိုနေရာ မရလျှင်၊
ရာဇဣနြေ္ဒကိုမျှ မငဲ့ပဲ၊ ထိပ်သီးဂျပန်တို့သည် ကြွက်စီ၊ ကြွက်စီ လုပ်လေ့ရှိ၏။

ယခုကျင်းပရမည့် အခမ်းအနားကို
ဂျူဘီလီဟော၌ ကျင်းပရန် စီစဉ်ထားလေရကား၊ အခမ်း
အနား မတိုင်မီပင် ကျွန်ုပ်တို့ နိုင်ငံခြားရေးရုံးမှ အရာရှိများအားလုံးသည် ဂျူဘီလီဟောတွင်
စုရုံး၍ ကြိုတင်ပြင်ဆင်ကြကုန်သည်။

ထိုအခါ ပြဿနာတရပ်ပေါ်လာသည်။
ထိုအခမ်းအနားသို့ နေတာဂျီဘို့စ်ကိုလည်း ဖိတ်ထား
သည်။ အဓိပတိကြီး၏ ဆန္ဒ၌ နေတာဂျီဘို့စ်ကို ဧည့်သည်တော်အဖြစ်ဖြင့် ဦးစားပေးလိုပေ
သည်။ ထို့ကြောင့် နေတာဂျီဘို့စ်အား သူ၏လက်ျာ၌ ထား၍၊ ဂျပန်သံအမတ် ရင်းဒိုဆာဝါဒါ
အား သူ၏ လက်ဝဲ၌ ထားရန် ကျွန်ုပ်တို့ လူသိုက်အား အမိန့်ပေးလိုက်၏။

ကျွန်တော်တို့အဖို့
အတော်အကြံအိုက်သွားပေသည်။ ကျွန်တော်တို့အား ဗိုလ်ချုပ်အောင်ဆန်း
ကို အဓိပတိ၏ လက်ျာဘက်၌ထားရန် စီစဉ်ထားသည်။ သို့သော် ယခုပုံလိုဆိုရင် အဓိပတိ၏
လက်ျာဘက်၌ ဗိုလ်ချုပ်အောင်ဆန်း၊ နေတာဂျီဘို့စ်၊ ရင်ဒိုဆာဝါဒါဂျင်နရယ်ကဝါဘီ၊ ဝန်ကြီး ချုပ်သခင်မြစသော ပုဂ္ဂိုလ်အားလုံးတို့ကို နေရာချထားရန် ရှိနေပေသည်။

ထိုစဉ်က နိုင်ငံခြားရေးဌာနတွင်အလုပ်လုပ်နေသော ဦးမောင်မောင်ကြီးမှာ ထိုနေရာချထား
ရေး တာဝန်ခံဖြစ်၏။ သူသည် ပြာလောင်ခတ်လျက်နေသည်။ ထို့ကြောင့် ကျွန်တော်က ဘယ့်နှယ်လဲဗျို့ဟု မေးလိုက်မိ၏။

“ဘယ်နှယ်လဲဆိုရင်၊ ကဝါဘီကို အဓိပတိရဲ့လက်ဝဲဘက် နေရာချထားတာ စစ်ဘက်က
ကန့်ကွက်နေတယ်။ ခက်တာဘဲဗျာ။”
ကန့်ကွက်နေတယ်။ ခက်တာဘဲဗျာ။”
ဘယ်သူ ဘယ်ဘက်ကနေနေ၊
အရေးကြီးတာကတော့ ဗိုလ်ချုပ်နဲ့ နေတာဂျီတို့ကို အဓိပတိရဲ့လက်ျာဘက်မှာ
နေရာထားဖို့ပဲ။ အဲဒါ ကိုယ့်လူ ကြည့်လုပ်ပေတော့။
ကျွန်တော်ကား စင်မြင့်ပေါ်ရှိ
ကန့်လန့်ကာ နောက်မှနေ၍ အဓိပတိ၏ မိန့်ခွန်း၊ ဂျပန်သံ
အမတ်၏ မိန့်ခွန်း၊ ဂျပန်စစ်သေနာပတိ၏ မိန့်ခွန်း၊ ဗမာ့တပ်မတော် စစ်သေနာပတိ (ဗိုလ်ချုပ်အောင်ဆန်း)၏ မိန့်ခွန်း စသည်တို့ကို မိန့်ခွန်းမြွက်ကြားပြီးသည်နှင့် တပြိုက်နက်
စုပေါင်း၍ သတင်းနှင့်ဝါဒဖြန့်ချီရေးဌာနမှတဆင့် သတင်းစာတိုက်များ အရောက်ပို့ပေးရန် ဝတ္တရားကျနေသည်။

ကျွန်တော်လက်ထဲတွင်
မိန့်ခွန်းပေးမည့်သူ အသီးသီးတို့၏ ပေးမည့် မိန့်ခွန်းစာမူကို
ကျွန်တော်မရသေး။ စောစောတင်ကြို၍ ရနိုင်ပါမှ၊ ထိုစာမူကို အင်္ဂလိပ်လို
ဘာသာပြန်၍
သတင်းစာတိုက်နှင့် ဒိုမေသတင်းဖြန့်ချိရေးဌာနတို့ကို အချိန်မှီ ဝေနိုင်မည်ဖြစ်၏။

သို့သော်“ခရုမှာလည်း အဆံနှင့်၊ လူမှာလည်း အကြံနှင့်”ဟု ကျွန်တော်အား အရိပ်အမြွက်
ပြောဘူးသော ဗိုလ်ချုပ်ကား၊ သူ၏ အကြံနှင့်သူ။

ထို့ကြောင့်
စာမူကို မျှော်သော်လည်း အကြောင်းမထူးချေ။ သို့ပါသော်လည်း ဂျပန်သံရုံးမှ
သတင်းတွဲဘက် အရာရှိဖြစ်သူ ရှီမာနိုအုချိဆိုသော ချာတိတ်ကလေးမှာကား ကျွန်တော့်အား ဂျပန်သံအမတ်၏ ကြေညာချက်ကို ပေးရင်း၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကို မရမက တောင်းဆို
နေသည်။
ကျွန်တော်က မရသေးဟု ပြော၏။ သူက မကျေနပ်။

“မင်းမကျေနပ်လဲ မတတ်နိုင်ဘူး။
သူတို့စစ်ဘက်က လူတွေကို ငါတို့ နိုင်ငံခြားရုံးက လွှမ်းမိုးနိုင်တာမဟုတ်ဘူး။
ဒီတော့ ဗိုလ်ချုပ်လာအောင် သည်းညည်းခံပြီး စောင့်ပါကွယ်။”
ကျွန်တော်က လေပျော့ဖြင့်၊
ခပ်တင်းတင်းပြောထား၏။ သို့သော် ရှီမာနိုအုချိ၌ သတင်း
ထောက် ဥာဉ်ရှိသည်။ သူ့စိတ်ထဲ၌ ဗိုလ်ချုပ်၏ မိန့်ခွန်းကို ကြိုတင်မရနိုင်ခြင်းသည် တနေ
ရာရာ၌ တစုံတခုဖြစ်နေသောကြောင့် မရနိုင်ခြင်းဖြစ်ရမည်ဟု ထင့်နေဟန်တူ၏။ ထို
အတွင်း ကန့်လန့်ကာ၏ နောက်ကွယ်၌ ရှီမာနိုအုချိသည် သူ၏ဆရာဖြစ်သော ဂျပန်သံ
အမတ်နှင့် စကားပြောနေသည်။ ဂျပန်သံအမတ်၏ မျက်နှာထားသည် တောက်တဲ့၊ အိမ်
မြှောင် စသည်တို့၏ မျက်နှာထားကဲ့သို့ အမြဲသေနေသော မျက်နှာထားမျိုးဖြစ်သည်။ ပြုံး
စရာရှိ၍ မပြုံး။ မဲ့စရာရှို၍ မမဲ့။ ဒေါမနဿကြောင့် မျက်နှာထားမတင်း။ သောမနဿ
ကြောင့် မျက်နှာထားမရွှင်။ သို့သော် အစဉ်သဖြင့်ကား“ငါသည် မြန်မာပြည်ကို အပေါ်စီး
ရနေသူ ဖြစ်သည်”ဟူသော မာန်တခွဲသားကို မနိုင့်တနိုင်နှင့် ချီပင့်ထားသော မျက်နှာမျိုး
ဖြစ်သည်။

သို့သော် ယခုသူတို့ဆရာတပည့်နှစ်ဦးသား တီးတိုးပြောဆိုနေစဉ်၊ ကျွန်တော်တွေ့ရသော
ရင်ဒိုဆာဝါဒါ၏ မျက်နှာထား၌ သင်္ကာယနံ့မကင်းသော အရိပ်အယောင်သန်း၍လာလေပြီ။

ထို့နောက်အစီအစဉ်အရ
ဂျပန်သံအမတ်ကို အဓိပတိ၏လက်ဝဲဘက်၌ နေရာချထားကြောင်း
ကို သံအမတ်အား၊ ရှီမာနိုအုချိမှတဆင့် ကျွန်တော်တို့လူစုက အကြောင်းကြားလိုက်သော
အခါ၊ သံအမတ်၏ မျက်နှာပေးမှာ အသက်ထွက်ခါနီး ကင်းလိပ်ချောသည် ပိုးကောင်ကို မြင်
၍ မာန်ဖီသကဲ့သို့ ရှိလှပေသည်။

သို့သော် ရင်ဒိုဆာဝါဒါမှာ
သံအမတ်အဖွဲ့ပီပီ ၎င်း၏ဒေါသမူစိတ်တို့ကို မျက်နှာ၌ ပေါ်ထင်
အောင်မပြ။ ဂျင်နရယ်ကဝါဘီကား ၎င်း၏ နှုတ်ခမ်းမွှေး ရှည်ရှည်ကုတ်ကုတ်ကို ပိန္နဲရွက်
ဝါးသော ဆိတ်ကုလား၏ မုတ်ဆိတ်ကဲ့သို့ လှုပ်တုတ်လှုပ်တုတ်နှင့် လုပ်သည်။ တင်နို
ဟေကာ၏ စစ်သားပီပီ ဒေါဖောင်းကာ နေရာလုနေသည်။

ကန့်လန့်ကာနောက်ပိုင်းတွင်
ထိပ်သီးဂျပန်အရာရှိများ ပွက်လောရိုက်နေစဉ်၊ ကြမ်းပြင်ကို ဒုန်းဒုန်းနှင့်
ဆောင့်၍နင်းသောအသံကြားလိုက်ရပါသည်။ ဗမာ့တပ်မတော်မှ
အစောင့်အ
ရှောက်စစ်သားများသည် လှုပ်ရှားသွားလေသည်။ စစ်ဖိနပ်စီးထားသော ဘယ်ခြေဖနောင့်၊ ညာခြေဖနောင့်နှင့် ရိုက်လိုက်သော“ခွပ်”သံများသည် ပတ္တလားကို တချက်တည်းနှင့် လှိမ့်
တီးလိုက်သော အသံကဲ့သို့ ပေါ်လာပြီးနောက်၊ ကိုယ်ရံတော် ဗိုလ်မှူးတို့ခြံရံသော ဗိုလ်ချုပ်
သည် ဂျူဘီလီဟော စင်မြင့်ပေါ်သို့ တောင်ဘက်လှေခါးဆင့်မှ တက်လာသည်ကို တွေ့ရ
ပါသည်။

ကန့်လန့်ကာနောက်မှ ပွက်လောရိုက်သံတို့မှာ ငြိမ်၍၀ပ်သွားပါသည်။
ဂျပန်သံအမတ်က သူ၏တပည့် ရှီမာနိုအုချိကို မျက်ရိပ်မျက်ကဲပြသည်။ ရှီမာနိုအုချိက
ကျွန်တော်ရှိရာဘက်သို့ ခြေလှမ်းလှမ်းခဲ့သည်။ ကျွန်တော်ကား ရှီမာနိုအုချိ
နားပူ
တော့မည်ကို သိနှင့်၍ ဗိုလ်ချုပ်ထံ ပြေး၍ကပ်ပါသည်။

“ဗိုလ်ချုပ်မိန့်ခွန်းကို အဆင်သင့်ရေးလာသလား”ဟု ကျွန်တော်က တိုးတိုးမေးပါသည်။
ဗိုလ်ချုပ်က သူ့ကာကီ အင်္ကျီအိတ်ကို ပုတ်ပြပြီး၊ စာရွက်များကို ဆွဲထုတ်လိုက်သည်။
“ကျုပ်ကိုယ်တိုင် ရေးလာတယ်။ ဒါပေမယ့် ခင်ဗျားကို မပေးနိုင်ဘူး။”
သူက ဤသို့ပြောသော်လည်း ကျွန်တော်က အလိုက်မသိသေးချေ။
“ဒါဖြင့် ဒီမိန့်ခွန်းကို ပြောပြီးရင် ကျွန်တော့်ကို ပေးပါ။ ကျွန်တော် ဗိုလ်ချုပ်နောက်နားမှာပဲ
နေပါမယ့်။”
နေပါမယ့်။”
“ဘာလုပ်ဖို့တုံး။”
ကျွန်တော်က ဂျပန်သံအမတ်ကို မေးငေါ့ပြ၍ “သူတို့က ကျွန်တော့်ကို လာပူနေတယ်။” “လက်တန်းပြောမယ်လို့ ပြန်ပြောလိုက်ဗျာ။”
ထို့နောက် အဓိပတိသည် ဝန်ကြီးများ
အခြွေအရံနှင့် စင်မြင့်ပေါ်သို့ တက်ရောက်လာပြီး လျှင် နိုင်ငံခြားရေးရုံးမှ
စင်မြင့်ပေါ်သို့တက်ရောက်လာပြီး နိုင်ငံခြားရေးရုံးမှ ပုံစံဖြင့်ပြ၍
နေရာချထားသော နေရာသို့ အသီးသီး အသက၊ အသက ဝင်ကြလေသည်။

ပုံစံတွင် မည်သို့နေရာချထားသည်ကို
ကျွန်တော်မမှတ်မိ။ သို့သော်၊ ဂျင်နရယ်ကဝါဘီမှာ
အဓိပတိ၏ လက်ျာဘက်တွင် ရောက်၍နေသည်ဟု ကျွန်တော်အမှတ်ထားမိသည်။
ဗိုလ်ချုပ်နှင့် မနီးမဝေး၌ ရှိသည်။

အားလုံးသော ပုဂ္ဂိုလ်တို့က
ဆိုင်ရာဆိုင်ရာ မိန့်ကြားချက်များကို မိန့်ဆိုကြသည်။
ဂျင်နရယ်
ကဝါဘီ အလှည့်သို့ ရောက်သောအခါသူသည် ဂျပန်ဓားလွတ်ကို ဓားအိမ်မှမချွတ်ပဲ သူ၏
ရှေ့တည့်တည့်တွင် ထောက်ကာ၊ ဓားလွယ်လက်ကိုင်ပေါ်ကို လက်နှစ်ဖက်တင်၍ မိန့်ခွန်း
စကားပြောဆိုပါသည်။ ကျွန်တော်တို့မှာ ဂျပန်စကားနားမလည်သည်နှင့် သူပြောသည့်
စကားထဲမှ “အနတဝါ”ဟူသောစကားသံကိုသာ ကျက်မိသောကြောင့်၊ အယုတ္တအနတ္တ
စကားပြောသည်ဟု အချင်းချင်းလက်တို့ ရယ်မောမိကြသည်။

သို့သော်
ဂျင်နရယ်ကဝါဘီပြောသွားသောစကားထဲ၌ ရယ်စရာတကွက်မျှမပါ။ အားလုံးသော
စကားတို့သည် မြန်မာတမျိုးလုံးကို ကလေးသူငယ်ပမာ ထား၍ ကြိမ်းမောင်း ဆုံးမသော
စကားမျိုးဖြစ်သည်။
စကားမျိုးဖြစ်သည်။
ကါဘီက ပြတ်တောင်းပြတ်တောင်းနှင့် ပြောသောစကားသံထဲတွင် ဒေါသသံပါကြောင်းကို
ဂျပန်စကား နားမလည်သူတို့ပင်လျှင် ရိပ်မိကြပေသည်။

ကျွန်တော်က
ဂျပန်သံရုံးသားများထံသွား၍၊ ဗိုလ်ချုပ်သည် အလုပ်များသောကြောင့်
မိန့်ခွန်း
ကို အစီအစဉ်နှင့် ရေးမထားနိုင်သဖြင့်၊ လက်တန်းစကားပြောလိမ့်မည်ဟု သတင်းပို့ထားရ၏။ ဂျပန်တတွေမှုန်ကုတ်ကုတ်နှင့် နေကြသည်။ ရှီမာနိုအုချိက ဗိုလ်ချုပ်ပြောစကား အတိုချုပ်ကို အင်္ဂလိပ်လိုရေးပေးရန် ပူဆာပြန်သည်။ ကျွန်တော်က စစ်ဘက်ပြောသောစကားကို ကျွန်
တော်တို့ဌာန တာဝန်ယူ၍ လုပ်ပေးရန်ခဲယဉ်းကြောင်း၊ စစ်မိန့်ရမှ လုပ်ပေးနိုင်ကြောင်း၊ စစ်ဘက်ဆိုင်ရာတို့နှင့် တိုက်ရိုက်ဆက်သွယ်သင့်ကြောင်း ရှီမာနိုအုချိအား စကားကုန် ပိတ် ၍ ပြောလိုက်သောကြောင့် ကျွန်တော်ကို နောက်ထပ်သူတို့ နားမပူတော့ပါ။

ဗိုလ်ချုပ်စ၍ စကားပြောရန် သူ့အိတ်တွင်းမှ စာရွက်တထပ်ကို ထုတ်ပါသည်။ စာရွက်တို့ကို
ဖြန့်၍ ပြတ်သားစွာ စကားစ,ပါသည်။
ဖြန့်၍ ပြတ်သားစွာ စကားစ,ပါသည်။
ဂျူဘီလီဟောထဲ၌ အသံများဆိတ်နေသည်။ ဗိုလ်ချုပ်၏ အသံသည် ပြတ်သားစွာ
ပေါ်ထွက်လာပါသည်။
ပေါ်ထွက်လာပါသည်။
ဗိုလ်ချုပ်၏ မိန့်ခွန်းမှာ ကဝါဘီ၏ ကြိမ်းမောင်းမှုတို့ကို ထီမထင် ရယ်ပြုသော မိန့်ခွန်းဖြစ် သည်။
မြန်မာတမျိုးသားလုံးက ဂျပန်တမျိုးသားလုံးကို “ကျားနှင့်ဆင် လယ်ပြင်ကျမှ
တွေ့
ရစေ့မဟေ့နော်”ဟု ကြိမ်းဝါးလိုက်သော မိန့်ခွန်းဖြစ်သည်။

ဂျူဘီလီဟောတခုလုံးမှာ ဆိတ်၍နေသည်။
ထိုအချိန်၌ မတော်တဆ အတွင်းဝန်တဦးဦး၏ တောင်ရှည်ပုဆိုးမှ ခါးပုံစတခု ပြုတ်၍များ
ကျခဲ့လျှင် ရှီကနဲမြည်ဟီးလောက်ပေသည်။
ကျခဲ့လျှင် ရှီကနဲမြည်ဟီးလောက်ပေသည်။
ဗိုလ်ချုပ်သည် သူ၏ဘောင်းဘီထဲမှ
စက္ကူလိပ်ကြီးကို ထုတ်ကာ တရွက်ပြီးတရွက် လှန်ရင်း သူစိတ်ကူးထည့်ရာ
ရေးသားလာသော စကားတို့ကို ပြောကြားလေသည်။ မိန့်ခွန်းထဲတွင်
စိတ်ပါဝင်စားလာသောအခါတိုင်း သူ၏ဦးခေါင်းကို ဘယ်ဘက်သို့ ဆတ်ကနဲခါလိုက်
ညာ
ဘက်သို့ ဆတ်ကနဲခါလိုက်၊ သုံးလေးငါးကြိမ်လောက် ဆတ်ကနဲခါပြီးသည့်နောက် ကျွန်ုပ်
တို့ အားလုံး ကြက်သီးမွေးညှင်းထလောက်သည့် စကားပိုဒ်ကို ပြောလေသည်။

ဗိုလ်ချုပ်ပြောသလို ကျွန်တော်
ပြန်မပြောတတ်တော့ပါ။ သို့သော် သူ၏အသံသည် ယနေ့တိုင် ကျွန်တော့်နားထဲမှ
မထွက်သေး။ ယခု ကျွန်တော်ပြောပြနေသော ပြခန်းကလေးတကွက်ကို
မှတ်မိသူများအဖို့လည်း ယနေ့တိုင်နားမှထွက်နိုင်ကြမည်မဟုတ်ဟု
ကျွန်တော်ထင်ပါသည်။
ဤခေတ်နှင့် တပြေးတည်းဖြစ်ပေါ်နေသော
အချင်းအရာတို့ကို မော်ကွန်းတင်ကြသူတို့တွင်
ကျွန်ုပ်တို့ လွတ်လပ်ရေးကြိုးပမ်းမှုကို ပျက်ချော်ချော်ပြောကြသူ နိုင်ငံခြားသားအများပင်
ရှိပါသည်။ ထိုသူတို့ပင် ဗိုလ်ချုပ်သည် ဂျပန်ကို ပင့်ဆောင်လာပြီးနောက် အင်္ဂလိပ် အရေး
သာမည် ထင်သောအခါ အင်္ဂလိပ်ဘက်ဝင်သည်ဟု အမနာပစကား ပြောကြပါသည်။

ကျွန်တော်သည်
ထိုမျှစော်ကားသော စကားကို ပြန်ဖြေနိုင်လောက်သော ရာဇဝင်ဆရာ
မဟုတ်ပါ။ ကျွန်တော်ထက် ပြောပိုင်ဆိုပိုင်ရှိသူ လော့ဒ်လူဝီမောင့်ဘက်တန်က သူ၏
မှတ်တမ်းဖြစ်သော စာအုပ်တအုပ်တွင် ရှင်းပြပြီးဖြစ်သည်။ ရာဇဝင်ကို ပုဂ္ဂိုလ်စွဲအားဖြင့်
မသုံးသပ်၊ ဓမ္မဒိဋ္ဌာန်ဖြင့် သုံးသပ်သူတို့ပင်လျှင် လက်ခံပြီးဖြစ်၍ ဗိုလ်ချုပ်ဘက်မှ ကျွန်
တော်ရှေ့နေလိုက်စရာမလိုပါ။ သို့သော် ကျွန်တော်တို့ အမျိုးသားအချင်းချင်းတို့သည် ဗိုလ်ချုပ်၏ စေတနာနှင့် စေတသိက်တို့ အဘယ်ပုံရှိခဲ့သည်ကို ပိုမိုသဘောပေါက်ရန်
ဖော်ပြလိုပေသည်။

ကျွန်ုပ်တို့သည် နှစ်ပေါင်း ၁၂၀
မျှ နိုင်ငံခြားသားတို့၏ စိုးမိုးခြင်းကိုခံခဲ့ရသည်။
ထိုနှစ်များ
အတွင်းတွင် ခေါင်းဖော်နိုင်ရန် တရံတဆစ်မျှအကွက်ကောင်း မရခဲ့ကြ။ ဒုတိယကမ္ဘာစစ်
ကြီးသည်သာလျှင် လွတ်မြောက်ရေးအတွက် အခွင့်ကောင်းဖြစ်ခဲ့သည်။

သို့ပါသော်လည်း ကျွန်ုပ်တို့ တမျိုးသားလုံးမှာ နှစ်လက်မထက်ပိုသော အသွားရှိသည့်
မောင်းချဓားကို ကိုင်ဆောင်မိလျှင် တရားစွဲခံရတတ်ပါသည်။

ထိုသို့သော လူမျိုးတမျိုးအား
နှစ်ရှည်လများ လွှမ်းမိုးနေသော လူမျိုးတမျိုးအား
တော်လှန်ရာတွင် ရနိုင်သမျှသော အခွင့်အရေးကို သုံးကြမည် ဖြစ်ပေသည်။

အသွားနှစ်လက်မရှိသော မောင်းချဓားက.၃၀၃ မတ်စကက်သေနတ်ကို တော်လှန်နိုင်ရန်
ရနိုင်သမျှသော အခွင့်ကောင်းကို ယူမည်သာဖြစ်သည်။ သို့သော် ထိုအခွင့်ကောင်းကို ယူ
ရာ၌ ဗိုလ်ချုပ်သည် ဂျပန်၏ သစ္စာခံမဟုတ်၊ အင်္ဂလိပ်၏ သစ္စာကို မစောင့်၊ မြန်မာနိုင်ငံနှင့်
မြန်မာလူမျိုးများတို့၏ ကျေးဇူးသစ္စာကိုသာလျှင် စောင့်သိရိုသေခဲ့သည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်သည်
ဂျပန်စစ်တပ်တို့ မြန်မာပြည်ကို ၀င်လာသည်ဆိုလျှင်ပင် ဂျပန်တော်လှန်ရေးကို
သူ၏ ဦးနှောက်ထဲတွင် ကြံဆထားခြင်းဖြစ်သည်။
ဤအကြံ၏ အရိပ်နိမိတ်တို့သည် ဗိုလ်ချုပ်၏ ဂျူဘီလီဟောမိန့်ခွန်းတွင် ပေါ်ပေါက်လာခဲ့သည်။
“ကျုပ်တို့
ယခုလွတ်လပ်ရေး ရပြီလို့ဆိုတယ်။ ဒါပေမယ့် လွတ်လပ်ရေးကို ဘယ်သူတွေခံစား
နေသလဲ။ ကျုပ်ရှင်းရှင်းပြောမယ်၊ ကျုပ်တို့နဲ့တကွ ကျုပ်တို့ရဲ့အပေါင်းအဖော်ဝန်ကြီးတွေ၊ သူ
တို့ရဲ့သားမယားတွေ၊ အခြွေအရံတွေ၊ ကျုပ်တို့ကို ကပ်ယပ်စား လုပ်နေတဲ့သူတွေ၊ အဲသ
လောက်ပဲ လွတ်လပ်ရေးရဲ့အရသာကို ခံစားနေကြတယ်”

ဗိုလ်ချုပ်၏ မိန့်ခွန်းမှာ အထက်ပါအချက်ကို မဏ္ဍိုင်ပြု၍ မိန့်ကြားသော မိန့်ခွန်းဖြစ်သည်။
လွတ်လပ်ရေးဘယ်မှာတုံး။ အပေါ်ယံအလွှာတထပ်၌သာ လွတ်လပ်ရေးတည်သည်။
စင်
စစ်မြန်မာ့လူထု၏ လွတ်လပ်ရေးကား အဘယ်မှာနည်း။ လူထုလက်ထဲသို့ လွတ်လပ်ရေး
အပ်ရဦးမည်။ လွတ်လပ်ရေးကို လူထုထံသို့ အရောက်ပို့မပေးနိုင်သမျှ ကျွန်ုပ်တို့လုပ်ငန်း
မပြီးသေး။

ဗိုလ်ချုပ်ပြောသွားသော
စကားရပ်တို့၏ သဘောမှာ ထိုသို့ဖြစ်သည်။ ဗိုလ်ချုပ်ပြောနေစဉ် အဓိပတိ
ဒေါက်တာဘမော်က ဗိုလ်ချုပ်ဘက်သို့ ခေါင်းမငဲ့ပဲ မျက်စိသာလှည့်၍
လိုက်သော
အကြည့်မျိုးကို ကျွန်တော်ဘေးက ချောင်းကြည့်ခဲ့သည်။

အခမ်းအနားပြီးဆုံးသောအခါ
လူအများပင် ရုံးရုံး၊ရုံးရုံးနှင့် လှုပ်ရှား၍၊ ကိုယ့်အိမ်သို့
ကိုယ်
ပြန်ကြသည်။ စင်မြင့်ပေါ်တွင် ကျွန်တော်တို့လူစုနှင့် ဂျပန်လူစု ရှုပ်ရှက်ခတ်သွားသည်။
ဗိုလ်ချုပ် တစုံတခုပြောသည်။ ဗိုလ်ချုပ် ပြောစကားကို ပရိသတ်တို့ မလှုပ်မရှက် နား
ထောင်ကြသည်။ ဗိုလ်ချုပ်၏အမူအရာမှာ တစုံတခုကို ပြုလုပ်တော့မည်ကဲ့သို့ သန္နိဋ္ဌာန်
ချထားဟန်ရှိသည်။ သူပြောကြားသော မိန့်ခွန်းမှာ လေးနက်သောအဓိပ္ပါယ်ရှိသည်။

ဂျပန်များ၏ ဦးနှောက်ထဲတွင်
ထိုအတွေးများဝင်သည့် လက္ခဏာရှိသည်။“သူဘာပြောသလဲ၊ သူဘာပြောသလဲ”ဟု
ရှီမာနိုအုချိက ကျွန်တော်ကို ခဏခဏမေးသည်။ ကျွန်တော်က ဝိနည်းရှောင်၍
ပြောပြသည်။ သို့သော် ရှီမာနိုအုချိနှင့် သူ့ဆရာ ရင်ဒိုဆာဝါဒါတို့သည်
ယောင်တီးယောင်တဖြစ်နေကြသည်။ ကဝါဘီသည် ဓားလွတ်ကို ကြမ်းပြင်ထောက်ကာ တအောင့်လောက်ငိုင်နေသည်။ ထို့နောက် စင်မြင့်ပေါ်မှ လူအများသည် အစီအစဉ်အတိုင်း ဆင်းသွားကြသည်။

ကျွန်တော်မှတ်မိသမျှမှာ
ထိုညနေပိုင်းလောက်တွင် ပရိသတ်တို့ကို မြန်မာတူရိယာဂီတ၊
ဂျပန်တူရိယာဂီတတို့ဖြင့် ဖြေဖျော်သည်။ ဂျပန်တူရိယာဝိုင်းက Song to Burma
ခေါ်
မြန်မာနိုင်ငံကို ရည်ညွှန်းစပ်ဆိုသော သီချင်းဖြင့် ဧည့်ခံသည်။

ရေးစပ်သူမှာ ဂျပန်ကဗျာဆရာ
တဦးဖြစ်သည်။ သူ့ကဗျာကို သီချင်းရေးတတ်သူတဦးက ဂီတသွင်းထားသည်။ ထိုတေး၏
စာသားမှာ မြန်မာနိုင်ငံကို အခြောက်တိုက်မြှောက်ပင့်
ထားသော စာသားများဖြစ်သည်။ စာသားနည်းတူ ဂီတသံမှာ အခြောက်တိုက်ပင့်သော
အသံသာဖြစ်လေရာ၊ ထိုနေ့က ထိုဂီတသံသည် ကျွန်ုပ်တို့ တမျိုးသားလုံးအား သရော်နေ
သည်ဟု ကျွန်တော်မှတ်ထင်မိပါတော့သည်။

နောက်တနေ့ထုတ် ဒိုမေသတင်းတွင် “ဗိုလ်ချုပ်သည်လည်း မိန့်ခွန်းစကားမြွက်ကြား
ကြောင်း”ဟူသော အကျဉ်းချုပ်စကားတို့ကိုသာ တွေ့ရလေတော့သည်။

သို့သော် မြန်မာလူထုကား
ယခုရသော လွတ်လပ်ရေးကို မိမိတို့လက်ထဲရောက်အောင် မည်သို့လုပ်ရမည်နည်းဟူသော
ပြဿနာသည် လေးလေးနက်နက် စဉ်းစားရမည့်ပြဿ
နာဖြစ်ပြီဟု စွဲစွဲမြဲမြဲ တွေးတောကြံဆစ ပြုလာလေသည်။ “ဗိုလ်ချုပ်က သေဆိုယင်သေ၊
ရှင်ဆိုရင်ရှင်” ဟူသော စိတ်ဓာတ်သည် လူထု၌ တက်ကြွ၍လာလေပြီ။

မြန်မာတမျိုးသားလုံး
စိတ်ငယ်စပြုလာချိန်ဝယ် ဗိုလ်ချုပ်သည် ထိုနည်းနှင်နှင်
တမျိုးသားလုံး၏ စိတ်ဓာတ်ကို စကားတခွန်းဖြင့် နှိုးခဲ့လေသတည်း။
(မောင်ထင်)
တမျိုးသားလုံး၏ စိတ်ဓာတ်ကို စကားတခွန်းဖြင့် နှိုးခဲ့လေသတည်း။
(မောင်ထင်)
Labels:
ဗမာ့အောင်ဆန်း
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2014
(175)
-
▼
January
(101)
- လွမ်းစရာ့ ကမ်းခြေ
- မိမိကိုယ်ကို မဲဇာပို့ခြင်း
- ကျဆုံးလေပြီးသော ပန်းပွင့်များ
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
- သံသရာ ခရီးသည်
- Warren Buffet ရဲ့ လမ်းညွှန် စကား
- အကျည်းတန် လက်တွဲဖော်
- လိုရင် သုံးကုန် ဆေးနည်းစုံ
- ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ
- ဒဂုံစေတီ ဘွဲ့
- ကျမ်းကျေသူကြီး
- စံရှားတဲ့ ခင်
- ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~
- ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~
- သုံးယောက်ဖြစ်တော့မယ်
- မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မဆိုးဘူး
- ဆေးလိပ်ကြောင့် သေရတယ်
- ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက်
- ဗိုလ်ချုပ်၏ ဘာသာရေး အမြင်
- စိမ်းသူ
- အလင်္ကာ
- နွေဦးမြိုင်လယ်
- ပျဉ်းမ ငုတ်တို
- ဗြောသံ
- အရိပ်ခြွေ သစ်ပင်
- အမျိုးသားရေးစိတ်ဓာတ်
- ခေမာရောက်မှ အေးလိမ့်မည်
- မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟော ကိန်းန...
- လူကြီး စုန်းပြူး
- လောက ဖတ်စာ
- ဝမ်းနည်းခြင်း အထိမ်းအမှတ်
- သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ
- အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့
- ဗမာ့အောင်ဆန်း
- ဗမာ့အောင်ဆန်း
- ကြိတ်ပိုး ဘွဲ့
- အတိတ်နှင့် ပစ္စုပ္ပန်
- ငါ
- မင်းကွန်းဆရာတော်ကြီး၏ အဆုံးအမ
- သံဝေဂ တေးထပ်
- ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ
- ကြက်ဥလေးတွေအကြောင်း
- သာပေါင်း ညာစား
- ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်
- အဖွဲ့အစည်းများနှင့်နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်း...
- ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ဆိုချက်
- မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများ...
- သိုလှောင်ခြင်း
- လွမ်းစံပယ်
- နွယ်
- အခါလွန်မိုး
- သစ္စာသည်သာ အလှတရား
- ထာဝရ ရှင်သန်ခြင်း
- ရင်တွင်းမှ ပိတောက်ပန်း
- ငိုပါတော့ မေ
- ကျန်ရစ်သူ အတွေး
- မိခင်အဖြစ်
- သူရဲကောင်း သုံးယောက်နှင့် ခရီးသည်
- လူကြီးလူကောင်း
- အား
- ခရီးသွား
- သံဝေဂ
- IMPUNITY
- အဆုံးအမ လင်္ကာ
- အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
- စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
- ပတ်ဝန်းကျင်နှင့် ငါ
- ဆုံးရှုံးမှု
- ကရုဏာမဲ့သည့် လှဒေဝီ
- မှာခဲ့မည် မောင်
- လူငယ်များသို့
- အိမ်မက်ထဲက ရွာ
- အချိန် စောင့်လိုက်ပါ
- သူ့မှာတမ်း
- ထိပ်ဆုံးသို့
- ကန်တော့ပါသည် အို... အမိ
- ရိုးစွဲ ချစ်သူ
- ယောက်ျား တေလေတို့ စနက်
- ပဟေဠိ ကဗျာ
- လွမ်းဘွဲ့
- အားလုံး အတူရောက် မြေကြီးအောက်
- သူတပါးနှင့် မနှိုင်းယှဉ်ပါနှင့်
- တန်ဖိုး
- ကျနော့်ကို အကဲဖြတ်ချင်ရင်
- မှတ်သားဖွယ်ရာ စကားလေးများ
- လူဆိုတာ
- ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ
- သင့်ရဲ့တန်ဖိုးဆိုတာ
- လွတ်လပ်ရေး ကြေငြာစာတမ်း
- လွတ်လပ်ရေး ကြေငြာခြင်း
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ...
- သထုံ ရွှေစာရံ အရံစေတီတော် တဆူမှ ရောင်ခြည်များ ကွန့်...
- ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
- ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
- ~မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေရှိ-မရှ...
- အပူကန် လည်ချောင်းနာအတွက် ဆေးတခွက်
- မင်္ဂလာနဲ့ အိမ်ထောင် (တရား)
- သူဘာဖြစ်လို့ ငါ့ထက် သာနေရတာလဲ?
- ဗုဒ္ဓ အဆုံးအမ
- ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ
-
▼
January
(101)
0 comments:
Post a Comment