သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, August 28, 2011

PostHeaderIcon ရင်ထဲက ပန်းကလေး

ပန်းတိုင်း ပွင့်လို့
ပွင့်သော ပန်းတိုင်းလည်း လန်းကြပါစေ...
လန်းသော ပန်းတိုင်းလည်း မွှေးပျံ့နိုင်ကြပါစေ...
မွှေးပျံ့သင်းသော ပန်းကလေးများ
မငြိုးနွမ်းစေချင်တာက ရင်ထဲက ဆန္ဒအမှန်ပါ...
ဘဝဆိုတဲ့ ခရီးကြမ်းကြီးထဲမှာ
လျှောက်လှမ်းနေကြရင်း
လှေလှော်ရင်း တက်ကျိုး...
ရွက်လွှင့်ရင်း ရွက်တိုင်ကျိုး...
တောင်တက်ရင်း ဖိနပ်ပြတ်..
ပျံသန်းရင်း အတောင်ကျိုး...
ကြုံကြရမယ့် အဖြစ်မျိုးတွေကို
မမြင်ချင် မကြားချင်တာ ဆန္ဒတခုရယ်ပါ...
ပန်းကလေးရေ...
လောကအလယ်မှာ ထယ်ဝါစွာ ဝင့်ကြွားလို့
ငွါးငွါးစွင့်စွင့် ဆန်းတင့်လို့
လန်းပွင့်နေတာကိုပဲ မြင်ချင်နေမိတယ်...
ပန်းကလေး လန်းဆန်းလာဖို့အတွက်
ဘယ်လိုပင် ပြုစုယုယ ပြိုးထောင်မှုတွေနဲ့
ပေးဆပ်နေရပါစေ... မငြူစူပါဘူး...
ကိုယ်ပျိုးလိုက်တဲ့ ပန်းလေးကို
ကိုယ်တိုင် ဆွတ်ခူး ပန်ဆင်ဖို့ ရည်ရွယ်ရင်းလဲ
အလျဉ်း မရှိခဲ့ဘူးလေ...
ပန်းလေး လန်းဆန်း ရွှင်မြူး မွှေးပျံ့နေတာကို
တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေချင်တဲ့ ဆန္ဒရယ်ပါ...
သဘာဝတရားကို မလွန်ဆန်နိုင်ပေမယ့်
အချိန်မတန်ပဲ ငြိုးနွမ်းသွားမှာကို
ဥယျာဉ်မှူးအနေနဲ့ မလိုလားတာ အမှန်ပါ...
လောကမုန်တိုင်း ကြမ္မာရိုင်းတွေရဲ့
တိုက်ခတ်လာမယ့် ဒဏ်အပေါင်းကို
အကြံကောင်းလေးတွေနဲ့ ...
ပန်းကလေး ကျော်လွှားနိုင်မယ်ဆိုရင်
ပန်းကလေးဘဝ သာယာလှပ လာမှာပါ...။
ပန်းကလေးရေ... ဘဝဆိုတဲ့ ခရီးကြမ်းကြီးကို
ကျော်ဖြတ်တဲ့ နေရာမှာ...
မုန်တိုင်းထန်ထန် လေထန်ထန်နဲ့
ရေဆန် လေဆန် မိုးပြင်းထန်ပြီး ...
တိုက်ခတ်ဒဏ်တွေ ပြည့်နှက်နေတဲ့
ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးကို
လှေငယ်တစင်းနဲ့ ...ဖြတ်သန်းရသလိုပဲလေ...
အဲဒီအချိန်မှာ တက်ရယ် ရွက်ရယ်
ခိုင်ခိုင်မာမာ မပြည့်စုံလာဘူးဆိုရင်
ပင်လယ်ကြောမှာ မျောလွင့်ပါပြီး
ဒုက္ခဖြစ်ဖို့ရေး အလွယ်လေးပေါ့....
ဒီလိုပဲလေ.... လောက ပင်လယ် သမုဒ်ကျယ်မှာ
ကျင်လည် လျှောက်လှမ်းတော့မယ်ဆိုရင်လဲ
ဥစ္စာနဲ့ ပညာ ဘဝမှာ တခုမှ မပြည့်စုံလာဘူးဆိုရင်...
အခက်အခဲ အကြပ်အတည်းများနဲ့...
နွေအလယ် ခရီးလမ်းကြမ်းကို
ပင်ပန်း မောဟိုက်စွာနဲ့ လျှောက်လှမ်းရသလို
ခက်ထန် ကြမ်းတမ်းလှတဲ့
လောက ခရီးရှည်ကြီးကို
ပင်ပန်းစွာ လျှောက်လှမ်းရလိမ့်မယ်လေ...
ပန်းကလေးရေ... ဘဝအတွက် ရည်မှန်းချက်နဲ့
ပြင်ဆင်ဖို့အရေး အစဉ်တွေးပြီး
နောင်ရေးတွက်တာ ဘဝရိက္ခာနဲ့
ပညာ ဓန ပြည့်စုံမှလျှင်...
ဘဝခရီး လိုတိုင်းပြီးမယ်...
အစစ ပြည့်ကြွယ် လောကအလယ်မှာ
ပြုံးပျော် ရွှင်လန်း တူညီမှန်းတဲ့
ခရီးလမ်းလဲ ဖြောင့်ဖြူးမယ်လေ...
လောကအလယ် သောက မကြွယ်ပဲ
ပြောသမျှရယ်ပြီး အပူမီး ကင်းဝေးပြီး
ငွါးငွါးစွင့်စွင့် မြင်တိုင်းတင့်တဲ့
ပန်ပွင့်လှလှလေး ဖြစ်ပါစေနော်...
ပန်းကလေး လန်းဆန်းစွာ ပွင့်လန်းနေတာကိုပဲ
ထာဝရ မြင်ချင်နေတယ်လေ....။
(နွေနှင်းမိုး)
Thursday, August 25, 2011

PostHeaderIcon ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ

လူတိုင်းမှာ ကိုယ်ပိုင် ရှင်သန်နည်းတွေရှိတယ်...
ကိုယ့်နာကျင်မှုကို ကိုယ်ပဲသိတယ်။ ကိုယ့်ဝမ်းနည်းကြေကွဲတာကို ကိုယ်ပဲသိတယ်။ ကိုယ်
ပျော်ရွှင်တာကို ကိုယ်ပဲခံစားသိနိုင်တယ်။ ကိုယ့်အကြည့်ထဲက ငရဲပြည်ဟာ တခြားသူ
အကြည့်မှာ ကောင်းကင်ဘုံ ဖြစ်ရင်လည်းဖြစ်မယ်။ ကိုယ့်အကြည့်ထဲက ကောင်းကင်ဘုံဟာ
တခြားသူ အကြည့်မှာ ငရဲပြည် ဖြစ်ရင်လည်းဖြစ်မယ်။ ဘဝဆိုတာ ဒီလိုပဲ ရယ်ရွှင်စရာ
ကောင်းခဲ့ပါတယ်။ လှပတဲ့ နွေဦးကာလတွေက သူတပါး အတွက်ပဲလားလို့ သံသယ မဖြစ်လိုက်ပါနဲ့။ အဓိက,က ကိုယ့်စိတ်သဘောထားကို ကိုယ်ထိန်းညှိ ပြုပြင်၊ ဘယ်သူနဲ့မှ
မပြိုင်မဆိုင်ဘဲ ပျော်ပျော်ရွှင်ရွှင်၊ ကောင်းကောင်းမွန်မွန် ရှင်သန်နေဖို့ပဲ
လိုခဲ့ပါတယ်။

လိုချင်တပ်မက်မှုရဲ့ ကျေးကျွန် မလုပ်ဘူး...
"ပိုးဖလံမျိုး မီးကိုတိုး"လို့ လူတွေက အမြဲဆိုကြတယ်။ "အစာကိုပဲမြင်ပြီး မျှားချိတ်ကိုမမြင်တဲ့
ငါး"လို့ လူတွေက အမြဲ ပျက်ရယ်ပြုတယ်။ "ကိုယ့်ကိုယ်ကို ထောင်ချောက်ဆင် နွံနစ်တဲ့လူ"လို့
လူတွေက အမြဲကဲ့ရဲ့စကားဆိုတယ်။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်
ဘေးမှာလည်း ဒီလို လိုချင်တပ်မက်မှု နွံထဲ ရုန်းထွက်မရတဲ့ အဖြစ်တွေ အများကြီးရှိတာကို
တွေ့ရတယ်။ ဆင်ကို မြွေမျိုသလိုမျိုး လူတွေရဲ့စိတ်ဟာ ဘယ်တော့မှ ပြည့်ဝတယ်ဆိုတာ
မရှိခဲ့ပါဘူး။ မကောင်းတဲ့ လိုချင်တပ်မက်မှုထဲမှာ မနိုးကြားနိုင်သူ၊ စိတ်ရဲ့အလိုကို အမြဲလိုက်တဲ့
သူဟာ နောက်ဆုံးမှာ ကိုယ့် လွတ်လပ်မှုကိုတောင် လက်လွတ်ဆုံးရှုံးစေနိုင်ပါတယ်။

ပေါ့ပေါ့ပါးပါးရှင်သန်ပါ၊ ပျော်ပျော်ရွှင်ရွှင် ရှင်သန်ပါ...
တခြားလူနဲ့ မပြိုင်မဆိုင်ရင် ကိုယ့်ကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ ဘဝရည်မှန်းချက်ကို
ခပ်မြင့်မြင့် မထားရင် ကိုယ့်ကိုယ်ကို ပျော်ရွှင်ချမ်းမြေ့စေပါတယ်။ ပြီးပြည့်စုံတာကို တမင်လိုက် မတောင့်တရင် နာကျင်ခြင်းကနေ ကိုယ့်ကိုယ်ဝေးစေပါတယ်။ ကိုယ့်ကိုယ်ကို
အရမ်းမတောင်းဆိုရင် ရှင်သန်ရတာ လွတ်လပ်ပါတယ်။ အပြစ်အနာအဆာတွေကို လိုက်ရှာ
မနေရင် ကိုယ့်ကိုယ်ကို ပေါ့ပါး လွယ်ကူစေပါတယ်။

ကိုယ့်ကိုယ်ကို နှစ်သက်တတ်မှ ဘဝကို ပွေ့ဖက်တတ်မယ်...
မမြင်မကန်းနဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးတာက အသိမဲ့ဝင့်ကြွားသူရဲ့ လူ့ဘဝဖြစ်တယ်။
စမ်းတဝါးဝါးနဲ့ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတာက အဆိုးမြင်သူရဲ့ လူ့ဘဝဖြစ်တယ်။
ကိုယ့်ကိုယ်ကို နားလည်နိုင်ဖို့က တခြားသူကို နားလည်နိုင်ဖို့ထက် ပိုခက်တယ်။ ကိုယ့်ကိုယ်ကို နှစ်သက်နိုင်ဖို့က တခြားသူကို နှစ်သက် နိုင်ဖို့ထက် ပိုခက်တယ်။ ကိုယ့်ကိုယ်ကိုလေးစားတဲ့ ကျန်းမာစိတ်ရှိမှ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ်၊ မာယာများတဲ့ လောကဓံကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေဘူး၊ တစ်ခေါက် တစ်ခါ ကြုံရတဲ့ အခက်အခဲနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်ဘူး၊ အမြဲတမ်း အကောင်းမြင်စိတ်၊ တည်ငြိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မယ်၊ ပျော်ရွှင်စိတ်၊ ခိုင်မာတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုနိုင်မှာ ဖြစ်တယ်။

ရိုးသားကြင်နာတဲ့ အကြည့်နဲ့ လောကကြီးကို ကြည့်ပါ....
ရေကြည်လွန်းရင် ငါးမရှိ၊ လူစေ့စပ်လွန်းရင် မိတ်ဆွေမရှိဆိုသလို ဘယ်လိုအခြေအနေမျိုးမှာ
ဖြစ်ဖြစ် တပါးသူရဲ့အားနည်းချက်ကို သည်းမခံနိုင်ရင် လူလူချင်းရန်သူတွေဖြစ်ကုန်လိမ့်မယ်။ ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းဆက်ဆံနိုင်ကြမှာ မဟုတ်တော့ဘူး။ အပြစ်ရှိတဲ့အကြည့်နဲ့ လောကကြီးကိုကြည့်ရင် နေရာတိုင်းမှာ အပြစ်အနာအဆာတွေကိုပဲ မြင်တယ်။ ရိုးသားကြင်နာတဲ့ အကြည့်နဲ့ လောကကြီးကို ကြည့်ရင် နေရာတိုင်းမှာ ချစ်ခင်စရာ၊ ကြည်နူးစရာတွေကိုပဲ မြင်တယ်။ ကြင်နာတဲ့အကြည့်နဲ့ကြည့်လေ လောကကြီးက ချစ်စရာကောင်းလေ၊ နှစ်သက်လေဖြစ်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Sunday, August 7, 2011

PostHeaderIcon ကျေနပ်ပါစေ...

အထင်မလွဲပါနဲ့
ရင်ထဲမှာ နင်ပဲ ရှိနေတယ်လေ..
လွမ်းရတဲ့ရက်ကို 
မှန်းဆပဲ တွက်နေမိတာ နေ့စဉ်လေ...
ထင်ရက်ပေမယ့် ရင်လှပ်အောင် ခံစားနေရတာ မောင်ပါလေ...
ကွယ်ရာမှာ ရယ်စရာ လုပ်ပစ်ပြီး မင်းပျော်နေပေမယ့်...
မခေါ်သာတဲ့ ဘဝမှာ တော်ရာကပဲ 
လွမ်းနေရတော့တာပေါ့...
အလွမ်းစကားတွေကိုလဲ 
တခမ်းတနား မဖွင့်ဆိုချင်တော့ပါဘူး...
အရူးဆိုတာ ချစ်တတ်သူကို ခေါ်ခဲ့ရင် အပျော်မဲ့နေတဲ့
မောင့်ကိုသာ ခေါ်လိုက်တော့လေ...
မမြင်မတွေ့လို့ သခင် မေ့ပေမယ့် အရင်က နေ့တွေကို
ပြန်သတိရနေဆဲပါကွယ်...
သံယောဇဉ် အမြှင်တန်းကို 
ရှင်ခန်းဖြတ်ဖို့ ခက်လှပါတယ်...
အမြဲချစ်ခဲ့သူမို့ အသဲ အသစ်ဆိုတာ မရှိပဲ 
မခွဲအချစ်နဲ့ ချစ်ချင်နေတယ်လေ...။
မောင့်အချစ်တွေကို အဖော်တွေနဲ့ သရော်နေပြီး 
မင်း ပျော်နေမယ်ဆိုရင်လဲ...
တော်ရာကပဲ ကျေနပ်လိုက်ပါ့မယ်...
တထောင့်တညဆိုတာ မောင့်ဘဝအတွက် မတောင့်တပဲ
ရောက်လာတဲ့ ဧည့်သည်ဖြစ်ပေမယ့်
ကျေကျေနပ်နပ်နဲ့ ပြုစုလိုက်ပါ့မယ်....။
( နွေနှင်းမိုး )

Thursday, August 4, 2011

PostHeaderIcon နွေဦးခေါ်သံ

ဟောဒီ ကမ္ဘာပေါ်မှာ
နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း
သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊

လူဟာ
ချွေးတစက် ရင်းနှီးရင်
အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊

လူတဦးတယောက်ရဲ့ အသက်ရှူသံ
သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်
ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊

အသိ အသက် ရှိတာခြင်း တူရင်
ဘယ်လူမျိုးကမှ
အခွင့်အရေး ပိုမယူကြဖို့၊

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
အဟောင်းအမြင်း မှန်သမျှကို
ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊

ကျနော်တို့ဟာ
သမိုင်းရဲ့ ထုတ်ကုန်ပါပဲ
လူထုကို ယုံတယ်၊
ဒီမိုကရေစီကို ချစ်တယ်၊
အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။

ပြည်တွင်းစစ်
အနှစ် (၅၀)ကြီးထဲက
ကြေကွဲ သွေး ဘ၀ အသက်တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင် အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့
ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက
အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊

ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ
လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊

ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ
ကလေးတွေ ချွေချွေချခဲ့ရတဲ့
သွေးစ သွေးနများပဲ ဖြစ်တယ်၊

မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက
ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊

လူ့အခွင့်အရေးဆိုတာ
စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊

စစ်အာဏာရှင်တို့
လူချင်း အတူတူ
ခင်ဗျားတို့ အသက်ပို မရှူကြနဲ့၊

အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ
တံတားအနီ
ကတ္တရာအနီ
လွယ်အိတ် အနီတွေနဲ့
တနိုင်ငံလုံး
သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊

ကျောက်သင်ပုံး အကွဲနဲ့
‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊

မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်
ခြေတပိုင်း ပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊

ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊

ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား
ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊

မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့
မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊

ငွေစက္ကူထဲ
ကိုယ့်ဘ၀ ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊

အဲဒီ
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
စစ်အကျဉ်းထောင်တွေထဲက
သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
ကျောင်းသူကျောင်းသားတွေ ပါတယ်၊

နောက်ဆုံး
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
သာသနာ့အလံတော် သွေးစွန်းလို့
စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊

ဟောဒီခေတ်ဟာ
လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊

အသွေး အသား အသက် အသိ ရှိတဲ့ လူက
အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊

မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်
လူ့အမြင် လူ့အတွေး
လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊

တူညီမျှတတဲ့
ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား
အမျိုးသား သွေးစည်ညီညွတ်မှုတို့
မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊

ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ
ချယ်ရီပွင့်တွေကလည်း
ကျနော်တို့ဘ၀ပဲ မဟုတ်လား၊

ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
တောင်ဇလပ်မြေမှာ လှုပ်ခတ်
ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊

သလိုပဲ
သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊

မနောမြေက
နိုးထလာတဲ့ ဧရာဝတီဟာ
ဘ၀များစွာရဲ့ ပင်မရေစီး
အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊

ရာဇ၀င်ရေးရုပ်ပုံ
သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
ဖားစည်သံတွေကလည်း
ဇွဲကပင်မြေမှာ နိုးထ
ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊

(တိုင်းရင်းသား ညီအကိုတို့)
အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ
အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊

ကျနော်တို့ အတူ သွားကြမယ်၊
ကျနော်တို့ အတူ စားကြမယ်၊
ကျနော်တို့ အတူနေ
တနိုင်ငံလုံးက လေကို မျှဝေ ရှူကြမယ်၊

ဟောဒီ
အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ
အာဏာရှင် မှန်သမျှ
ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
ကျနော်တို့ လက်တွေ
မြဲမြဲ ချိတ်ထားကြရမယ်၊

ကျနော်တို့ ရင်ခုန်သံတွေ
မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊

ကျနော်တို့ အင်အားတွေ
များများစားစား ညီညွတ်ထားရမယ်၊

ကျနော်တို့ စိတ်ဓာတ်တွေ
မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊

ပြည်တွင်းစစ်
အနှစ် (၅၀) ကြီးထဲက
ကြေကွဲ သွေး အသက် ဘ၀တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဉာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင်တွေ နှိပ်စက်လို့
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။

ဘ၀ ရှိရင်
အသိအမြင် မွေးထုတ်
ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
လူသားပဲ ရှိတယ်။

လူတယောက်ဟာ
ဘ၀နဲ့ အသက် ရှင်သန်ဖို့
လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊

ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိစေရသလို
လူ့ အတွေးအမြင်ပေါ်မှာ
ဘယ်လို အမိုးအကာမှ မလိုပါဘူး။

လူဟာ
အဲဒီ အတွေးအမြင်နဲ့ပဲ
ကိုယ့် မိသားစု ကိုယ့် နိုင်ငံ
ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။

သစ်စေ့ဟာ
မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊

အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့
ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။

သစ်တပင်ရဲ့
အမြစ်နဲ့ အကိုင်းအခတ်တွေဟာ
(အဲဒီသစ်ပင်အတွက်တော့)
သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊

အမြစ်တွေက နက်နက်တူး
အကိုင်းအခက်တွေက မြင့်မြင့်ပျံ
ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊

သမိုင်းတခေတ်ဟာ
အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊

ဟေ့
စစ်အာဏာရှင်တွေ အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးထားကြ၊

ကျနော်တို့ အသိအမြင်တွေကို
အသွေးအသားတွေထဲ နက်နက်တူးဆွ
ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊

ဘ၀ အမှောင်မှာ
လ ရောင် မသာတာကို မြင်တွေး
တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊

မြေကြီးမှန်ရင်
အသီးအနှံကောင်း ထွက်တာပဲလေ၊

တော်လှန်ရေးဟာ
ကျနော်တို့ မြေကြီး အစစ်
နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့
သစ္စာတရားနဲ့  မြင်းတကောင်ဖြစ်တယ်၊

ဟိုးက ကောင်းကင်ပေါ်မှာ
နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊
လာခဲ့ကြတော့
လာခဲ့ကြတော့ ဟေ့ တဲ့

အရုဏ်ဦးမှာ
နှင်းဆီ တထောင် ခူးဆွတ်
နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်
နွေဦးခေါ်သံဟာ
ထိုး ထွက် လာခဲ့ပြီ။ ။

နေဇော်နိုင်
(ရွှေနန္ဒရဲ့ခရေပန်းဘလော့ဂ်မှ)

Wednesday, August 3, 2011

PostHeaderIcon ကိုယ်တိုင်ဖတ်ဖို့

အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့် 
လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။ အလုပ်များနေတာက အရေးမကြီးဘူး။ အရေး
ကြီးတာက ဘာအတွက် အလုပ်များနေလဲ ဆိုတာပဲဖြစ်တယ်။ လူ့ဘဝရဲ့အကြီးမားဆုံး
အနှောင့်အယှက်နဲ့ ပြဿနာက ဦးတည်ချက်မရှိဘဲ အလုပ်များနေတာပဲ ဖြစ်တယ်။

သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတစ်ခွန်းနဲ့တင် သင့်ကို 
နလန်ထ ပြောင်းလဲစေနိုင်ပါတယ်။

လူတစ်ယောက်နဲ့ ခင်မင်ဖို့ အခွင့်အရေးလိုတယ်
လူတစ်ယောက်ကို နားလည်ဖို့ အသိဉာဏ်လိုတယ်။
ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။

ကောင်းတာကို ကောင်းတာနဲ့ တုန့်ပြန်တယ်။ မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်
တယ်လို့ ကြားဖူးထားတယ်။ ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို 
ဖာထေးတယ်။ အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

လူ့ဘဝမှာ ရက်သုံးရက်ပဲရှိတယ်။
မနေ့ကမှာ ရှင်သန်နေတာက လူကို တွေဝေမိန်းမောစေတယ်။
မနက်ဖြန်မှာ ရှင်သန်နေတာက လူကို စောင့်မျှော်စေတယ်။
ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ကျတယ်။

အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့ တူတယ်။ မသိမသာနဲ့ အသံတိတ်ရောက်လာတတ်ပြီး ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ ကျန်ခဲ့တတ်တယ်။

Jesusက သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ်သံရိုက်ပြီး အဆုံးစီရင်ခံခဲ့ရတယ်။ အဲဒီနေ့
က တကမ္ဘာလုံး မျှော်လင့်ချက်မဲ့တဲ့နေ့ဖြစ်တယ်။ ဒါပေမဲ့ သုံးရက်အကြာမှာ ခရစ်တော်
ထမြောက်ပွဲနေ့ (Easterday) ဖြစ်ခဲ့တယ်။

ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။
ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။
သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။
လူဖျင်း လူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။

တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေး တည်ငြိမ်တဲ့အပြုအမူက စိတ်တို 
ဒေါသထွက်တာထက် ပိုအင်အားရှိတယ်။

ငြိမ်းချမ်းသိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာက အော်ကြီး
ဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာထက် တစ်ဘက်လူကို ပိုကြောက်လန့်စေတယ်။

ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်းက...ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက် တဘက်
လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို  ဘေးကြည့်သူတွေကိုလည်း ကရုဏာဖြစ်စေတယ်။

ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက...အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက် လူတွေရဲ့
စိတ်ဝိညာဉ်ကို ပိုတိုးတက် ကောင်းမွန်စေပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

PostHeaderIcon အချစ်နဲ့ အိမ်ထောင်ရေး

စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့ လက်မည်းကြီး တစ်စုံပါ။အထူးသဖြင့် အချစ်ကို သတ်ဖြတ်
ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။

မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။ သေနတ်ဖျားမှာ ခြင်္သေ့
မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ တိုင်တန်းနစ်သင်္ဘော မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့
ရှေ့မှာ ကမ္ဘာကြီး မကျယ်ဝန်းနိုင်ဘူး။ 
ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ? 
အခက်အခဲရှေ့မှာ အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။

လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှ မနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!

သူ့"အမှား"ကို အပြစ်ရှာချင်ရင် သင့်ဖက်က"မှန်"ရပါမယ်။ စိတ်ခံစားချက်မှာ ဘယ်သူ
မှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။

အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ ကိုယ့်ကိုယ်ကို မပျောက် ပျက်စေနဲ့။

ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူ
စားက မိသားစု"ပျော်ရွှင်ခြင်း" အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု "စိတ်ဆင်း
ရဲခြင်း"အကြောင်းပဲ ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်း ပြောတဲ့
လူရဲ့ မိသားစုကပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက 
ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့ အထိပါပဲ။

ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။ ဒါပေမဲ့
တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။ တချို့က တသတ်မှတ်အတွေး၊
မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ ခြားနားချက်ဖြစ်တယ်။

"'ဒိုးတူပေါင်ဖက်"ဆိုတဲ့အဆင့်ကို ရောက်ဖို့ အိမ်ထောင်ကျတဲ့ ယောက်ျားမိန်းမတိုင်း မျှော်
လင့်ကြတယ်။ "မိန်းမက ယောက်ျားကို ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်
မယ်ဆိုရင် ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့" ယောက်ျားတွေက ပြောပါတယ်။
"ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို နည်းနည်းပိုထမ်းရွက်
မယ်ဆိုရင် မိန်းမတွေက ယောက်ျား စကားကို ပိုနားထောင်ပါတယ်တဲ့"မိန်းမတွေက ပြောပါ
တယ်။

အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကို အချင်းချင်း ချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။
နောက်ခံစားချက် တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ 
တစ်ခါတလေမှာ လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။ နားလည်ခြင်းဆိုတဲ့
ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့ စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာ
ဖြစ်တယ်။

ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ....

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...