သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, June 30, 2013

PostHeaderIcon “မိုဃ်းပြေး တပြိုက်”


“မိုဃ်းပြေး တပြိုက်”

ဟောင်းရွက်ဝါတို့
ဝဲကာပျံကာ လေတွင်ပါလို့
ပြာပြာညို့ညို့၊ မင်းလွင်ဆို့သည်
နွေသို့ ရောက်ပြီ ထင်ပါရဲ့။

မနက်ခင်းတွင်
လေညှင်းသုန်သုန်၊ နှင်းမှုန်မှုန်နှင့်
ချမ်းလို့တုန်အေး၊ ခြုံမနွေးတော့
ဆောင်းရေး မပြယ်သေးဖူး ထင်ပါရဲ့။

ဆောင်းလား နွေလား
ဝိုးဝါးရောထွေး၊ မှုန်ရေးရေးတွင်
မိုးပြေး တပြိုက် ရွာလိုက်သည်။

ရွာသည့်မိုး
ဆောင်းမိုးလေလား
ဟောင်းရွက်ကိုခြွေ
နွေကြို မိုးလား
ဝိုးတ၀ါး........။

မောင်လင်းကြည်
ဓာတ်ပုံဆရာအမည်မသိ

PostHeaderIcon ဆရာတော်ဘုရားက ထမင်းဝါးပြီး ဘုရင်က အိပ်နေမှဖြင့်

ဆရာတော်ဘုရားက ထမင်းဝါးပြီး ဘဝရှင်မင်းတြားကြီးက အိပ်နေမှဖြင့်
 မောင်သာချို
(၁)
ကျွန်တော်နှင့် အလွန်ရင်းနှီးခင်မင်သည့် စာရေးဆရာတယောက်ရှိပါသည်။ ယခုမန္တလေး
အခြေစိုက် ကိုနေဝင်းမြင့်ပဲ ဖြစ်ပါသည်။ စာပေဟောပြောပွဲစင်မြင့်ကြီး များရှိရာဆီသို့ အတူ တကွ ရောက်သွားကြသည့်အချိန်များတွင် တယောက်ဟောသည်ကို တယောက်က ထိုင်
ကြည့်ရင်း သန်းခေါင်ချဉ်းခဲ့ကြရသည့် ညတွေက တကယ့်ကို မရေမတွက်နိုင်အောင်ပါ။
မြန်မာတို့ မြန်မာ့ဓလေ့ ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် တစတစ အဟပ်ကွာ၍ လာရပုံ
ကို ကိုနေဝင်းမြင့် ပုံဆောင်၍ ပြောလေ့ရှိသော ဟာသကလေးတပုဒ်ရှိပါသည်။
နည်းနည်းကလေး လက်ဆင့် ကမ်းပါရစေ။
မိခင်ဖြစ်သူက သမီးကို ဆရာတော်ဘုရားထံသို့ စေလွှတ်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူ
ခိုင်းပါသည်။ သမီးကလည်း မိခင်ခိုင်းစေသည့်အတိုင်း လှူဖွယ်ပစ္စည်းတို့ကို ဆရာတော်ဘုရား
ထံ သွားရောက်လှူပြီးနောက် ပြန်ဖို့ရာ ခွင့်ပန်သည်။သို့သော် ရဟန်းသံဃာနှင့် မည်သို့ စကား
ဆိုရမည်ကို သူမသိ။ထို့ကြောင့်“တပည့်တော် ပြန်ကြွလိုက်ဦးမယ်ဘုရား”ဟု တင်လျှောက်မိရာ
ဆရာတော် ဘဝင်မကျဖြစ်သွားသည်။

ထို့ကြောင့် ခေတ်လူငယ်တို့ ပြောတတ်ဆိုတတ်ရှိလာစေရန် သွန်သင်ပေးဖို့ သတိပေးရန်
အတွက် ထိုသမီး၏မိခင်ဖြစ်သူကို ကျောင်းသို့လာခဲ့ရန် အမှာဆင့်လိုက်သည်။ မိခင်ဖြစ်သူက
လည်း တခုခုတော့ တခုခုပါပဲဟူသော အတွေးဖြင့် ကျောင်းသို့ရောက်လာပါသည်။ ဆရာ
တော်ဘုရားက သမီးဖြစ်သူ စကားပြောပုံကို ပြန်၍ မိန့်ကြားကာ သွန်သင်ဆုံးမဖို့ သတိပေး
လိုက်ပါသည်။ ဤတွင် မိခင်ဖြစ်သူ ဆရာတော်ဘုရားကို ကတိပေးသည်က “တပည့်တော်
နောင်သည်လို မပြောရဘူးလို့ အိမ်ရောက်ရောက်ချင်း သြဝါဒကထာ မြွက်လိုက်ပါ့မယ်ဘုရာ့”
တဲ့။
ဆရာတော်ကား အလိုမကျစွာဖြင့် နောက်တဆင့်တက်ရပြန်ပါသည်။ ထိုဒကာမ၏ ခင်ပွန်း သည်ကို ကျောင်းသို့ လွှတ်လိုက်ရန် မှာကြားလိုက်ခြင်းဖြစ်ပါသည်။ ဘာများ အမှားအယွင်း
တွေ လုပ်မိကြပါလိမ့်ဟူသော စိုးရိမ်စိတ်ဖြင့် ခင်ပွန်းဖြစ်သူ ဒကာ ရောက်ရှိလာသောအခါ
သားအမိနှစ်ယောက် စကားပြော မတတ်ကြပုံကို ဆရာတော်က မိန့်ကြားပြီး သွန်သင်ဦး၊ ဆုံးမ
ဦးနှင့် သတိပေးပြန်ပါသည်။ ဤတွင် ဒကာ ပြန်လျှောက်ပုံက“သည်လောက် လူလို နားမလည်
တဲ့ဟာတွေ အရှင်ဘုရားရဲ့ကျောင်းဝတ္တက မြေပေါ်မှာ နောင် ဘယ်တော့မှ ခြေတော်ရာ မချ
စေရပါဘူး ဘုရား”ဟူ၍
ဆရာတော်၏ ဘဝင်မကျမှုဒီဂရီက ပို၍ ပို၍ မြင့်တက်လာရပါပြီ။သို့ဖြင့် ယောက္ခမဖြစ်သူ အဘိုးကြီးကို ခေါ်ယူကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပါသည်။ အဘိုးကြီးက အဆိုးဆုံး။
“ခုလို သိကြားရတာ တပည့်တော် ချက်ချင်းကို ပရိနိဗ္ဗာန်စံချင်တော့တာပါပဲဘုရား”ဟူ၏။

ပုံပြင်၏ ဆိုလိုရင်းက ကိုယ့် ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့၊ ကိုယ့်ထုံးစံများနှင့်
မယဉ်ပါးတော့ခြင်း၏ ချို့ယွင်းမှုကို အပြစ်တင်ထား ခြင်းပင် ဖြစ်ပါသည်။
ကိုနေဝင်းမြင့်၏ ဝစနာလင်္ကာရအောက်မှာ စာပေပရိသတ်တွေက တဝါးဝါးရယ်လို့။
ကျွန်တော်တို့လည်း ရယ်ကြရသည်ပင် ဖြစ်ပါသည်။ အင်းလေ . . . .
ရယ်ပြီးတော့လည်း မောစရာတွေပေါ့။
(၂)
ကျွန်တော့်စိတ်ထင် အခုခေတ်လူငယ်တော်တော်များများ၊ အထူးသဖြင့် မြို့ပြနေ လူငယ်
များ၊ ပို၍အထူးသဖြင့် ယဉ်ကျေးလိမ္မာသင်တန်းတွေဘာတွေနှင့် မနီးစပ်သူ လူငယ်များ၊
ရဟန်းသံဃာများနှင့် စကားပြောတတ်ကြမည်မထင်ပါ။ ရဟန်းသံဃာများနှင့်မှ မဟုတ်ပါ။
အခြားအခြားသော နယ်ပယ်များ၌လည်း ဘယ်ဝေါဟာရက ဘယ်နေရာမှာသုံး၊ ဘယ်
စကားလုံးမျိုးက ဘယ်အခြေအနေအတွက် ရွေးချယ် စသည့်ကိစ္စများ၌ တော်တော့ကို
အားနည်းလာပုံ ရပါသည်။

ကျွန်တော့်မိတ်ဆွေ သမိုင်းဆရာကြီး ဦးအံ့ကျော်၏ ကျေးဇူးဖြင့် ကျွန်တော့်၌ ၁၉၁၀ မတ်လ
တွင် ကျင်းပခဲ့သည့် ဆယ်တန်း မြန်မာစာ မေးခွန်းတရွက် ရှိထားရာ မေးခွန်းတပုဒ်မှာ-
စိတ်ဝင်စားဖွယ်ဖြစ်၍ ကူးယူဖော်ပြပါရစေ။
“မြန်မာဘာသာ ယဉ်ကျေးသောစကားဖြင့် အနက်ပြန်ပါ” တဲ့။
ပေးထားသော ဝါကျများက ဤသို့။
1.       The King eats.
          The pongyi eats.
2.       The King Sleeps.
          The pongyi Sleeps.
3.       The King dies.
          Buddah dies.
4.       More haste, Less Speed.
5.       Kill two birds with one stone.
6.       He came of age today.
ဘုရင်ကြီး ပွဲတော်တည်သည်။ ဆရာတော်ဘုရား ဘုဉ်းပေးသည်။ ဘုရင်ကြီး စက်တော်ခေါ်
သည်။ ဆရာတော်ဘုရား ကျိန်းသည်။ ဘုရင်ကြီး နတ်ရွာစံသည်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံ
သည်။ အလျင်လို အနှေး ဖြစ်။ ခဲတလုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်။ သူ လူလားမြောက်ပြီ။

မေးခွန်း၏ အဖြေများကို ကိုယ့်ဘာသာကိုယ် ရေးကြည့်ကာ ကျွန်တော်သဘောကျနေမိပါ
သည်။မေးခွန်းက ဘုရင်ဆို ဘယ်လိုသုံး၊ ဘုရားဆို ဘယ်လိုရေး၊ဘုန်းကြီးဆို ဘယ်လိုတွဲစပ် စသည်စသည်ဖြင့် သုံးတတ်အောင်မေးထားသော မေးခွန်းဖြစ်ပါသည်။
 ယဉ်ကျေးသော စကားဖြင့် အနက်ပြန်ပါ တဲ့။ ကျွန်တော် သဘောကျနေမိလိုက်တာ။

နောက်တပုဒ်ပြောပါရစေဦး။ အောက်ပါ စကားအသီးသီး၏ ဣတ္ထိလိင်ကို ရေးပါတဲ့။
ပေးထားသော ဝေါဟာရများက ဤသို့။
ခဲအို၊ ယောက်ဖ၊ သမက်၊ ကျောင်းဒကာ၊ အောက်သား၊ ခမည်းတော်တဲ့။
ခယ်မ၊ မရီး၊ ချွေးမ၊ ကျောင်းဒကာမ၊ အောက်သူ၊ မယ်တော်လို့ အသုံးအနှုန်း မှန်မှန်
သုံးနိုင်အောင် လုပ်ထားပုံက နေ့စဉ်ဘဝတွေနဲ့လည်း ဆက်စပ်မှုရှိလိုက်တာ။ လူ့အဖွဲ့
အစည်းနဲ့ ဆက်စပ်ထားတဲ့ ပညာရေး။
(၃)
အခုတော့ ဆရာတော်ဘုရားကိုလည်း ထမင်းဝါးတယ်လို့ပြောလိုပြော။ ဘုရင်ကိုလည်း
အိပ်တယ်လို့ ဆိုလိုဆို။ ဘုရားရှင်ကိုလည်း သေတယ်လို့ သုံးလိုသုံး။ ဝေါဟာရကို မှန်
အောင် မပြောနိုင်တာဟာ လူ့အဖွဲ့အစည်းကို နားမလည်တာပါ။
ကိုနေဝင်းမြင့်ရဲ့ ပုံပြင်ထဲက လူတွေကို အဲသည် ၁၉၁၀၊ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က
မြန်မာစာမေးခွန်းကလေး ဖြေခိုင်းကြည့်စေချင်လိုက်တာ။
အင်း . . . အမှတ် သိပ်ကောင်းမယ် မထင်ဘူး။
7 Day News Journal

PostHeaderIcon ရှေးခေတ် မြန်မာ ပုံရိပ်လွှာ

၁၉၆၀.ခုနှစ်က မန္တလေးဘူတာ မျက်နှာသာရှေ့တွင် ဤသို့ဤပုံ သွားလာကုန်
မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့တွဲ၍ ဝတ်စုံပြည်ဖြင့် ရှေးမြန်မာ့ မြေဝိုင်းဇာတ်သဘင် တင်ဆက်ပုံ

ရှေးခေတ် ဘောလုံးသမားများ၏ စတိုလ်ဂိုက် ပေးပုံ

အဖဗိုလ်ချုပ်လဲ မြင်ရခဲတဲ့ ဆေးလိပ်ခဲရင်း တိုင်းပြည်အရေးတွေးနေမလား?

ဦးသန့်၏ သား.တင်မောင်သန့်နှင့် သမီး.အေးအေးသန့်


PostHeaderIcon ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ

 ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ
(ကြည်နူး ဝမ်းမြောက်ဖွယ် သတင်းလေးပါ)

အိန္ဒိယနဲ့ ဗုဒ္ဓသာသနာ တနေ့တခြား တိုးတက် ပြန့်ပွားမှုက အားတက်စရာပါ၊ ဒီ ကမ္ဘာ့

လူဦးရေ အများဆုံးနဲ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံတော်မှာ သာသနာ အဓိက ပြုတော်
မူနေကြတဲ့ နိုင်ငံတွေကတော့ မြန်မာရဟန်းတော်တွေနဲ့ သီရိလင်္ကာ ရဟန်းတော်တွေ ဆိုတာကြားရတော့ ရှေ့ရှေ့ နောင်တော်တွေရဲ့ ပခုံးထမ်း သာသနာကို ကြည်ညိုလို့မဆုံး၊

ဒီနေ့ ကျောင်းတက်ဖော် ဟိမာချာ(ဟိမဝန္တာ)ဘက်က ကျောင်းသွားဖော် အိန္ဒိယ ကျောင်

သား ဗုဒ္ဓဘာသာဝင် ကောင်လေးနဲ့ စကားပြောဖြစ်တော့.....
"ဘန္တေရဲ့ အိန္ဒိယ တနိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင် သန်း ၆၀ ကျော်ရှိတယ်ဗျ"တဲ့ အိုးးး ငါတို့
နိုင်ငံက လူဦးရေ ထက်တောင် များနေပါလား.....ကိုယ့်မှာ ကြည်နူးလို့ မဆုံး၊ တကယ်ဆို
အိန္ဒိယလို ကမ္ဘာ့ ဂွအကျဆုံး နိုင်ငံမှာ သာသနာပြုဖို့ ဆိုတာ လွယ်လွယ်နဲ့တော့မရ၊ english
စကားပြော ဘယ်လောက် တတ်တတ် own language ကလွဲ ဖွဲနဲ့စကွဲ ထင်တဲ့ လူတွေကြား
ဘာသာ စကား အခက်ခဲ တခုတည်းနဲ့တင် မည်မျှ ခက်ခဲလိမ့်မလဲ တွေးကြည့်နိုင်သည်၊

"ရှင်တို့ ဒီလိုသာ CASTE (ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု) အရမ်း ပြင်းထန်နေမယ် ဆိုရင်၊

ခု ကျမ အုပ်ချုပ်နေတဲ့ ဥတ္တရာပရာဒေဂ်ျ့ ပြည်နယ် တပြည်နယ်လုံး ဗုဒ္ဓဘာသာကို ဆည်း
ကပ် ခိုင်းရပါလိမ့်မယ်"

ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဝန်ကြီးချုပ် မာယာဝတီရဲ့ စကားကြောင့် လွှတ်တော် ခန်းမ
တခု
လုံး ငြိမ်သွားကာ သိသိသာသာ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု လျှော့ကျသွားခဲ့ရလေသည် ဆိုပဲ၊

ကျောင်းသွားဖော် ကောင်လေးက ဆက်ပြောသည်-
"She is the iron lady of india" တဲ့ ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တပါး အနေနဲ့ရော ဗုဒ္ဓဘာသာ

ဝင် တယောက် အနေနဲ့နော် ကြားရတဲ့ စကားတွေက ကြည်နူးလို့ မဆုံး၊

(ဗုဒ္ဓသာသနံ စိရံ continue)

သာကီ လုလင်

( လွန်ခဲ့တဲ့ ၂၀၀၄.၅ ခုနှစ်များခန့်ကလည်း တပြိုင်ထဲ တချိန်ထဲ လူဦးရေ ငါးသောင်း
ခြောက်သောင်း စသဖြင့် ဗုဒ္ဓဘာသာသို့ ဝင်နေကြသည်ကို ကြားတုန်းကလည်း ဝမ်းသာကြည်နူးခဲ့ရဖူးပါသည်။
Saturday, June 29, 2013

PostHeaderIcon မစဉ်းစားခြင်း သေတ္တာ


မစဉ်းစားခြင်းသေတ္တာ
ကမ္ဘာပေါ်မှာ
ကိုယ့်ကို ချစ်တဲ့လူဟာ
ဘောလုံးသင်း တသင်းစာလောက်မှ
ရှိရဲ့လား
မစဉ်းစားတော့ပါဘူး …တဲ့။

ဘယ်သူဟာ
ပန်းသီးတလုံးကို စားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ
မစဉ်းစားတော့ပါဘူး …တဲ့။

သီချင်းတပုဒ်ကို နားထောင်ရင်း
ဘယ်သူဟာ
ကမ္ဘာသစ်စေမယ့် သီအိုရီ ရဖူးလို့လဲ
မစဉ်းစားတော့ပါဘူး …တဲ့။

တကိုယ်လုံး တဘ၀လုံး စုပ်ယူ
ကိုယ့်ကို မသေရုံ မွေးမြူထားတဲ့ လူတွေ
ရှိနေပြီ
မစဉ်းစားတော့ပါဘူး…တဲ့။

မည်သူမဆိုပေါ့
အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး
တခုခု လွဲချော်နေတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး …တဲ့။

ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ ရပေမယ့်
အစာအိမ်ကို ညာလို့ မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး …တဲ့။

လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ
ပင်လယ်ရှိတယ်
လူတွေဟာ
ဒီပင်လယ်ကို ကျယ်ပြန့်အောင်
နက်ရှိုင်း လှပအောင်
မစီးဆင်းတတ်ကြဘူး
မစဉ်းစားတော့ပါဘူး …တဲ့။

မစဉ်းစားခြင်းသေတ္တာ တလုံး ရှိခဲ့တယ်
ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့
ဂျင်းဘောင်းဘီ အိတ်ထဲကို လက်နှိုက်
မစဉ်းစားခြင်း သေတ္တာဟာ
လေချွန်ပြီးနေလေရဲ့...။

မောင်ချောနွယ်

PostHeaderIcon သြဝါဒ

 မင်းတို့ကြည့် လောကမှာ
လူတွေ အားလုံးနီးပါးက အလိမ်ခံချင်နေကြတာပဲ။
ဟိုကိစ္စနဲ့ အလိမ်ခံ၊ ဒီကိစ္စနဲ့ အလိမ်ခံနဲ့လေ၊
နေရာတကာမှာ အလိမ်ခံချင်နေကြတယ်။
အမှတ်သည်းခြေလည်း မရှိကြဘူး။

လောကမှာ အလိမ်ခံချင်တဲ့ လူက များနေတယ်။
လိမ်တဲ့ လူကတောင် နည်းနေသေးတယ်...ဟု
ဆရာတော်ကြီးသည် သြဝါဒပေးတိုင်း၊
အလုပ်အကျွေးပြုတိုင်း မကြာခဏ မိန့်ကြားလေ့ရှိသည်။

ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု
နိုင်ငံတော်သံဃမဟာနာယက ဒု ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် ဆရာတော်
                              (၁၃၈၉.ခု)

PostHeaderIcon ပထမ မစိုးရိမ်ဆရာတော်ကြီး သြဝါဒ



အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့နှင်းသဘင်၌ မြွက်ကြားသော

ကျေးဇူးတော်ရှင် ပထမ မစိုးရိမ်ဆရာတော်ကြီး
ပထမ အဂ္ဂါဘိဓဇ ဘဒ္ဒန္တသူရိယာဘိဝံသ ၏ သြဝါဒကထာ
(သာသနဿ စ လောကဿ၊ ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။)
သာသနာတော်မြတ်နှင့်တကွ သတ္တလောက တခုလုံး အခါခပ်သိမ်း 
အေးငြိမ်း တိုးတက် ကြီးပွားပါစေသတည်း
********************************
 ယခုဘွဲ့နှင်းသဘင်၌ စည်းဝေးနေကြသော နိုင်ငံတော်သမ္မတကြီး အမှူးပြုသည့်
စတုပစ္စယသာသနဒါယကာ မြန်မာနိုင်ငံပြည်ထောင်စုအစိုးရမင်းတို့အား သြဝါဒစကား
ဆရာတော် မိန့်ကြားလိုသည်မှာ -
မြတ်စွာဘုရား ဟောကြားတော်မူ အပ်သော အပရိဟာနိယ ကြီးပွားကြောင်းတရား
ခုနစ်ပါးတို့ကို ကိုယ်စီကိုယ်ငှ လက်ရှိထား၍ ပွားများကျင့်သုံးရန်ပင် ဖြစ်ပေသည်။

ထိုအပရိဟာနိယ ကြီးပွားကြောင်းတရားတို့မှာ

(၁) မကြာခဏ စည်းဝေးတိုင်ပင်ကြခြင်း၊

(၂) ပြုဖွယ်ကိစ္စတို့ကို တညီတညွတ် ဆောင်ရွက်ပြုလုပ်ခြင်း။

(၃) ရှေးမင်းကောင်း မင်းမြတ်တို့ ကျင့်သုံးရိုး ဓမ္မလမ်းစဉ်ကို မလွန်မယုတ်စေခြင်း၊

(၄) အရွယ် ပညာ ဤနှစ်ဖြာ ကြီးရင့်သော ရှေ့သွားခေါင်းဆောင်ကြီးများကို လေးစား
      ဂရုပြုမူခြင်း။

(၅) အလိုဆန္ဒ တဏှာလောဘ၏ အလိုသို့ မလိုက်ခြင်း၊

(၆) မြို့တွင်း မြို့ပြင် ပူဇော်သင့်သော စေတီ နတ်ကွန်းတို့အား ပူဇော်ပသ ဝတ်ကို
     မချွတ်မယွင်းစေခြင်း။

(၇) ရဟန်းသံဃာများအား တရားသော အစောင့်အရှောက်ကို ပေးခြင်း။

ဤတရားခုနစ်ပါး လက်ကိုင်ရှိထားပါက တိုက်ကားပြည်ရွာ သာယာဝပြော ကြီးပွားစည်ပင်
ခြင်းအကျိုး မချွတ်ဖြစ်မည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။

တိုက်ကားပြည်ရွာ သာယာဝပြောမှ မိမိတို့ ရည်မှန်းသော နတ်ရွာလမ်းကြောင်း နိဗ္ဗာန်လမ်းကြောင်းကို ကောင်းစွာ သုတ်သင် အဆင့်ဆင့် ထွင်နိုင်ကြပေမည်။

ဤအရာ၌ ကူဋဒန္တသုတ်တော်လာ မဟာဝိဇိတမင်း၏ ကျင့်ထုံးအစဉ်ကို သတိပြုရန်
လိုအပ်ပေသည်။
မဟာဝိဇိတမင်းသည် ကြီးစွာသော အလှူဒါနပြုလုပ်ကာ နတ်ရွာနိဗ္ဗာန်လမ်းကြောင်း
ထွင်လိုရကား ဘုရားအလောင်း ပုရောဟိတ်ပုဏ္ဏားတော်ကို မည်သို့လိုက်နာပြုကျင့်ရန်
သင့်သနည်း ဟု မေးမြန်းရာ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားတော်က ရှေးဦးစွာ
တိုင်းပြည် အေးချမ်း သာယာအောင် ပြုလုပ်သင့်ကြောင်း ဖြေကြား တင်ပြတော်မူသည်။

ထိုတိုင်းပြည် အေးချမ်း သာယာကြောင်း တရားများမှာ -

(၁) တိုင်းပြည်အတွင်း လယ်သမား၊ နွားမွေးမြူသူတို့အား မျိုးစေ့ရိက္ခာ အရင်းအနှီးထုတ်ပေး
     ချေးငှားခြင်း၊
(၂) ကုန်သည်တို့အား အရင်းအနှီးဥစ္စာ ထုတ်ပေးချေးငှားခြင်း၊

(၃) မင်းမှုထမ်း (ဝန်ထမ်း)တို့အား ပြည့်စုံလုံလောက်အောင် လခရိက္ခာပေးကမ်းခြင်း- ဤတရားသုံးပါတို့ပင် ဖြစ်သည်။

ဤတရားသုံးပါးကို အလောင်းတော်ပုရောဟိတ်ပုဏ္ဏား ညွှန်ကြားသည့်အတိုင်း မဟာ
ဝိဇိတမင်းက လိုက်နာကျင့်ကြံသဖြင့် တိုင်းကားပြည်ရွာ သာယာဝပြောရှိကြောင်းနှင့်
ယင်းသို့ တိုင်းပြည်သာယာ ၀ပြောသောအခါမှ ၁၆-ပါးသော အခြံအရံ အင်္ဂါ၊ ၃-ပါးသော
စိတ်ထား၊ ၁၀-ပါးသော အခြင်းအရာရှိသော မဟာဒါနကို ပြု၍ နတ်ပြည်၊ နိဗ္ဗာန်လမ်း
ကြောင်း ထွင်တော်မူကြောင်းကို မြတ်စွာဘုရား (ဒီဃနိကာယ သီလက္ခန္ဓ၀ဂ္ဂပါဠိတော် ကူဋဒန္တသုတ်၌) ဟောကြားတော်မူခဲ့သည်။

သို့ဖြစ်ရကား.........
ရှေးဦးစွာ ဖော်ပြပါ အပရိဟာနိယ ကြီးပွားကြောင်းတရား ခုနစ်ပါးတို့နှင့်လည်းကောင်း၊ မဟာဝိဇိတမင်းတရား လိုက်နာကျင့်သုံးအပ်သော တိုင်းကားပြည်ရွာ အေးချမ်း သာယာ
ကြောင်းတရားသုံးပါးတို့နှင့်လည်းကောင်း၊ ကိုယ်စီကိုယ်င ပြည့်ကုန်ငအောင် လိုက်နာ
ကျင့်ကြံနိုင်ကြစေရန်အလိုငှာ``သဂ္ဂဿ မဂ္ဂံ အာစိက္ခန္တိ´´နတ်ရွာ နိဗ္ဗာန်လမ်းကြောင်း
ညွှန်ကြားခြင်း ဟူသော ဆရာတော်များ စောင့်ရှောက်ရမည့် ခြောက်ခုမြောက် ကျင့်ဝတ်
တရားအရ ပစ္စုပ္ပန်၊ တမလွန်ကြီးပွားကြောင်း လမ်းဟောင်းညွှန်ပြ၍ သြ၀ါဒစကား
မိန့်ကြားအပ်ပါသည်။
၁၃၁၈-ခုနှစ်၊ ကဆုန်လဆန်း ၁၀-ရက်နေ့
Friday, June 28, 2013

PostHeaderIcon လယ်စောင့် တဲ


မိုးဃ်းရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုဃ်းကုတ် အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနဲ့ ပနံတင့်...။
( မင်းသုဝဏ် )

PostHeaderIcon သြဝါဒ

  ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲဝင် အားလုံးအား မိန့်ကြားသော သြ၀ါဒကထာ။
+++++++++++++++++++++++++++++++++++++++++++++++++++++
ခရုယှက် သမ္မတဖြစ်တုန်းက ပြောသွားတဲ့ စကားတရပ်ရှိတယ် ၊ ဘာပြောသွားလဲ

ဆိုတော့ ကျွန်တော်တို့ အရှေ့အုပ်စုနဲ့ အနောက်အုပ်စု ငြိမ်ချမ်းစွာ အတူတကွ ယှဉ်တွ
နေထိုင်ပြီးတော့ ကိုယ့်စနစ်နဲ့ကိုယ် ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်၊ အဲသလိုဆိုရင်
ကမ္ဘာကြီးကောင်းမယ်၊ ဒီလိုမဟုတ်ဘဲနဲ့ တဦးနဲ့တဦး တအုပ်စုနဲ့တအုပ်စု အထင်အမြင်လွဲ
ပြီးတော့ စစ်ပွဲတွေ ဆင်နွှဲနေကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကို ကျွန်
တော်တို့ ဖျက်ဆီးသလိုဖြစ်မယ်၊ ခရုယှက်က အဲဒီလို ပြောဆိုသွားတယ်။
အခုလဲ အဲသလိုပဲ ဒို့နိုင်ငံက ထိပ်တန်းကနေ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ သဘောထား

ညှိနှိုင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဒို့ဗမာနိုင်ငံ တိုးတက်မယ်၊
ဒီလိုမဟုတ်ဘဲနဲ့ သဘောထား အမြဲတမ်းကွဲလွဲနေကြမယ်ဆိုရင် အဲဒီ ထိပ်ပိုင်းက ဦးဆောင်
နေတဲ့ပုဂ္ဂိုလ်များ ဗမာနိုင်ငံကို ဖျက်ဆီးတဲ့ တရားခံထဲ ဝင်သွားမယ်၊

ဒါကြောင့် ထိပ်ပိုင်းက ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေကို ငါ အမြဲတမ်းပြောနေပါတယ်၊ အေး ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးကို ငါကတော့ ကြားဝင်ပြီးတော့ ပြောနေတာပဲ၊ ဒီတော့ ညီညီ

ညွတ်ညွတ် လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်၊ အဲဒီလို ညီညီညွတ်ညွတ်နဲ့
တည်ထောင်မှ ဒီနိုင်ငံတိုးတက်မယ်။

နိုင်ငံ လွတ်လပ်ရေးရတာ ရှင်အောင်ဆန်းစုကြည် (၃)နှစ်သမီးလောက်က လွပ်လပ်ရေးရ

လာတာပါ။ ဒီတော့ လွတ်လပ်ရေးရတာ နှစ်ပေါင်း(၅၀)ကျော်ပြီ၊ ဒါပေမယ့် ဗမာနိုင်ငံက သွားတောင်မပေါက်သေးဘူး၊ အဲဒီလောက်ထိ ရှက်စရာကောင်းနေတယ်၊ လူလားမြောက်ဖို့
ဆိုတာ ဝေးလို့ သွားတောင်မပေါက်သေးဘူး၊

အဲဒီသွားတောင် မပေါက်သေးတဲ့ ဗမာနိုင်ငံကို သွားပေါက်လာအောင် လူလားမြောက်

လာအောင်ဆိုတာက ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြမှ ဗမာနိုင်ငံ
တိုးတက်မယ်၊ ဒီအတိုင်း ဖြစ်နေကြမယ်ဆိုရင် ခုနက ငါပြောခဲ့တဲ့အတိုင်းဘဲ ဗမာနိုင်ငံ
ကို ဖျက်ဆီးတဲ့ တရားခံတွေထဲ ၀င်သွားမယ်၊

အေး သမိုင်းလေ့လာတယ်ဆိုတာ ရှေးက အမှားတွေ ရှောင်ကြဉ်ပြီးတော့ အမှန်တွေ လုပ်ကြ

ဖို့အတွက် သမိုင်းကို လေ့လာရတယ်၊ ဒါကြောင့် ဒို့ဗမာနိုင်ငံမှာ နိုင်ငံရေးအမှားတွေ အများ
ကြီးရှိပါတယ်၊ အဲဒီအမှားတွေကိုတော့ ဆက်ပြီးမပြောပါနဲ့တော့၊ ဒီအမှားတွေ ဆက်မမှားကြ
ပဲနဲ့ အဲဒီအမှားတွေကို ရှောင်ကြဉ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထူထောင်ကြဘို့ 
သြ၀ါဒပေးရင်း ငါ့ရဲ့ သြ၀ါဒကထာကို နိဂုံးချုပ်ပါတယ်။

(၁၃၆၄-ခု၊ နယုန်လပြည့်ကျော်(၈)ရက်)
မစိုးရိမ်တိုက်သစ်ကြီးများ၏   ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ  (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

PostHeaderIcon ညီညွတ်မှ တိုးတက်မယ်

အောင်ဆန်းစုကြည်အပါအ၀င် မင်းတို့ ပရိသတ်အားလုံးနားထောင်၊


လူဆိုတာ စည်းကမ်းရှိရပါတယ်၊ စည်းကမ်းရှိမှသာ တိုင်းပြည်တပြည် တိုးတက်
တယ်၊ ဒီအခမ်းအနားမှာ ငြိမ်ငြိမ်နေသင့်တဲ့ အခမ်းအနားဆိုရင် ငြိမ်ငြိမ်ကိုနေရပါ
တယ်။ အပ်ကျသံ ကြားလောက်အောင် ငြိမ်ရပါတယ်၊ အဲဒါမှ စည်းကမ်းရှိတယ်လို့
ခေါ်တယ်၊ စည်းကမ်းရှိတဲ့ လူမျိုးမှ တိုးတက်တယ်။
ကဲ ရှင်အောင်ဆန်းစုကြည် ညည်းလဲ တော်တော်ပင်ပန်းလာပြီ၊ ငါ တိုတိုလေးပြောမယ်၊
ဒို့ဘုရားရှင်က
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါန သာသနီ။ 
ဘုရားရှင်တိုင်း ဆုံးမထားတဲ့ အဆုံးအမရှိတယ်၊
ဝိဝါဒံ= အချင်းချင်းငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း အထင်အမြင်လွဲခြင်း သဘောထားကွဲလွဲခြင်း
ကို၊ ဘယတော- ကြောက်ဖွယ်မအေး ဧရာမဘေးကြီးလို့၊ ဒိသွာ မြင်ကြစမ်းပါ။
အ၀ိဝါဒံ= အချင်းချင်း မငြင်းမခုံ ခိုက်ရန်မဖြစ် သဘောထားတူညီခြင်းကို၊
ခေမတော- ငြိမ်းချမ်းရေးလမ်းစဉ်ကြီးလို့ မြင်ကြစမ်းပါ။
အဲဒီလိုမြင်ပြီး ဘာလုပ်ရမှာလဲ၊ 
သမဂ္ဂါ-ညီညီညွတ်ညွတ် နေကြပါ။ သခိလာ၊ ပြေပြေပြစ်ပြစ် ဆက်ဆံကြပါ။
ဧသာဗုဒ္ဓါနသာသနီ- အဲဒါဟာ ဘုရားရှင်တိုင်းရဲ့အဆုံးအမပဲ။

ညည်းအဖေ ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားတဲ့ စကားရပ်ပါတယ်။

သံဃာတော်အရှင်မြတ်များကို တပည့်တော် အထူးလျှောက်ထားပါရစေ။
တပည့်တော်တို့ မြန်မာနိုင်ငံဟာ မညီညွတ်ပါဘူးဘုရားတဲ့၊
အဲဒါ အရှင်ဘုရားတို့က ညီညွတ်ရေးရအောင် တရားဟောပေးပါဘုရားတဲ့။
ဒါက နံပါတ်(၁)။

နံပါတ်(၂)က တပည့်တော်တို့ ဗမာနိုင်ငံ လူမျိုးတွေဟာ လူအ လူနတွေပါဘုရား၊ အဲဒီ
လူအ လူနတွေကို လူအ လူနဘ၀က လွတ်မြောက်ရေးရသွားအောင် အရှင်မြတ်တို့က
ကူညီပြီး တရားဟောပေးပါဘုရားလို့ ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ
ညည်းအဖေ ဗိုလ်ချုပ်ဆောင်ဆန်းက လျှောက်ထားသွားတဲ့ စကားတရပ်ရှိတယ်၊
အဲဒီ သူလျှောက်ထားသွားတဲ့ အတိုင်းပဲ ညီညွတ်ရေးရမှ တိုင်းပြည်တိုးတက်မယ်။
 
(၁၃၆၄-ခု၊ နယုန်လပြည့်ကျော်(၈)ရက်)
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

PostHeaderIcon မိတ်ဆွေကောင်း

 မိတ်ဆွေကောင်းဆိုတာ ... 
မကောင်းတာ လုပ်မယ်ဆိုရင် ရှောင်ကြဉ်အောင်လို့ တားမြစ်တယ်၊ 
ကောင်းတဲ့ အလုပ်ကျတော့ လုပ်ဖြစ်အောင် တိုက်တွန်းတယ်၊
အဲသလို ပုဂ္ဂိုလ်ကိုသာလျှင် မိတ်ဆွေကောင်းလို့ သတ်မှတ်တယ်လို့
ဘုရားရှင်က ပါထိကဝဂ်မှာ ဟောကြားထားတယ်။ 
အဲဒီ ဘုရားရှင်ဟောကြားထားတဲ့ ဒေသနာအတိုင်း မင်းတို့ အချင်းချင်း ဆုံးမကြဖို့ လိုတယ်။
ငါက စာသင်သားတွေကို ရဟန္တာတွေလို ကောင်းပါတယ်လို့ မချီးကျူးပါဘူး၊ ကောင်းရမယ်
လို့ မဆိုလိုဘူး၊ သို့သော် ပုထုဇဉ် အကောင်းတော့ ကောင်းဖို့လိုတယ်၊ အဲဒါ နောက်ကို မင်းတို့ အချင်းချင်းလဲပဲ မကောင်းတဲ့ လုပ်ငန်းမှန်သမျှ တားမြစ်ပေး၊  ကောင်းတဲ့ လုပ်ငန်း
မှန်သမျှ အချင်းချင်း တိုက်တွန်းပေး၊ အဲသလိုဆိုရင် မင်းတို့ လူတော်
လူကောင်းတွေ ဖြစ်လာမယ်။

မစိုးရိမ်တိုက်သစ်ကြီးများ၏  ပဓာနမဟာနာယကချုပ်ဆရာတော်ကြီ
  ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

၁၃၆၈-ဝါဆိုလကွယ်နေ့

PostHeaderIcon အဆုံးအမများ

 * လမ်းမှန်လျှောက်ရင် စခန်းမှန်ရောက်တယ်၊
* ကားမောင်းရင် လမ်းသိရမယ်၊ မီးနီချိန် မီးဝါချိန် မီးစိမ်းချိန်ဆိုတဲ့ အချိန်သိရမယ်၊ စတီယာ

တိုင်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်ရတယ်၊ အလုပ်ဟာလဲ ထို့တူပဲ။
(ရွှေတောင်ကုန်းဆရာတော်)

* ဝိုင်အမ်ဘီအေအသင်ကြီးမှာ ဆရာတော်တွေ ဦးဆောင်ပြီး အမျိုး ဘာသာ သာသနာ

ပညာ ကဏ္ဍကြီး ၄ ရပ်အတွက် လုပ်ခဲ့ကြတယ်၊ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ခဲ့ကြတယ်၊
အခုဟာလဲ ဒုတိယ YMBA အဖွဲ့ကြီးပဲ။
* အောင်မြင်ချင်ရင် ဦးတည်ချက် တခုထဲထား၊ အောင်စိတ်မွေး။
* ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မြန်မာသမိုင်းမှာ ကြည့်ရင် မွန်လူမျိုး ရှမ်းလူမျိုး ရခိုင်လူမျိုး ကရင်

လူမျိုး တွေဟာ အမျိုးကို ထိမ်းနိုင်ကြလို့ အခုထိ ရှိပေမယ့် ပေါ့ပေါ့ဆဆနေခဲ့ကြလို့ လျှမ်း
လျှမ်းတောက် ထင်ရှားခဲ့တဲ့ ပျူလူမျိုး အခု ရှာမရတော့ဘူး။
* သင်ရုံလေးနဲ့ မပြီးဘူး၊ သင်သာသင်ပြီး မစောင့်ရှောက်နိုင်ခဲ့ကြလို့ သံဃာတသောင်းကျော် ပညာသင်ကြားပေးခဲ့တဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပျက်စီးခဲ့ရဖူးတယ်။
(တိပိဋက ဦးသီလက္ခန္ဓာဘိဝံသ)

PostHeaderIcon အဆုံးအမ သြဝါဒ


* လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် တာဝန်မကြေရာ ရောက်မယ်၊ မျက်ကွယ်ပြုရာရောက်
မယ်။
 * ကိုယ့်ကျေးဇူးရှင်တွေအတွက် လောကီကိစ္စတွေမှာ ပါဝင်ပေးတာဟာ ဘုရားရှင်လမ်းစဉ်ကို

လိုက်တာပါ၊ ဘုရားရှင်ဟာ လောကအကျိုးကိစ္စ အမျိုးသားအကျိုးကိစ္စ အသိပေးရေးကိစ္စ
တွေ လုပ်ခဲ့တယ်၊၊ ရောဟဏီမြစ်ရေအတွက် တိုက်ပွဲငြိမ်းချမ်းရေးတရား ဟောပေးခဲ့တယ်၊
လောက ငြိမ်းချမ်းရေးအတွက် မေတ္တာထားပုံ နည်းလမ်း ဆင်းရဲသူနဲ့ တွေ့ရင်သနားရမယ့်
နည်းလမ်း၊ ချမ်းသာသူနဲ့တွေ့ရင် ၀မ်းမြောက်ရမယ့် နည်းလမ်း၊ အများနဲ့ ဆက်ဆံတဲ့နေရာ
မှာ တည်တည် ငြိမ်ငြိမ် ဆက်ဆံပုံ နည်းလမ်းတွေကို ချပြခဲ့တယ်၊ အိမ်တွင်းရေး မတည်ငြိမ်
ကြတော့ လင်ကျင့်ဝတ် မယားကျင့်ဝတ်တွေ ချပြခဲ့တယ်၊
အတွင်းကျကျ ပြောရရင် ကလေးမမွေးနိုင်ဖြစ်နေတော့ အင်္ဂုလိမာလသုတ်ကို ရွတ်ဖို့ မိန့်
မှာခဲ့တယ်။
 

* အဲဒီလို လောကကြောင်း ဓမ္မကြောင်းတင်မက သမိုင်းကြောင်းလဲရှိသေးတယ်၊ လက်ထပ်
ခန်းနဲ့ ပတ်သက်လို့ ရှေးခေတ်က ဓမ္မသတ်ကျမ်းတွေရေးတဲ့နေရာမှာ ဘုန်းကြီးတွေက ခေါင်း
ဆောင်ခဲ့တယ်၊ ပုဂံခေတ်မှာ အရှင်သာရိပုတြာဆိုတဲ့ ဆရာတော်ခေါင်းဆောင်ပြီး ဓမ္မဝိလာသိ
နီဆိုတဲ့ ဓမ္မသတ်ကျမ်းကို ရေးပေးခဲ့တယ်။
 * ဘာသာအားလုံးနဲ့ ကြည့်ရင် တခြားဘာသာတွေမှာလဲ လောကီကိစ္စတွေမှာ ဘာသာရေး

ခေါင်းဆောင်တွေ ပါဝင်လို့ ပိုအောင်မြင်နေတယ်။
 

* ဥပဒေဘောင်ရှိမှ အန္တရာယ်ကင်းတယ်၊ စည်းတွင်းမှာနေမှ ရန်ကင်းတယ်၊ စည်းကမ်းကို
ကျော်ရင်တော့ ရန်များတယ်။
* ကိုယ့်ဘာသာ ကိုယ်လူမျိုးကို သူများဘာသာ သူများလူမျိုးလောက်တောင် အဆင့်အတန်း မထားနိုင်တဲ့သူဟာ ကိုယ်ရဲ့ဘာသာနဲ့ လူမျိုးကို ပျက်စီးအောင် လုပ်နေတာပဲ။
* လူတယောက် အဖွဲ့တဖွဲ့ နိုင်ငံတနိုင်ငံဟာ ပျက်စီးချိန် ရောက်ရင် လမ်းမှားကို လမ်းမှန်လို့ ထင်ပြီး လျှောက်တတ်ကြတယ်။ 

( ဘဒ္ဒန္တတိလောကာဘိဝံသ၊ အင်းစိန် ရွာမဆရာတော်)

PostHeaderIcon ရှေးခေတ်မြန်မာ ပုံရိပ်လွှာ

စက်ဘီးလေးနဲ့ ရှေးခေတ် မြန်မာ လှပျိုဖြူ

ပိုးထည်စတဲ့ ပြည်တွင်းဖြစ်များနဲ့ ဆင်ယင်ထားတဲ့ ရှေးမြန်မာ လျပျိုဖြူ

Thursday, June 27, 2013

PostHeaderIcon ရှေးခေတ် မြန်မာ ပုံရိပ်လွှာ

 ရှေးခေတ် ပုံရိပ်လေးများကို ဗဟုသုတ အမှတ်တရအဖြစ် သိမ်းဆည်းချင်တဲ့ ဆန္ဒနဲ့
ဂေါဝိန်ဆိပ်ကမ်း

   
1900 ခုနှစ်က ရန်ကုန်တွင် နေကြတဲ့ ဂျပန်အမျိုးသမီးများ

ရှေးမြန်မာ မိန်းခလေးများ၏ လှပ ယဉ်ကျေးလှတဲ့ ဆင်ယင်ဆုံးဖွဲ့မှု


ကနောင်မင်းသားကြီး

စိန်ကို ချစ်လှ၍ မစိန်ချစ်ဟု အမည်တွင်တဲ့ မြန်မာ့သမီးပျို

ပါတော်မူပုံ



မင်းတုန်းမင်း၏ သမီးတော်တပါး ဈာပန ရွှေ ငွေထီးများမိုး၍ချ

ရှေ့ကွဲထမီ ပုသိမ်ထီးနဲ့ ခေတ်ဆန်နေတဲ့ ရှေးမြန်မာအမျိုးသမီး
အခုမှ ကွဲကြသည်မဟုတ် ရှေးကလဲ ကွဲခဲ့ကြ၊ နောက်ပြန်တယ် ဆိုမလား?

ရှေးခေတ် လှည်းယဉ်

သီပေါမင်း၏ ရတနာဂီရိမှ စံအိမ်တော်

သီပေါမင်း၏ လှေတော်ကြီး

ရှေးခေတ် ဆင်ယင်ဆုံးဖွဲ့မှုနဲ့ ဆေးပေါ့လိပ်ကိုင် စတိုင်ထုတ်နေပုံ

ရှေးမြန်မာမင်း လက်ထက် နန်းတွင်း လူကြီးများ လာက ကြိုဆို တင်ဆက်ရန်

ရှေးခေတ် မောင်မယ်တို့၏ ဝတ်စားဆင်မှု

မန်း ရွှေကျောင်းတော်

သီပေါမင်း၏ ကိုယ်ရံတော်တပ်ဖွဲ့

PostHeaderIcon ညီညွတ်မှ တိုးတက်မယ်


ညီညွတ်မှ တိုးတက်မယ်
+++++++++++++++

ဘုရားရှင်က တိုင်းပြည် တိုးတက်ဖို့အတွက် အသင်းအဖွဲ့တွေ တိုးတက်ဖို့အတွက်
ဟောကြားခဲ့တဲ့ တရားတော်တွေကို မှီငြမ်းပြုပြီးတော့ မဃဒေ၀လင်္ကာမှာ ဆရာတော်ကြီးက
 “မင်းနှင့်ပြည်သူ၊ ရှင်လူဒကာ၊ 
ပွင့်လင်းသာလျှက်၊
 မေတ္တာမပျက်၊ စောင့်ရှောက်ဖက်မှ၊ 
တိုးတက်ကြီးပွား၊ 
ချမ်းသာများလိမ့်”တဲ့
 နိုင်ငံတစ်နိုင်ငံမှာဆိုရင် အုပ်ချုပ်တဲ့ ရှင်ဘုရင် အစိုးရပုဂ္ဂိုလ်တွေနဲ့ ပြည်သူဆိုတဲ့ အုပ်ချုပ်ခံ
လူတန်းစား အဲဒီနှစ်ဦး မေတ္တာမပျက်မှ ကြီးပွားတိုးတက်တယ်တဲ့။ ဘာသာရေးမှာလည်း
ရှင်လူဒကာ ပွင့်လင်းသာလျှက်”တဲ့ ကျောင်းထိုင်ဆရာတော်တွေ၊ လူဒကာ ဒကာမတွေဟာ
“မေတ္တာမပျက်၊ စောင့်ရှောက်ဖက်မှ၊ တိုးတက်ကြီးပွား၊ ချမ်းသာများလိမ့်”လို့
မန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ ဆုံးမထားတယ်။

ဒီလင်္ကာအဆုံးအမအတိုင်းပဲ ဒကာဒကာမနဲ့ သီတင်းသုံးမယ့်ဘုန်းကြီးများ မေတ္တာမပျက်ပဲနဲ့
သာသနာပြုသွားကြဖို့ အရေးကြီးတယ်။ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ ကမ္ဘာအရပ်ရပ်
နေရာအရပ်ရပ်မှာ နေကြတာရှိတယ်။ များသောအားဖြင့် မြန်မာတွေက မတည့်တာ
များတယ်။ အဲဒါအတော်စိတ်ပျက်စရာကောင်းတယ်။ တစ်နိုင်ငံမှာ တစ်ယောက်တည်း
ရှိရင်တော့ တည့်မှာပေါ့။ နှစ်ယောက်လောက်ရှိရင် မတည့်တော့ဘူး။ နောင်ဆိုရင်
တစ်ယောက်တည်းကိုပဲ ကိုယ့်အရိပ်နဲ့ ကိုယ် ရန်ဖြစ်ကြမလားမသိဘူး။ မြန်မာတွေမှာ 
အဲဒီအကျင့် လေးတွေရှိနေတယ်။ အဲဒါကိုဖျောက်ဖို့လိုတယ်။

ဘယ်နိုင်ငံရောက်ရောက် ဘာသာရေးအသင်းအဖွဲ့လေးတွေ တစ်ဦးနဲ့တစ်ဦး သဘောထား
မတိုက်ဆိုင်တာလေးတွေကို အကြောင်းပြုပြီးတော့ မညီမညွတ်ဖြစ်နေတာကများတယ်။ ပြီး
တော့ ဘုန်းကြီးတွေရော ဒကာဒကာမတွေရောကို မဃဒေ၀ဆရာတော်ကြီးက ဆက်ပြီး
ဆုံးမထားတယ်။
“သူ၏ဆရာ၊ ငါ့ဆရာဟု၊ 
တဏှာ ရောယှက်၊ မာနတက်၍၊
သူ့ဘက် ငါ့ဘက်၊ တီးလျှက် ဆော်ရိုက်၊
နွားကို တိုက်သို့၊ 
အမိုက်ပွဲခံ၊ ပါပကံဖြင့်၊
အုန်းညံ ၀ိုင်းညာ၊ ပြုကြရာဝယ်၊ 
ဆရာကြွက်ဖျင်း၊ပညာကင်းသို့၊ 
အတင်းစောင်၍၊ နွားနှယ်ဝှေ့၏” တဲ့။
ဆရာတော်ကြီးက သာသနာမှာ ဒကာဒကာမနဲ့ ဘုန်းကြီးတွေ ဖြစ်တတ်တဲ့ဟာကို 
ရေးသားပြီးတော့ ဆုံးမသွားတာ။ သူ့ဆရာ ငါ့ဆရာဆိုပြီးတော့ ဒကာဒကာမတွေက
 မြှောက်ပေးတာနဲ့ ဘုန်းကြီးတွေ ရန်ဖြစ်ကြတာပေါ့။ အဓိက ဒါပါပဲ။ ဒီတော့ သံဃာတော်
အရှင်မြတ်များကလည်း ဒကာဒကာမတွေ မြှောက်ပေးတိုင်း ရန်မဖြစ်ဖို့ လိုတယ်။
 အေး ဒကာဒကာမတွေကလည်း သံဃာတော်တွေ ရန်ဖြစ်အောင် မမြှောက်ကြဖို့လိုတယ်။ ဒကာဒကာမတွေကလည်းမြှောက်ပေးပုံရပါတယ် အမေရိကန်မှာ ရောက်ခဲ့တဲ့နေရာ
အတော်များများမှာ ဒါလေးတွေတွေ့နေရတယ်။ အချင်းချင်း ညီညီညွတ်ညွတ်နေမှသာ
တိုးတက်တယ်။ မညီညွတ်ဘူးဆိုလို့ရှိရင် ဘယ်နည်းနဲ့မှ မတိုးတက်ဘူး။

မစိုးရိမ်တိုက်သစ်ကြီးများ၏  ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...