သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, November 12, 2013

PostHeaderIcon မိဘကျေးဇူး (သို့) လောကကို မြင်စေသူ,ညွှန်ပြသူ



မိဘကျေးဇူး (သို့) လောကကို သိမြင်စေသူ,ညွှန်ပြသူ
*************************************
မိဘတို့ရဲ့ကျေးဇူးတရားဆိုတာ အင်မတန် များပြားလှတဲ့အတွက် မြင့်မိုရ်တောင်နဲ့ပင် ခိုင်း
နှိုင်းပြီး တင်စား ပြောဆိုကြတာဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ထုံးစံပင်ဖြစ်တယ်။
ဒါကိုပင် အသိဉာဏ်နည်းကြ မကောင်းတဲ့ အပေါင်းအသင်းများနဲ့ ပေါင်းမိကြပြီး
`သူတို့ဘာသာ မနေနိုင် မထိုင်နိုင် ကမြင်းကြလို့ တို့ ဖြစ်လာတာပါလို့’ ပြောရဲတဲ့ သူတွေကို
လည်း ကြားခဲ့ ကြုံခဲ့ဖူးတယ်။ အဲဒီလို ပြောတဲ့သူများကိုလည်း တတ်နိုင်သလောက်တော့
ပြောပြခဲ့ပါတယ်။ အသိဝင်သွားပြီး စဉ်းစားလာတတ်ကြရင်တော့ ပြင်သွားနိုင်မယ်
ထင်ပါတယ်။

အဇာတသတ်မင်းလို ကိုယ်တိုင် သားသမီးတွေ ရလာတာတောင်မှ မိဘတို့ရဲ့စေတနာ
မေတ္တာ ကျေးဇူးတွေကို နားမလည်သေးဘူးဆိုရင် အင်မတန်မှ အသိတရားခေါင်းပါးနေတယ်
ဆိုတာ ပြောဖို့ပင် မလိုတော့ပါ။ တိရစ္ဆာန်လေးတွေကိုပင် ကြည့်ရင် သိနိုင်တဲ့ မိဘမေတ္တာကို
ကိုယ်တိုင် မိဘနေရာ ရောက်နေလျှက်နဲ့ မသိကြသေးဘူးပဲ စော်ကားပြစ်မှားမှုများ၊ နှုတ်လှန်
စကားထိုးမှုများ လုပ်နေကြတဲ့ သားသမီးတို့ရဲ့ရှေ့ရေးဟာ မတွေးဝံ့စရာပါပဲ။
ဒါ သတ္တဝါတဦးတယောက်အနေနဲ့ သနားမိလို့ ပြောတာပါ။ ခလုပ်ထိရင် အမိ တ,တတ်တဲ့
မြန်မာတို့ စိတ်ဓာတ်ဟာ မိဘများကို အားကိုးအားထား ပြုတယ်။ ယုံကြည်တယ်။
အလေးအမြတ်ထားပြီး ကိုးကွယ်တယ်ဆိုတဲ့ သဘောပါပဲ။ ဒီလို တ,ကြတာဟာ မိဘတို့မှာ
မမြင်နိုင် မဆုံးနိုင်တဲ့ ဂုဏ်သတ္တိတွေ ဂုဏ်ကျေးဇူးတွေ ရှိနေလို့ပဲဖြစ်တယ်။

ဒီကျေးဇူးဂုဏ်တွေကို မဆပ်မိရင်တောင်မှ မပြစ်မှားမိကြဖို့က ပိုအရေးကြီးပါတယ်။ မဆပ်ပဲ
ဝေးဝေးကင်းကင်းနေကြရင်လည်း လက်ရှိပစ္စုပ္ပန်မှာ လူ့ပတ်ဝန်းကျင်က ကဲ့ရဲ့မှုဒဏ်၊
နောင်တရခြင်းဆိုတဲ့ ပူပင်သောက ယူကြုံးမရဖြစ်ကြရမယ့် ဒဏ်၊ လုပ်ကိုင်စားသောက်မှု
စသည်တို့မှာ အခက်အခဲဒုက္ခတွေနဲ့ ကြုံရပြီး ဘယ်လိုမှ အဆင်ပြေစေမှာ မဟုတ်တဲ့ ဒဏ်၊
နောင်သံသရာ ဘဝတွေမှာလည်း ဝဋ်ပြန်လည်ပြီး ကိုယ့်သားသမီးတို့ရဲ့ပစ်ပယ်ခံရမှုဒဏ်နဲ့
မကောင်းကျိုးတွေက ဒီ အတိုင်း လွှတ်ပေးထားမှာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း ဆရာ့ဆရာတော်ကြီးများက
`မိဘနှစ်ဖြာ၊ ရှိနေပါလည်း၊
ကျေးဇူး မသိ၊ မဆပ်မိက
တသက်လုံးလုံး၊ လူဖြစ်ရှုံး၏။”
လို့ သတိပေး ဆုံးမတော်မူခဲ့ကြပါတယ်။ မိဘများ သက်ရှိထင်ရှား ရှိနေပါလျက်နဲ့ မိဘ
ကျေးဇူး မသိတဲ့အတွက် မဆပ်ပဲ နေမိကြပြီး လူ့ဘဝ တလျှောက်လုံး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်
ကြုံတွေ့ကြမှာကို စိုးမိပြီး သနားတော်မူကြလို့ သတိပေး ဆုံးမခြင်းပဲဖြစ်တယ်။ လူ့ဘဝမှာ
လုပ်သမျှ အဆင်မပြေမှုတွေနဲ့ပဲ ကြုံနေရရင် လူဖြစ်ရှုံးတော့တာပဲပေါ့။ လူ့ဘဝရဲ့အဓိပ္ပာယ်နဲ့
တန်ဘိုးဆိုတာကို ဖော်ဆောင်ဖို့ အကောင်အထည်ဖော်ဖို့ မလွယ်တော့ဘူးလေ။
အဲဒါကြောင့် မိဘများကို အနီးနားမှာနေတဲ့ သားသမီးများကလည်း မိဘတွေရဲ့သက်ရှိ
အချိန်နဲ့ ဘဝနေညိုလာချိန်လေးမှာ အတတ်နိုင်ဆုံး စိတ်နှလုံး ချမ်းမြေ့ဖွယ် ဖြစ်နေအောင်
ပြုစုစောင့်ရှောက်ပေးသင့်ကြတယ်။ အဝေးမှာ နေကြရင်လည်း အခါကြီးရက်ကြီးနဲ့ အလုပ်
အားလပ်သည့် နေ့များမှာ မိဘများ ကြိုက်နှစ်သက်ပြီး သင့်တော်တဲ့ စားသောက်ဖွယ်ရာ
များ၊ ဆေးဝါး ဓာတ်စာများ၊ အဝတ်အထည်များဖြင့်ဖြစ်စေ၊ မိဘများ လိုအပ်တာ သုံးစွဲဖို့နဲ့
ပေးကမ်း လှူဒါန်းလို့ရအောင် ငွေကြေးများကို တတ်စွမ်းသမျှ လာရောက်၍ လှူဒါန်း ပူဇော် ကန်တော့တာမျိုးများပြုလုပ်သင့်ကြတယ်။

မာန်လည်ဆရာတော်ကြီးကလည်း မဃဒေဝလင်္ကာမှာ…
လူ့ဘုံဌာန၊ ဤလောက၌၊
ဖ,ကို လက်ယာ၊ မိ,ကို လက်ဝဲ၊
အမြဲဆောင်ရွက်၊ ပခုံးထက်သို့၊
တင်လျှက် လုပ်ကျွေး၊ မပြတ်မွေးလည်း၊
ကျေးဇူး ဂုဏ်ဆိုင်၊ မကုန်နိုင်ဘူး။”လို့
မိဘတို့ရဲ့ကျေးဇူးကြီးမားပုံအကြောင်း ဗုဒ္ဓရှင်တော်မြတ် ဟောကြားခဲ့တာကို မြန်မာလို နား
လည်လွယ်အောင် ပြန်လည် စပ်ဆိုပြီး ဆုံးမတော်မူခဲ့တယ်။ မိခင်ရဲ့ဝမ်းဗိုက်တွင်းမှာထဲက
သားသမီးကို ထိခိုက် ပျစ်စီးမှာစိုးလို့ စားချင်တာမစားရ၊ သွားချင်တာမသွားရ၊ နေချင်သလို
မနေရ၊ သားသမီးကို မမြင်ရခင်ထဲက မေတ္တာဓာတ်နဲ့ ရှောင်ကြဉ်နေကြရတာ အဲဒီမှာထဲက
ကျေးဇူးတွေက မနည်းတော့ဘူး။ ကမြင်းကျော ထချင်ရင် အဲဒီအချိန်ထဲက တနည်းနည်းနဲ့
ထုတ်ပစ်လိုက်ပြီပေါ့ နော်။ စဉ်းစားကြည့်ပါ။

လူ့ဘဝမှာ မျက်စိနား ခြေလက် စတဲ့ အင်္ဂါရပ်တွေ ချို့ယွင်း မလာပဲ ကောင်းကောင်းမွန်မွန်
စုံစုံလင်လင်နဲ့ ဘဝထဲကို ရောက်လာအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး မွေးပေးခဲ့ကြတဲ့
ကျေးဇူးနဲ့တင် ကျေးဇူးထုထည်ကြီးက မနည်းလှပါဘူး။ မိဘနေရာ ရောက်နေသူတွေက
ပိုသိမှာပါ။ သိပြီဆိုတာနဲ့ ကိုယ့်မိဘကို ပြေးမြင်လိုက်ပါ။

လူ့လောကကြီးထဲကို ရောက်လာပြန်တော့လည်း`ပုဗ္ဗာစရိယ၊ မိနှင့်ဖ” မိဘနှစ်ဖြာ၊
မြတ်ဗြဟ္မာ”ဆိုတဲ့ အတိုင်းပဲလေ။ ဗြဟ္မာကြီးတို့ရဲ့စိတ်ဓာတ်ဖြစ်တဲ့ မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရတရားလေးပါးနဲ့ (ဗြဟ္မစိုရ်တရား မဟုတ်ဘူးနော်။ သုံးနေကြပေမဲ့
ဘုရားဟောပါဠိများမှာ အဲဒီလို မရှိပါဘူး။) အလိုလို ပြည့်စုံနေကြတဲ့ မိဘတို့ဟာ သားသမီး များကို မွေးလာထဲက လေးဘက်သွားတတ်အောင် လမ်းလျှောက်တတ်အောင် တီတီတာတာ
ပြောဆိုတတ်အောင်က စပြီး သင်ပြ ပေးလာခဲ့ကြတဲ့ လက်ဦးဆရာများ။ သားသမီးတို့ရဲ့
ချီးသေးက အစ မရွံမရှာ သန့်ရှင်းပြုစုပေးခဲ့ကြ၊ ကြီးလာလို့ အမျိုးမျိုးအဖုံဖုံ ဆိုးနွဲ့မှု ပူဆာမှု
များကို မငြူမစူ ပင်ပန်းသည် မရှိပဲ ဖန်တီး လုပ်ကိုင် ဖြည့်ဆည်းပေးခဲ့တဲ့ ဗြဟ္မာများနော်။

နောက်ပြီး လောကဿ ဒေဿတာရော…ကြီးလာတော့လည်း လောကကြီးကို အဘက်ဘက်
ကနေ မြင်တတ် ကြည့်တတ်အောင်၊ ပညာတွေ သင်စေတယ်။ ဆုံးမပေးရင်း သင်ပေးတယ်။
ပေါင်းသင်း ဆက်ဆံတတ်၊ စီးပွားရှာတတ်အောင်၊ လမ်းညွှန်ပြပေးတယ်။ ဒီနေ့လို နည်းပညာ
တွေ ထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ မိဘများဟာ သားသမီးတို့အတွက် ကျယ်ပြောလှတဲ့
လောက ပင်လယ်ကြီးထဲကနေ ရတနာမျိုးစုံ ဖြစ်တဲ့ ပညာရပ်တွေ၊ နည်းပညာတွေ၊
အင်တာနက် အွန်လိုင်း ကွန်ယက်တွေနဲ့ပါ သင်ယူလေ့လာလို့ မကုန်နိုင်အောင် ပိုမို၍
သင်ယူနိုင်ရန် ပြသ လမ်းညွှန်ပေးကြရင်း လောကကြီးကို မြင်တတ် ကြည့်တတ် ပေါင်းသင်း
ဆက်ဆံတတ်အောင် သင်ပြနေကြပါတယ်။

ဒီလို ကျယ်ဝန်းလှတဲ့ လောကကြီးထဲက မျိုးစုံလှတဲ့ လူတွေနဲ့ နည်းပညာရပ်တွေကို တွေ့ကြုံ
ပေါင်းသင်းရာ၊ သင်ယူရာမှာ အကောင်းနဲ့အဆိုး၊ မိမိနဲ့ သူတပါးအတွက် အကျိုးရှိစေတာနဲ့
အကျိုးယုတ်စေတာများကို ခွဲခြား နားလည်း ဝေဘန် သုံးသပ် ပြီးမှ ယူသင့်တာကိုယူ၊ ပယ်
သင့်တာကို ပယ်။ ရှောင်သင့်တာကို ရှောင်တတ်အောင်တမျိုး၊  မျက်စိဖွင့်၊ နားကို စွင့်ပြီး
အဝေးကိုလည်း ကြည့်၊ အမြင့်ဆုံးရောက်အောင်လည်း ကြည့်တတ်အောင်၊ အဆင့်မြင့်မြင့်
မြင်တတ် ကြည့်တတ် တွေးခေါ်တတ်အောင်လည်း တဖုံ၊ အမျိုးမျိုးအဖုံဖုံ ဘက်စုံ ပြည့်စုံ
တော်နေအောင် သင်ပြ လမ်းညွန်ပေးနေကြတာပဲဖြစ်တယ်။
ဒါတွေဟာ ဖြစ်စေချင်တဲ့ မိဘတို့ရဲ့ နှိုင်းတုစရာမရှိအောင် ကြီးမားလှပြီး ဆပ်မကုန်နိုင်တဲ့
ကျေးဇူးများပါပဲ။ ဖြစ်မဖြစ်ဆိုတာကတော့ သားသမီးတို့ရဲ့ပါရမီအနုအရင့်ရယ်၊ ဘဝကံက
ပေးလာတဲ့ အကြောင်းနဲ့ ကြိုးစားမှုများ အပေါ်မှာ မူတည်တာပဲပေါ့နော်။
အဲဒီလို လောကကြီးထဲမှာ ကျင်လည်တတ်အောင် မြင်တတ် ကြည့်တတ်အောင် ညွှန်ပြပေး
သင်ပေးတတ်တဲ့ မိဘများပါ။ ကိုယ်တိုင် မိဘနေရာ ရောက်လာရင်လဲ ဒီလိုပဲ သင်ပြပေးနိုင်
တဲ့ မိဘများ ဖြစ်ရပါလိမ့်မယ်။

ဒါက မျက်မြင် လောက (လောကီ) အကြောင်းတွေကို သင်ပြပေးခြင်းပဲဖြစ်တယ်။
လောကုတ္တရာ ဓမ္မလမ်းကြောင်းဖြစ်တဲ့ ဘာသာတရားကိုလည်း မှန်ကန်စွာ တွေးမြင်
ခံယူတတ်ပြီး အပြစ်ကင်းစွာနဲ့ လျှောက်တတ်အောင် လုပ်တတ်အောင်၊ အကုသိုလ်
အဖြစ်နည်းပြီး ကုသိုလ်များများဖြစ်အောင်၊ သင်ပြပေးကြရပါတယ်။

ဒါတွေကတော့ သိကြပြီးသား မင်္ဂလာတရားတော်များဖြစ်တဲ့ လူမိုက်ကို မပေါင်းမိဖို့၊
လူလိမ်မာများနဲ့ ပေါင်းမိဖို့၊ လူကြီးသူမများ ဆရာသမား မိဘများကို လေးစားတတ်
ပူဇော်တတ်အောင်၊ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်တတ်အောင်၊ အပေါင်းအသင်း
များထံမှ ကောင်းမွန်တဲ့ အတွေးအကြံများနဲ့ တိုးတက်စေမယ့် အတုများ ယူတတ်
အောင်၊ ပတ်ဝန်းကျင်တခုလုံးဟာ ကိုယ့်ရဲ့သင်ဆရာ မြင်ဆရာအဖြစ် သဘောထားပြီး
ဘဝသင်ခန်းစာများအဖြစ်နဲ့ ယူသင့်တာကို ယူမှတ်ထား၊ ပယ်ရမယ့်ဟာကို အသိအတွေး
ထဲကနေ ပယ်ထုတ်တတ်အောင်၊

ဘဝတခုရဲ့အနိမ့်အမြင့်လောကဓံများနဲ့ ကြုံလာခဲ့ရင်လည်း ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းတတ်
အောင်၊ စတာတွေနဲ့ သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များကို ကျင့်သုံးတတ်အောင်က
အစ နောက်ဆုံး သဘာဝတရားများကို မှန်မှန်ကန်ကန် မြင်သိတတ်ပြီး လောကီပညာတွေနဲ့
မသိနိုင် မရှာဖွေနိုင်တဲ့ လောကရဲ့အမှန်တရားများကို သိမြင်ပြီး အေးချမ်းစွာနဲ့ နေထိုင်သွား
တတ်အောင်အထိ သင်ပြပေးကြရသည်သာဖြစ်တယ်။

ဒီအတွက်ကတော့ ဓမ္မရေးရာမှာ မှန်မှန်ကန်ကန် သိမြင် တွေးယူနိုင်တဲ့ ဆရာကောင်း
မိတ်ဆွေကောင်းဆိုတဲ့ ကလျာမိတ္တက အရေးကြီးလာပါတယ်။ အဲဒီမိတ်ဆွေကောင်းကို
ရမှ အမှန်အတိုင်း သိမြင်နိုင်မှာပါ။ ဒါကလည်း တွေ့တိုင်း ပြောတိုင်းကို အရမ်း မယုံမိစေပဲ
ကာလာမသုတ်တော်နဲ့ မဟာပဒေသတရားကြီးများကို လက်ကိုင်ထားပြီး ဆင်ခြင်တွေး
တော စူးစမ်းမယ်ဆိုရင် မခဲယဉ်းလှပါဘူး။ သင်ယူမှုသာလျှင် အဓိကပဲဖြစ်ပါတယ်။ လေ့လာ
သင်ယူရင်း အတတ်ပညာဆိုတာ တတ်မြောက်ပြီး ရင့်သန်လာကြတာပဲဖြစ်ပါတယ်။
လေ့လာသင်ယူရင်းနဲ့ လောက (လောကီ)တရားများကို ကျော်လွန်ပြီး သိနိုင် မြင်နိုင်တဲ့
လောကုတ္တရာတရားများကို လေ့လာရင်းနဲ့ သိမြင်လာမှာပဲဖြစ်တယ်။ အဲဒါ ပါရမီပါပဲ။

အဲဒီလို သင်ပြပေးနိုင်တဲ့အတွက် မိဘများဟာ လောက ဒေဿတာရ… သားသမီးတို့ရဲ့
လောကလမ်းပြ၊ လောကကြီးကို မြင်စေသူ၊ လောကကြီး ကျော်လွန်ပြီးတော့ မြင်စေတဲ့သူ
များဖြစ်ပါတယ်။ ဖြစ်အောင်လည်း ကြိုးစားရမှာပဲဖြစ်တယ်။ ဒါမှ ပစ္စုပ္ပန် လောက၊ တမလွန်
လောကဆိုတဲ့ လောကရဲ့တာဝန်ကျေပြွန်သူဖြစ်သလို မိဘတာဝန်ပါ ကျေပြွန်သူများ ဖြစ်ပါ
လိမ့်မယ်။ ကိုယ်တိုင် မိဘနေရာ ရောက်ရင်လည်း ဒီတာဝန်များကို ကျေပြွန်ကြရပါ
လိမ့်မယ်။

ဒီလို များပြားလှတဲ့ မိဘတို့ရဲ့ကျေးဇူးတရားများကို လောကီနည်းဖြစ်တဲ့ ပစ္စည်းဥစ္စာ အစား
အစာ အဝတ်အထည်တွေ ဘယ်လောက်များများဖြင့် ကျေးဇူးဆပ် တုန့်ပြန်ရုံဖြင့် ကျေးဇူး
တရားက များလွန်းလို့ ဆပ်၍ မကုန်နိုင်ပါ။ မြတ်ဗုဒ္ဓကလည်း ဒီကျေးဇူးများကို ဆပ်ဖို့
မလွယ်ဘူးလို့ ဟောခဲ့ပါတယ်။ ဆပ်လို့ မကျေနိုင်ဘူးလို့တော့ မဟောခဲ့ပါဘူး။ ကျေအောင်
ဆပ်တဲ့နည်း ရှိပါတယ်။ အဲဒါကတော့ လောကုတ္တရာနည်းနဲ့ ဆပ်မယ်ဆိုရင် ကျေတယ်လို့
ဟောခဲ့ခြင်းပဲဖြစ်တယ်။

အဲဒါတွေကတော့… ၁။ သဒ္ဓါတရား အားနည်းနေပြီး ရတနာသုံးပါး ကံကံရဲ့အကျိုး
တရားများကို မယုံကြည်ဖြစ်နေတဲ့ မိဘများကို ရတနာသုံးပါးသည်သာ ကိုးကွယ်ရာ
အစစ်အမှန်ဖြစ်ကြောင်း၊ ကုသိုလ်အကုသိုလ်ကံတို့ရဲ့အကျိုးပေးမှုတွေ အမှန်တကယ်
ရှိကြောင်း ယုံကြည်အောင် ပြောပေး လုပ်ဆောင်ပေးရမယ်။

၂။ သီလထိန်းသိမ်းမှု မရှိတဲ့ မိဘများကို ဥပုသ်ဇရပ် ဘုရားကျောင်းကန်တို့ကို သွားစေ၍
ဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ သီလဆောက်တည်စေပြီး သီလမရှိရင် နောင်သံသရာမှာ
အနာရောဂါ ပိုများကြောင်း သိအောင်၊ ဘဝအဆက်ဆက် အထက်တန်းကျကျ နေနိုင်
အောင်၊ ဆင်းရဲတို့ အေးချမ်းရာ နိဗ္ဗာန်ကို ရောက်နိုင်ဖို့ သီလဆိုတဲ့ လှေခါးက တောင့်
တင်းခိုင်မာနေမှ တက်သွားလို့ ရနိုင်မယ်ဆိုတဲ့ ဥပုသ်စောင့်ချင်စိတ်များ ဖြစ်လာစေ
အောင် နှိုးဆော်ပေးရမယ်။

၃။ သူတပါးကို မပေးချင်မကမ်းချင် မလှူချင်နဲ့ နှမြောတွန့်တိုစိတ် ဖြစ်နေတဲ့ မိဘများကို
ကိုယ်စီးပွား ထိခိုင်လောက်အောင် မဟုတ်ပဲ တတ်နိုင်သမျှ မေတ္တာစေတနာနဲ့ ပေးကမ်း
လှူဒါန်းခြင်းဟာ ကိုယ်ပြန်ရတဲ့အကြောင်း၊ ပေးကမ်းခြင်းဟာ လူနတ်တို့ ချစ်ဆေးဖြစ်ပြီး
ကိုယ့်သြဇာညောင်းတဲ့ အကြောင်းနဲ့ နောင်ဘဝတွေမှာလဲ ချမ်းသာဖို့ အရင်းအနှီးဖြစ်တဲ့ အကြောင်း ပေးကမ်းချင်အောင် ပြောပြ၊ ငွေကြေးပေးပြီး လှူဒါန်းစေရမယ်။

၎။ ပညာအားနည်းတဲ့ မိဘများကို တရားတိတ်ခွေများ နားထောင်စေခြင်း၊ ဘာသာရေး
အသိများ ဖြစ်စေအောင် တရားထိုင်ဖို့ တိုက်တွန်းပေးခြင်း၊ လောကုတ္တရာ ပညာအသိများ
ဖြစ်အောင် တရားစာများဖတ်စေခြင်း၊ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်တဲ့ သမာဓိ
တရားနဲ့ ဝိပဿနာ အသိဉာဏ်ပညာများ တိုးပွားစေမယ့် လုပ်ငန်းများ လုပ်ဖြစ်အောင်
တိုက်တွန်းပေးခြင်းဖြင့် ဒီလို လက်ရှိ ခံစားနေရတဲ့ ဆင်းရဲဒုက္ခမျိုးစုံကနေ လွတ်မြောက်
နိုင်တဲ့လမ်း- ဘုံဘဝကို ရောက်နိုင်တဲ့အကြောင်းများကို အမှန်တရား သစ္စာများကို
သိမြင် အားထုတ်နိုင်အောင် တိုက်တွန်းပေးခြင်း၊ လုပ်ဆောင်ပေးခြင်းဖြင့် မိဘတို့ရဲ့
ကျေးဇူးများကို ကျေအောင် ဆပ်နိုင်ကြပါတယ်။

ဒီလို လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်ခြင်းဖြင့် မိဘတို့မှာ ရတနာသုံးပါးသို့ အာရုံများ
ရောက်နေပြီး သားသမီး မြေးမြစ်တို့နဲ့ ပစ္စည်းများအပေါ်တွင် အာရုံထားမှု နည်းပါးသွား
စေတဲ့အတွက် နောက်ဆုံးအချိန်မှာလည်း ဘဝကူးကောင်းသွားဖို့ သေချာသလောက်
ဖြစ်သွားမှာပါ။ သံသရာခရီး အရှည်ကြီးထဲမှာ ဒီလောက် ပါရမီကုသိုလ်များ ပါသွားခဲ့ရင်ပဲ
သံသရာအဆက်ဆက် တဖြေးဖြေး ပါရမီတွေ ရင့်ကျက်သွားပြီး နောင်ပွင့်တော်မူမယ့်
အရိမေတ္တေယျ ဘုရားရှင်ရဲ့ သာသနာမှာ ဧကန်မုချ ကျွတ်တမ်း ဝင်နိုင်မယ့် ပါရမီများ
ပြည့်နေပြီး ဖြစ်သွားပါလိမ့်မယ်။

သားသမီးများမှာလည်း ဒီသံသရာကြီးထဲမှာ ကျင်လည်ရင်း နောင်သံသရာအတွက် ရိက္ခာ
စုပြီးသား ဖြစ်သလို နောင်ဘဝတွေမှာ ကိုယ်က မိဘနေရာ ပြန်ဖြစ်ချင် ဖြစ်နေဦးမှာမို့ လည်
နေတဲ့ သံသရာကြီးထဲမှာ ရောက်လေရာ ဘဝတိုင်းမှာ အဆင့်မြင့်မြင့် အသိဉာဏ်မြင့်မြင့်နဲ့
ကျင်လည်သွားနိုင်ဖို့ လက်ရှိဘဝမှာထဲက မိဘများကို ဓမ္မနည်းနဲ့ ကျေးဇူးဆပ်ကြရင်း၊ ကိုယ်
တိုင်လည်း မိဘနေရာ ရောက်ကြရဦးမှာမို့ ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးပြီး သားသမီး
များကို လက်ဆင့်ကမ်းရင်း၊ မိဘကျေးဇူးကို ကျေပြွန်အောင် ဆပ်ပြီး သံသရာဘဝခရီးကြီး
ကို အဆင့်တန်းမြင့်မြင့် အထက်တန်းကျကျနဲ့ လျှောက်လှမ်း ကျင်လည်နိုင်ကြကာ ဆင်းရဲ
အပေါင်းတို့ရဲ့ချုပ်ငြိမ်းရာ မရှိရာ အေးချမ်းတဲ့ သုခရိပ်မြုံနန်းကို လျင်မြန်တဲ့ အသိ၊ လွယ်ကူ
တဲ့ အကျင့်များဖြင့် စံမြန်းနိုင်ကြပါစေ…။

(ဂမိက ဝနဝါသီ အရှင်)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...