သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, June 10, 2013

PostHeaderIcon ဘဝထဲမှာ ဓမ္မတွဲပါ


ဘဝထဲမှာ ဓမ္မတွဲပါ
====================
ဘဝမှာ ဓမ္မမပါရင်အလှဆိုတာ ခဏပါပဲ။
အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
အလတ်တွေလည်း ဘဝ အဖြာဖြာမှာ ဓမ္မပါမှ
အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
တွေ့ကြုံလာရ တက်အကျနဲ့
အကောင်းအဆိုး ကြောင်းအကျိုးကို
ဓမ္မစကား၊ ဓမ္မအားနဲ့
အလှတရား ရသွားစေမှာ အမှန်ပါပဲ။
တွေကာမနှေး အသေအချာတွေးရင်
ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
အသိသတိ ထပ်တူရှိမယ့်
အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။
ဒါကြောင့်...
အစနဲ့အဆုံး ဘဝတစ်ခုလုံးမှာ
အလှတွေ ဖုံးစေဖို့
ခဏ မကြည့် ဓမ္မနဲ့ ညှိပြီး
အသိအကျင့် ထပ်တူဆင့်လျက်
ဘဝထဲမှာ ဓမ္မတွဲကာ
လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။
(မနာပဒါယီ ဆရာတော်)

ဘဝမှာ လူတိုင်း မလွဲမသွေ ကြုံတွေ့နေရမှာက အကောင်းအဆိုး၊ အတက်အကျ၊ အနိမ့်

အမြင့် စတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ ဒီတရားဟာ လူတိုင်းရှောင်လို့မရ တွေ့ကိုတွေ့ကြရ
မယ့် တရားဖြစ်တဲ့အတွက် လောကဓမ္မလို့ ဆိုတာဖြစ်ပါတယ်။ ဘဝမှာ ဘာမှ ပုံသေတွက်
လို့ မရဘူးဆိုတာဟာလည်း အမြဲပြောင်းလဲနေတဲ့ ဒီလောကဓံတရားတွေရဲ့ ပုံဖော်မှု သင်္ကေတတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပေါလိုက် မပေါလိုက်၊ အသိုင်းအဝိုင်းစုံလိုက် မစုံ
လိုက်၊ ဂုဏ်ဖော်ခံလိုက် မခံလိုက်၊ ချမ်းသာလိုက် ဆင်းရဲလိုက်နဲ့ အကောင်းတွေရော
အဆိုးတွေပါ တစ်မျိုးပြီးတစ်မျိုး ကြုံနေကြရတာ ဖြစ်ပါတယ်။ ဘယ်သူမဆို အားလုံးဟာ
အနည်းနဲ့အများ ဒီလို အတက်အကျလေးတွေ ရှိနေကြတာဖြစ်တဲ့အတွက် လောကဓံဆို
တာဟာ သတ္တဝါတွေအတွက် အထူးအဆန်း ဖြစ်တဲ့ တရားမဟုတ်ပါဘူး။ အဲထူးဆန်းသွား
တာကတော့ အဲဒီအပြောင်းအလဲတွေ အပေါ်မှာ မတုန်မလှုပ် ခံနိုင်ရည်ရှိအောင် ကြိုးစား
နေထိုင်သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ အပြောင်းအလဲတွေမှာ ခံနိုင်ရည်ရှိဖို့အတွက် သတ္တဝါတိုင်း သတ္တဝါတိုင်း

ကိုယ့်သန္တာန်မှာ ကိုယ်ခံစွမ်းအားတွေ၊ အပြောင်းအလဲကို ရင်ဆိုင်နိုင်တဲ့ အထောက်အပံ့
ကောင်းတွေ၊ နည်းစနစ်တွေ ရှိထားကြဖို့ လိုပါတယ်။ အချိန်မရွေး ကြုံတွေ့နိုင်တဲ့ အတက်
အကျ၊ အနိမ့်အမြင့် သဘောတွေမှာ ဖြေဆည်နိုင်တတ်တဲ့ ဖြေဆည်ရာကောင်းတွေ ရှိထား
ကြဖို့လည်း လိုပါတယ်။ ဖြေစရာကောင်း မရှိဘူးဆိုရင် ဒုက္ခကြုံတဲ့အခါ လွဲမှားတဲ့ ဖြေဆည်
ရာနောက်ကို လိုက်မိတတ်ပြီး အဲဒီ အမှားကြောင့် ပိုပြီး ဒုက္ခက တိုးစေတတ်ပါတယ်။ တချို့
ဆိုရင် စိတ်ဖိစီးမှုတွေများ၊ ဒုက္ခတွေများတဲ့အတွက် ပြေရာပြေကြောင်း အရက်သောက်
လိုက်တာတို့၊ ကလပ်သွားပြီး ပျော်လိုက်ပါးလိုက်ကြတာတို့ လုပ်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဖြေဆည်ရာက လွဲနေတော့ မပြေတဲ့အပြင် ပိုပြီး ဒုက္ခတွေ၊ ပြဿနာတွေနဲ့ ကြုံ
ကြရတာတွေလည်း ရှိတတ်ပါတယ်။ ဒုက္ခဖြစ်လို့ အပြင်ပိုင်း အပျော်တွေနဲ့ ဖြေဆည်ကြ
ပေမယ့် အတွင်းက မပျော်တဲ့အခါကျတော့ ဖြေပေမယ့် မပြေတဲ့ သဘောပဲ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ဒုက္ခဖြစ်တယ်၊ ခံစားရတယ်ဆိုတာ စိတ်မှာဖြစ်နေတဲ့ သဘောပဲဖြစ် တဲ့အတွက် ဖြေမယ်ဆိုလည်း စိတ်မှာပြေအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ စိတ်မှာပြေ

ဖို့ကတော့ စိတ်ခွန်အားကိုဖြစ်စေတဲ့ မှန်ကန်တဲ့ လမ်းညွှန်ချက်နဲ့ပဲ ဖြေလို့ရမှာဖြစ်ပါတယ်။
မှန်ကန်တဲ့ လမ်းစဉ်ဆိုတာ ဗုဒ္ဓဘာသာတွေ အတွက်ကတော့ အမှန်သစ္စာရှင်ဖြစ်တဲ့ ဘုရား
ရှင်ရဲ့ တရားတွေနဲ့ပဲ ဖြေဆည်ရာ ရကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မကပဲ ဘဝအလှကို မကျ
အောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘဝရဲ့ဒုက္ခကို မြတ်ဗုဒ္ဓရဲ့ နှုတ်ကဖွင့်ဆိုပြတဲ့ ဘဝအမှန်
တရားတွေနဲ့ပဲ ရင်ဆိုင်ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မကို ဘဝထဲမှာ တွဲထားနိုင်
မှ ဘဝဟာလည်း မလွဲမယိုင်ကြမှာ ဖြစ်ပါတယ်။

အတော်များများက ဓမ္မလို့ပြောရင် အသက်ကြီးမှ၊ နောက်ဆုံးအရွယ်မှ၊ အိုမင်းမစွမ်းဖြစ်မှ လိုက်စားရမယ့်တရား၊ ကျင့်ကြံအားထုတ်ရမယ့် တရားလို့ ထင်တတ်ကြပါတယ်။ အမှန်

တော့ တရားဆိုတာ အရွယ်မရွေး သူ့အရွယ်အလိုက် ဘဝနဲ့ထပ်တူ တွဲပြီးယူသွားရမှာ၊ တွဲ ပြီးလေ့ကျင့်သွားရမှာ ဖြစ်ပါတယ်။ ငယ်တဲ့သူတွေလည်း ငယ်တဲ့အလျောက်၊ အလယ်အ
လတ် အရွယ်တွေကလည်း အလည်အလတ်အလျောက်၊ အကြီးတွေကလည်း အကြီးအ
ရွယ်အလျောက် ဓမ္မလမ်းကို တွဲပြီးလျှောက်နိုင်အောင် ဘဝကို တည်ဆောက်ကြရမှာ ဖြစ်
ပါတယ်။ ဒါမှလည်း ဘဝရဲ့ အခက်အခဲတွေကို ဓမ္မရဲ့ လမ်းညွှန်မှုတွေနဲ့ ရင်ဆိုင်ကျော်လွှား
ကာ ခံနိုင်ရည် ရှိလာကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကလည်း တရားဘက်ကို လိုက်စားတာများသွားရင် လူ့လောကနဲ့ အန်ဝင်ခွင်ကျ

မဖြစ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာ ဘဝထဲမှာ ဓမ္မတွဲပြီး မနေတတ်လို့ပဲ ဖြစ်ပါ
တယ်။ ဘုရားလက်ထက်ကဆိုရင် (၇)နှစ်အရွယ်လောက်တည်းက သောတာပန်တည်ပြီး
အဲဒီ သောတာပန် ဘဝနဲ့ပဲ အိမ်ထောင်သားမွေးပြုကာ လူ့လောက အသိုင်းအဝိုင်းမှာ အ
ကောင်းဆုံး တည်ဆောက်မှုကို ပြုသွားတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ဘဝထဲမှာ ဓမ္မတွဲ
ပြီး ဘဝတလျှောက်လုံး ဓမ္မအသိတွေနဲ့ မှန်ကန်တဲ့ ဘဝနေထိုင်မှုတွေ ပြုသွားကြတာလည်း အများကြီးပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့သူတွေ အနေနဲ့ ဝိသာခါ ကျောင်းအမကြီတို့၊ အနာထ
ပိဏ် သူဌေးတို့က သက်သေပဲ ဖြစ်ပါတယ်။ ဓမ္မကို မှန်ကန်အောင် သိရှိလက်ခံပြီး အဲဒီအသိ
အတိုင်း ဘဝကို အပြစ်ကင်းအောင် တည်ဆောက်နိုင်ရင် ဘဝနဲ့ ဓမ္မဟာ တသားတည်းဖြစ်
သွားမှာ ဖြစ်သလို ဓမ္မရဲ့ လမ်းညွန်မှုနဲ့ ဘဝရဲ့ ဒုက္ခကို ခံနိုင်ရည် ရှိလာကြမှာ ဖြစ်ပါတယ်။

တလောက ကိုရီးယား ဒကာကြီး တယောက်နဲ့တွေ့တော့ သူက သူ့အကြောင်းကို တစိတ်တ

ဒေသကို ပြောပြဖူးပါတယ်။ သူ့ဘဝမှာ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံနဲ့ လောကဓံပေါင်း
စုံကို ခံခဲ့ရတဲ့အကြောင်း၊ ဒီအခက်အခဲ ဒုက္ခတွေကိုလည်း ဖြေဆည်ရာ ပေါင်းစုံနဲ့ ဖြေဆည်
ကြည့်ခဲ့ပေမယ့် ဘယ်လိုမှ မပြေခဲ့ကြောင်း၊ မဟာယာန ဗုဒ္ဓဘာသာ ကျမ်းစာတွေနဲ့ တရား ကျင့်စဉ်တွေကိုလည်း လိုက်လုပ်ဖြစ်ပေမယ့် စိတ်မှာသိပ်ပြီး ကျေနပ်မှု မရခဲ့ကြောင်း၊ ဒါပေ
မယ့် လွန်ခဲ့တဲ့ (၃)နှစ်လောက်ကစပြီး ကိုရီးယားလို ဘာသာပြန်ထားတဲ့ ထေရဝါဒ ကျမ်းစာ
တွေထဲက ဒီဃနိကာယ ကျမ်းစာတွေကို ဖတ်လိုက်ရတော့မှ ဘုရားဟောတွေကို လက်တွေ့
နာနေရသလို ခံစားရပြီး အဲဒီ တရားတော်တွေနဲ့ပဲ စိတ်မှာကျေနပ်မှုရကာ ဘဝရဲ့ ဒုက္ခတွေကို
အကောင်းဆုံး ရင်ဆိုင်ခံစား ကျော်လွှားနိုင်ခဲ့ကြောင်း၊ ဒါကြောင့် သူ့အတွက်ကတော့ ထေရ
ဝါဒ ဓမ္မတွေဟာ ဘဝနဲ့ တသားတည်း ရှိနေရမယ့်တရား၊ ဘဝထဲမှာ တွဲထားရမယ့် တရားလို့
ခံယူကြောင်း စသဖြင့် လျှောက်ထားဖူးပါတယ်။

ဒကာကြီးရဲ့ လျှောက်ထားချက်ဟာ သူ့ရဲ့ ကိုယ့်တွေ့ပဲ ဖြစ်ပါတယ်။ ခုချိန်မှာ သူ့ကိုကြည့်ရ

တာ တည်တည်ငြိမ်ငြိမ် ရှိလှပြီး သူ့မိသားစု၊ သူ့အသိုင်းအဝိုင်းအထိ ဘဝထဲမှာ ဓမ္မတွဲပြီး နေ
နိုင်အောင် လမ်းညွန်ပေးနေတာကိုလည်း သိရှိရပါတယ်။ ဒီဒကာကြီးဟာ ဒုက္ခကြောင့် ဗုဒ္ဓ ထံရောက်လာပေမယ့် ဗုဒ္ဓရဲ့စံကြောင့် အမှန်လမ်းကို လျှောက်လာခဲ့တဲ့ သူတစ်ယောက်ပဲ
ဖြစ်ပါတယ်။ အဲဒါပါပဲ။ ဘုရားရှင်ရဲ့ တရားတော်တွေဟာ ဒုက္ခရောက်လို့ပဲ ကျင့်ကျင့်၊ ချမ်း
သာလို့ပဲ ကျင့်ကျင့် မှန်ကန်တဲ့ လမ်းစဉ်အတိုင်းသာ လိုက်နာကျင့်သုံးမယ်ဆိုရင် ဘယ်သူက
ဘယ်လိုမျိုးနဲ့ပဲ ချည်းကပ်ပါစေ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အမှန်
ပဲ ဖြစ်ပါတယ်။ ဒါဟာ တရားတော်ရဲ့ ဂုဏ်တော်တွေထဲက သန္ဒိဋ္ဌိကဆိုတဲ့ ကိုယ်တိုင်ဒိဋ္ဌ သိ
မြင်ခံစားနိုင်ခြင်းဆိုတဲ့ ဂုဏ်တော်ရဲ့ ပုံဖော်မှုတစ်ခုပဲ ဖြစ်ပါတယ်။

တရားတော်ရဲ့ ဂုဏ်တော်တွေထဲမှာ လာပါ လုပ်ကြည့်ပါလို့ ဖိတ်ခေါ်နိုင်တဲ့ ဂုဏ်တော်၊ ကိုယ်တိုင်သိမြင်နိုင်တဲ့ ဂုဏ်တော်၊ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရင် ကျင့်သုံးနိုင်သ

လောက် အကျိုးသက်ရောက်မှုကို ခံစားနိုင်တဲ့ ဂုဏ်တော်၊ ကျင့်ကြံအားထုတ်ဖြစ်ရင် အ
ချိန်မရွေး အကျိုးကို ပေးစွမ်းနိုင်တဲ့ ဂုဏ်တော် စသဖြင့် ဂုဏ်တော် (၆)ပါးအထိ ရှိနေပြီး
လက်တွေ့လုပ်တဲ့ သူတွေကိုလည်း လက်တွေ့ သက်ရောက်မှုကို ခံစားစေတာလည်း အ
များကြီးပဲ ရှိနေတာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင်ပဲ လက်တွေ့ကျအောင်
ဘဝထဲမှာ ဓမ္မတွဲပြီး နေထိုင် ကျင့်သုံးဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ ဓမ္မဆိုတာကတော့ အဓမ္မရဲ့ဆန့် ကျင့်ဘက်ဖြစ်တဲ့အတွက် မကောင်းတဲ့ ဘက်မှာ ပျော်လေ့ရှိတဲ့ ပုထုဇဉ်တွေ အတွက်တော့
ဘဝထဲမှာ ဓမ္မတွဲဖို့ အတော်လေး ခက်ခဲနေမှာ ဖြစ်ပေမယ့် ဒီအခက်အခဲဆိုတာ လက်တွေ့
ကျင့်သုံးပြီး အကျိုးသက်ရောက်မှုကို ရရှိခံစားလာရတဲ့အခါ ပြေပျောက်သွားမှာပဲ
 ဖြစ်ပါတယ်။

ဆိုတော့ကာ ဘဝဆိုတာဟာ တဒင်္ဂဖြစ်တည်မှု တစ်ခုဖြစ်ပြီး အဲဒီဖြစ်တည်မှုရဲ့နောက်မှာ

 ပျောက်ပျက်မှု၊ မတည်မြဲမှုဆိုတာ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်နေတတ် တာ ဖြစ်တဲ့အတွက် ဒီသဘောတွေကို ခံနိုင်ရည်ရှိအောင် လူတိုင်းလူတိုင်းဟာ ဘဝအရှိကို
ဓမ္မအသိနဲ့ ညှိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘဝထဲမှာ ဓမ္မတွဲထားနိုင်အောင် ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေလည်း ကိုယ့်အရွယ်နဲ့ အမျှ ဓမ္မက ပြတာတွေ
ကို ခံယူကြရမှာ ဖြစ်သလို၊ အလယ်အလတ် ပုဂ္ဂိုလ်တွေလည်း အလတ်ပိုင်းမှာ အမြတ်လှိုင်း
တွေ ဖြစ်တဲ့ ဓမ္မပိုင်းတွေ ပါနေအောင် ကြိုးစားနေရမှာ ဖြစ်ပြီး အကြီးတွေ အနေနဲ့ကတော့
ကိလေသာကို အပြီးမသွေ ပယ်နိုင်ရင် အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလောက်အထိ မဖြစ်
နိုင်သေးရင်လည်း ဘဝအဆုံးအထိ ဓမ္မသုံးကြည့်ရင်း အရှိမှန်သမျှ သိနိုင်အောင် ကြိုးစား ကျင့်ကြံ နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို နေထိုင်ခြင်းဟာ အရွယ်သုံးပါးလုံးမှာ ဓမ္မ တွဲပြီး နေထိုင်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် တဒင်္ဂဆိုတဲ့ ဘဝမှာ အစနဲ့အဆုံး ဘဝတစ်ခုလုံးမှာ ဓမ္မအသိတွေဖုံးပြီး လိုက်နာ ကျင့်သုံး နေထိုင်နိုင်မယ်ဆိုရင် လက်တွေ့မှာလည်း အကောင်းအဆိုး၊ အတက်အကျ၊ အနိမ့် အမြင့်စတဲ့ လောကဓမ္မများကို အလွယ်တကူ ရင်ဆိုင်ကျော်လွှား နိုင်မှာဖြစ်ပြီး သံသရာဘဝါ ဘဝတွေမှာလည်း လိုရာပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်တဲ့အတွက် အဖြစ်ဆိုတဲ့ ဘဝလေး

မှာ အပျက်ဆိုတဲ့ ဝယလေးကို ပိုင်ဆိုင်ထားကြတဲ့ သတ္တဝါတွေ အနေနဲ့ အဖြစ်အပျက် သဘော
မှာ အနှစ်မဲ့တဲ့ သဘောတွေနဲ့ မကြုံမတွေ့ရလေအောင် ကိုယ့်အရွယ်အရ၊ ကိုယ့်အနေအထား
အရ၊ ကိုယ့်အခြေအနေအရ ကိုယ့်ရဲ့ဘဝထဲမှာ ဓမ္မတွဲပြီး တည်ဆောက်နိုင်အောင် ကြိုးစားကြ
ရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဘဝအရှိကို ဓမ္မအသိနဲ့ ညှိကြည့်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
======================
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...