သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, July 13, 2013

PostHeaderIcon မြန်မာတို့၏ ယဉ်ကျေးမှုနဲ့ ဘာသာတရား



 မြန်မာ့တို့၏ ယဉ်ကျေးမှုနဲ့ ဘာသာတရား 
(သို့) မြန်မာ့ယဉ်ကျေးမှုများ ပျောက်ကွယ်ပြီလား?
 
လူ့ပြည်လောကမှာ နေထိုင်ကြတဲ့ လူသားတိုင်းဟာ မိမိတို့ရဲ့နေထိုင်ရာ အရပ်ဒေသ
အသီးသီး၊ လူ့အဖွဲ့အစည်းအသီးသီး တွင် ကာလဒေသအလျှောက် နေထိုင်သောဒေသနဲ့
လိုက်လျောညီထွေဖြစ်အောင် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့လည်း
ဆန့်ကျင်မှုမရှိအောင် သင့်မြတ်မှုရှိအောင် ကာလဒေသကိုကြည့်၊ ဒေသခံတို့ရဲ့ယဉ်ကျေးမှု
အစဉ်အလာများကို ကြည့်ပြီး အလိုက်အထိုက် လိုက်နာကျင့်သုံး နေထိုင်ကြရတယ်ဆိုတာ
ဥပဒေကဲ့သို့ ပြဌာန်းထားခြင်း မရှိတဲ့ လောကသဘာဝတခုပါ။

အဲဒီလို မိမိရောက်ရှိနေတဲ့ ဒေသနဲ့ လိုက်လျောညီထွေ လိုက်နာကျင့်သုံးပြီး မနေတတ်ဘူးဆို
ရင် လက်ရှိ ရောက်နေတဲ့ နေရာဒေသနဲ့ ဘယ်လိုမှ ကိုက်ညီမှာ မဟုတ်သလို ရေရှည်
နေထိုင်ဖို့ ဆိုတာလည်း ခက်ခဲနေမည်မှာ မလွဲပေ။ ရောမကိုရောက်ရင်၊ ရောမလိုကျင့်
ရမယ် ဆိုတဲ့ စကားပုံလည်း ရှိခဲ့သည်မို့ ရောက်ရှိနေတဲ့ ဒေသရဲ့ယဉ်ကျေးမှု ထုံးတမ်း
အစဉ်အလာများကို ဖီလာဆန့်ကျင်ပြုပြီး နေထိုင်မယ်ဆိုရင် ထိုဒေသရှိ လူအများနဲ့
ဘယ်လိုမှ အံဝင်ခွင်ကျ ဖြစ်မည်မဟုတ်သလို သင့်မြတ်မည်လည်းမဟုတ်ပေ။

နေရာတိုင်း ဒေသတိုင်း လူ့အဖွဲ့အစည်းတိုင်းမှာလည်း သူ့နေရာသူ့ဒေသ သူ့ယဉ်ကျေးမှုနဲ့
ကိုယ်စီရှိနေကြသည်မို့ သူတို့ နေရာကို သွားရင်တော့ သူတို့ရဲ့ယဉ်ကျေးမှုကို ယိုယွင်းပျက်စီး
အောင်နဲ့ ဆန့်ကျင်ဘက်များ မလုပ်မိဖို့ဆိုတာကတော့ လူတိုင်း လိုက်နာကျင့်သုံးရမယ့် ပြ
ဌာန်းမထားတဲ့ ဥပဒေတရပ်ပဲဖြစ်ပါသည်။ ၎င်းဥပဒေမျိုးဆိုတာ ဒေသတိုင်းရဲ့သဘာဝက
အလိုအလျှောက် ချမှတ်ပြဌာန်းထားတဲ့ ဥပဒေမျိုးပဲဖြစ်သည်။ ဒီလိုကိစ္စမျိုးကြတော့ လက်ရှိ
ဥပဒေများနဲ့ မဆိုင်တော့ပဲ လူနေမှု လူ့ကျင့်ဝတ်ကို နားလည်တတ်တဲ့ အသိဉာဏ်များ၊ လိုက်
နာကျင့်သုံး နေထိုင်တတ်မှု အလေ့အထ အကျင့်စရိုက်များနဲ့သာ သက်ဆိုင်မည်ဖြစ်သည်။

စာရေးသူတို့ သူငယ်ချင်းတစု ၁၉၉၉.ခု ၂၀၀၀.၂၀၀၁.၂. ခုများက စင်္ကာပူ မလေး ထိုင်း
နိုင်ငံများသို့ ရောက်နေတဲ့အချိန် စင်္ကာပူမှာ နေစဉ်၊ စင်္ကာပူဆိုတာ သိတဲ့အတိုင်း စည်းကမ်း
ကကြီး,ကိုယ်ကလည်းရောက်ခါစ, မြန်မာ့ရိုးရာ ဓလေ့အတိုင်း ကွမ်းကလည်း ကြိုက်,မစားပဲ
လည်း မနေနိုင်,စင်္ကာပူ စီးတီးဟောလ်နဲ့ (ပနီဆူလာ) မူစတာဖာ ကုလားဈေးတို့ရှိ
ကွမ်းယာရဲ့အနံ့လေးက မွှေးပြီး ဝါးလို့ ပိုကောင်းသလိုပဲ။ အရသာကလည်းတွေ့,အဲဒီ
တော့ ကွမ်းကြိုက်တဲ့ သူတို့အဖို့ ဘာပြောကောင်းမလဲ၊ လမ်းသွားရင်း ကွမ်းဝါးသွားတယ်။
လမ်းတွေကလည်း သန့်ရှင်းနေလို့ မြက်ခင်းစိမ်း စိမ်းနားရောက်မှ ဘေးဘီကို တခြားလူများ
ရှိမရှိ ရှုငဲ့ကြည့်ပြီး လစ်ပြီဆို ထွေးချလိုက်တယ်။ ခိုးကြောင်ခိုးဝှက်ပေါ့။ အဲဒီအ ချိန်မှာ
စင်္ကာပူကိုရောက်နေတာ ၇ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ သူငယ်ချင်းက‘ဟေ့ အဲဒီလို မထွေးနဲ့
ဘယ်လောက် ခိုးထွေးထွေး မလွတ်ဘူး။ ကင်မရာတွေက နေရာအနှံ့မှာ တပ်ထားတယ်။
မိသွားတာနဲ့ ဒဏ်ငွေပဲ”လို့ ပြောတော့ လန့်သွားတယ်။
နောက်ပိုင်း စင်္ကာပူရဲ့စည်းကမ်းများကို သူတို့ပြောပြလို့ သိလာတဲ့အချိန်မှာလည်း သူ့နိုင်ငံရဲ့
ဥပဒေနဲ့ ပတ်ဝန်းကျင်အလှအပများကိုလည်း မပျက်စီးစေ,မိမိကြိုက်တဲ့ ကွမ်းလည်း
အစားမပျက်စေပဲ ကွမ်းဝါးပြီး ရေသန့်ဗူးတို့ အချိုရည်ဗူးခွံများထဲသို့ စွန့်ပြီး အမှိုက်ပုံးရှေ့
ရောက်တဲ့အခါမှာ အမှိုက်ပုံးထဲသို့ ထည့်ခဲ့ရသည်။ စည်းကမ်း တင်းကြပ်တဲ့ နေရာဒေသမှာ
မိမိကြိုက်တဲ့ အလေ့အထတခုအတွက်နဲ့ ရောက်နေတဲ့ဒေသကို အနှောက်အယှက်မဖြစ်စေ၊
မပျက်စီးစေပဲ စည်းကမ်းတကျ လိုက်နာကျင့်သုံးမယ်ဆိုရင် ကိုယ့်အတွက်လည်း အခက်အခဲ
မတွေ့ သူတို့ကိုလည်း မဆန့်ကျင်ရာရောက်ပါသည်။
သူ့နိုင်ငံသူ့ ဒေသရဲ့ သူ့ယဉ်ကျေးမှုနဲ့ သူ့စည်းကမ်းဥပဒေပဲလေ။ ကိုယ်က အတွန့်တက်ပြီး
အပြစ်ပြောလို့ မရသလို မလိုက်နာလို့လည်း မရပါ။ သူ့ဒေသမှာ လိုက်လျောညီထွေ ရှဥ့်လည်း
လျှောက်သာ ပျားလဲစွဲသာ လုပ်ဆောင်ပြီး ရောမလို ကျင့်သုံးနေထိုင်တတ်ဖို့သာ အဓိက
ဖြစ်သည်။

တခြားနိုင်ငံများရှိ ဒေသများနဲ့ လှု့အဖွဲ့အစည်းများမှာလည်း သူတို့ရဲ့ယဉ်ကျေးမှု အစဉ်
အလာနဲ့ စည်းကမ်းဥပဒေများ ရှိကြမည်မှာ မလွဲပေ။ ထို့အတူပင် မြန်မာနိုင်ငံတွင်လည်း
မြန်မာ့ယဉ်ကျေးမှု အစဉ်အလာဆိုတာ ပထမမြန်မာနိုင်ငံ ဒုတိယမြန်မာနိုင်ငံ စသည်ဖြင့်
နိုင်ငံတော်ကို တည်ထောင်လာခဲ့ကြတဲ့ မင်းအဆက်ဆက် အစိုးရအစဉ်အဆက်တွင် မြန်
မာတို့ရဲ့ အ စဉ်အလာများ ရှိလာခဲ့သည်။ ခေတ်တွေ ပြောင်းလဲလာသည်နှင့်အမျှ စနစ်
တွေ အစဉ်အလာတွေလည်း တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်မို့ ခေတ်စနစ်တွေ ခေတ်
ရေစီးကြောင်းတွေနဲ့အတူ ယဉ်ကျေးမှုအစဉ်အလာများကလည်း ထိုရေစီးကြောင်းထဲတွင်
မည်မျှ ရွေ့လျားသွား၍ မည်မျှလျော့ပါးသွားပါသနည်း။ ခေတ်ဆိုတဲ့ ရေစီးကြောင်းက
ဆယ်စုနှစ် ရာစုနှစ်တွေနဲ့ အ မျှ ပြောင်းလဲ စီးဆင်းနေသည်မို့ အစဉ်အလာတွေ ယဉ်ကျေး
မှုတွေ လူသားတို့ရဲ့အတွေးအခေါ်အယူအဆများဟာလည်း အနည်းနဲ့အများ ရွေ့လျား
သွားမည်ကတော့ အသေအချာပေ။

ဒီတော့ အရွေ့များကြားမှ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာဆိုတာ ဘယ်မျှလောက် ကျန်ရှိ
နေပါသေးသနည်း။ မြန်မာတိုင်းရင်းသား လူမျိုးတို့ မြန်မာ့ယဉ်ကျေးမှုကို မည်မျှလောက်
ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ကြပါသေးသနည်း။

မြန်မာယဉ်ကျေးမှုဆိုတာကရော ဘာကို ဆိုလိုပါသနည်း။
စသည်ဖြင့် မေးစရာ တွေးစရာလေးများ ရှိလာသည်မို့ မြန်မာ့ယဉ်ကျေးမှုအကြောင်းကို
ဗဟုသုတအဖြစ် သိရှိနိုင်အောင်၊ သိပြီးသူများလည်း ထပ်သိ၊ မသိသေးသူများလည်း
သိရ ဖတ်ရအောင်လို့ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ 
ဟောကြားထားတဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်း တရားတော်ထဲက သိသင့်တဲ့ အဓိက
အချက်များကို ထုတ်နှုတ် မျှဝေချင်တဲ့အတွက် ယခုလို အချီနိဒါန်းများနဲ့ မိတ်ဆက်ရင်း
တင်ပြချင်ပါသည်။
ဆရာတော် ရှာဖွေလေ့လာ သုံးသပ်ပြီး ဟောကြားထားတာကတော့…. ဒီလိုပါ…။


မြန်မာ့တို့၏ ယဉ်ကျေးမှုနဲ့ ဘာသာတရား (သို့) မြန်မာ့ယဉ်ကျေးမှုများ ပျောက်ကွယ်ပြီလား?
မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာလူမျိုးတွေ နိုင်ငံကို ကိုယ်စားပြုပြီးတော့မြန်မာ
စကားပြောကြတဲ့ မြန်မာလူမျိုးတွေ ဘိုးဘွားဘီဘင် အစဉ်အဆက်ကနေပြီးတော့ ဆောင်
ရွက် လုပ်ကိုင်လာကြတဲ့ မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုးတွေ ကိုးကွယ်တဲ့ ဘာသာတရားနဲ့
ပတ်သက်ပြီး ဒီကနေ့ ဆန်းစစ် လေ့လာကြည့်ကြရအောင်…။
ယဉ်ကျေးမှုဆိုတာ ဘာလဲလို့ အဓိပ္ပါယ်ဖော်ကြတဲ့နေရာမှာ တဦးနဲ့တဦးတော့ တူချင်မှ တူ
မယ်ပေါ့။ သို့သော် ယဉ်ကျေးမှု အစစ်က ဘယ်ဟာလဲ၊
မြန်မာတို့ရဲ့ယဉ်ကျေးမှုဟာ ဒီနေ့ ခေတ်မှာ ပျက်စီးနေပြီလား၊
သို့မဟုတ် မြန်မာတို့ရဲ့ယဉ်ကျေးမှုဟာ ကနေ့အထိ ရှိနေတုန်းပဲလားဆိုတာ ဘုန်းကြီးတို့
တတွေ လေ့လာဆန်းစစ်ကြည့်မှသာ သိနိုင်မယ်ပေါ့။ အကယ်၍ မလေ့လာ မဆန်းစစ်ဘူးဆို
လို့ရှိရင်တော့ သေသေချာချာ သိဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် လေ့လာဆိုတာ Re search လုပ်တဲ့
သဘောပေါ့နော်။ ယဉ်ကျေးမှုဆိုတာ ဘယ်ဟာကို ခေါ်တာလဲ။ မြန်မာ့ယဉ်ကျေးမှုဆိုတာရော
ဘယ်ဟာကို ခေါ်တာလဲ။ အဲဒီ အချက်အလက်တွေကို ဘုန်းကြီးတို့တတွေ စဉ်းစားပြီးတော့
ကြည့်ရအောင်၊


အဲဒီ မြန်မာတို့ရဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲ့ယဉ်ကျေးမှုဟာ (culture )ဘာလဲ။
မြန်မာနိုင်ငံ စတင် တည်ထောင်တဲ့ အချိန်က စပြီးတော့ မြန်မာလူမျိုးတွေဟာ နေပုံထိုင်ပုံ
စားပုံသောက်ပုံ ဝတ်စားဆင်ယဉ်ပုံတွေ ဒါတွေဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှုလားလို့ ဒီလို
ဆန်းစစ်ပြီးတော့ ကြည့်ရမယ်။ ဝတ်ပုံစားပုံတွေ နေပုံထိုင်ပုံတွေ နေရာထိုင်ခင်းတွေနဲ့ ပတ်
သက်ပြီးတော့ ယဉ်ကျေးမှုလို့ ပြောမယ်ဆိုလို့ရှိရင်… စဉ်းစားကြည့်ပေါ့။

မြန်မာလူမျိုးတွေရဲ့ စားသောက်ပုံနဲ့ ဝတ်စား ဆင်ယဉ်မှု၊ 
လူဆိုတာဟာ ဘဝရှင်သန်ဖို့အတွက် ဘယ်လူမျိုးပဲဖြစ်ဖြစ် စားစရာရယ် ဝတ်စရာ
ရယ်၊နေစရာရယ် မကျန်းမမာရင် ဆေးဝါး၊ ဘုန်းကြီးတွေကြတော့ ပစ္စည်းလေးပါးလို့
ခေါ်တာပေါ့။ လူလည်း ပစ္စည်းလေးပါးပဲနော်။ ပစ္စည်းဆိုတာ ပစ္စယဆိုတဲ့ ပါဠိစကားက
လာတာ၊ အသက်ရှည်ဖို့အတွက် အထောက်အကူတွေကို ပစ္စည်းလို့ ဒီလိုခေါ်တာ၊
အသက်ရှည်ဖို့အတွက် အထောက်အကူဖြစ်တဲ့ အရာတွေ၊ အဲဒီတော့ မြန်မာလူမျိုး
တွေရဲ့ဝေ့အော့ဖ်လိုက်ဖ်၊ စားတာသောက်တာဘယ်လို စားသောက်၊ စားပုံသောက်
ပုံဟာ မြန်မာ့ရဲ့ယဉ်ကျေးမှုလား။ ဆိုရင် မြန်မာလူမျိုးတွေ ဘာနဲ့စားတုန်း၊ ရှေးတုန်းက
အခုအချိန်အထိပေါ့လေ တချို့လက်နဲ့ စားတုန်းပဲ။ အဲတော့ လက်နဲ့စားတာ ယဉ်ကျေးမှု
လားလို့ မေးစရာရှိတယ်။ ဒါဖြင့် လက်နဲ့ စားတာကနေ တူနဲ့စားလို့ မြန်မာ့ယဉ်ကျေးမှု
ပျက်သွားပြီလား၊ ဇွန်းခက်ရင်းနဲ့ စားရင်ရော မြန်မာ့ယဉ်ကျေးမှု ပျက်သွားပြီလား။ ဒီလို
မေးစရာတွေ၊ တွေးစရာတွေ ရှိမှာပေါ့နော်။ တချိန်တုန်းက မိသားစု ထမင်းစားပြီဆိုလို့
ရှိရင် ကြားဖူးကြလိမ့်မယ်။ မြန်မာသီချင်းထဲတောင်ရှိသေး။ ဒေါင်းလန်းကြီးရဲ့အလယ်
ဆိုတာလေ။ ရှေးကတော့ ပိုချစ်ကြတယ်ဆိုပဲ။ အခုတော့ မုန်းကုန်ကြပြီလား မသိဘူး
နော်။ ဒေါင်းဗန်းကြီးရဲ့အလယ် ထမင်းစားတဲ့အခါမှာ အားလုံး ထမင်းတွေပုံ ဟင်းတွေ
ပုံပြီးတော့ စားကြတယ်။ လက်ရေတပြင်တည်း ဆိုပြီး။ အခု အဲဒါတွေ မရှိတော့ မြန်မာ့
ယဉ်ကျေးမှု ပျောက်ကွယ်သွားပြီဆိုပြီး ဒေါင်းဗန်းကြီးနဲ့ ပြန်စားကြဦးမလား နော်။

အဲဒါကို ယဉ်ကျေးမှုလို့ သတ်မှတ်လို့ရှိရင် မြန်မာ့ယဉ်ကျေးမှုအရ ဒါ စားရမလို ဖြစ်နေတယ်
ပေါ့။ အဲတော့ စားပုံစားနည်းကတော့ စတိုင်လ်လို့ မှတ်ပေတော့ ကာချာတော့ မဟုတ်ဘူး။
ကာချာ မဟုတ်ဘူး၊ စတိုင်လ်။ စတိုင်လ်ကတော့ ပြောင်းလို့ရတယ်လေ။
ကိုယ့်စတိုင်လ်နဲ့ကိုယ်လေ။ Hair Style ဟဲလ် စတိုင်လ်ဆို အမျိုးမျိုးပြောင်းနေကြတယ်။
အဲတော့ စတိုင်လ် ပြောင်းတာပြောင်း၊ ယဉ်ကျေးမှုတော့ မပျက်စေနဲ့ပေါ့။ ဒါဖြင့် ဒေါင်း
လန်းကြီးနဲ့ လက်ရေတပြင်တည်း စားတာဟာ စတိုင်လ်သာဖြစ်တယ်။ ယဉ်ကျေးမှု
မဟုတ်ဘူး။ ဒါကြောင့်မို့ အခုဒီကနေ့ မြန်မာလူမျိုးတွေ စားကြတယ်။
ထမင်းဝိုင်းနဲ့ စားတယ်။ ဇွန်းခက်ရင်းနဲ့ စားတဲ့ ပုဂ္ဂိုလ်စားတယ်။ တူနဲ့စားတဲ့ ပုဂ္ဂိုလ်တွေ
စားတယ်။ ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ ထမင်းစားတယ်ဆိုတာ သပ်သပ်ရပ်
ရပ်နဲ့ ဝဖို့ပဲ မဟုတ်လား။ အဲတော့ စားတဲ့ စတိုင်လ်ကိုတော့ ယဉ်ကျေးမှုလို့ ခေါ်လို့မရဘူး။
ခေါ်လို့ ရှိရင်တော့ အရင်ခေတ်ကို ပြန်သွားရမလို ဖြစ်နေပြီနော်။ မြန်မာ့ယဉ်ကျေးမှုတွေ
ပျောက်ကုန်ပြီ၊ ပြန်ပြီးတော့ လုပ်ကြဦး၊ ဒီလို ပြောရမလို ဖြစ်နေတယ်။ အဲဒါကို ယဉ်ကျေး
မှုလို့ ခေါ်လို့မရဘူး၊ ဒါက စားပုံ စတိုင်လ်လေးတခု။

ပြီးတော့ အရင်တုန်းက မြန်မာပြည်မှာဆိုလို့ရှိရင် ထမင်းချက်ရင် မြေအိုးနဲ့ချက်တယ်။ အ
ခု မြေအိုးနဲ့ ချက်တယ်ဆိုတာ မရှိတော့ဘူးနော်။ မရှိတော့ ယဉ်ကျေးမှုတွေ ပျောက်သွား
ပြီလို့ ဒီလိုပြောလို့ ရမလား ဆို ဒါ ပျောက်တာတော့မဟုတ်ဘူး။ စတိုင်လ် ပြောင်းသွား
တယ်လို့ပဲ ပြောရမယ်။ ဒါ ကာချာ မဟုတ်သေးဘူး။ ဒါက စားပုံနဲ့ ပတ်သက်တဲ့ဟာပေါ့။
အခု ဒီနားက အိန္ဒိယနိုင်ငံတို့ သီဟိုဠ်နိုင်ငံတို့ဆိုရင် ပုံစားတဲ့ အလေ့ရှိတယ်။ ထမင်းတွေ
ဟင်းတွေကို ကိုယ့်ခွက်လေးနဲ့ ပုံ စားတယ်။ ဘယ်သူမှ ယူမပေးတဲ့ ဘူဖေးလို့ ခေါ်ချင်ခေါ်
ပေါ့။ အဲဒါ ကိုယ့်ဟာကိုယ် ပုံစားတာ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကလည်းပဲ
ပတ္တပိဏ်စားတယ်ဆိုတာ သပိတ်ထဲမှာ ရှိတာကို အကုန်လုံး ကိုယ့်ဟာကို စားတာ။
အဲဒါက အိန္ဒိယ နိုင်ငံတို့ရဲ့စားတဲ့ စတိုင်လ်ပေါ့နော်။ ဒါလည်း သူတို့ ယဉ်ကျေးမှုလို့ ခေါ်
လို့မရဘူး။ အဲတော့ ကနေ့ခေတ်မှာတော့ ကိုယ်တယောက်တည်း တဦးတည်း စားတာ
က ရောဂါကူးစက်မှုတော့ နည်းသွားတယ်။ ရောဂါကူးစက်မှု မဖြစ်နိုင်ဘူး။ ဒေါင်းလန်းကြီး
ရဲ့အလယ် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်မယ်ဆိုလို့ရှိရင်တော့ အဲဒါ ဘီပိုးတွေ
ကူးဦးမှာပဲ။ ဒီလို ရှိသေးတာနော်။ ကျန်းမာရေးအနေနဲ့ သိပ်အဆင်မပြေဘူး။ စတိုင်လ်တော့
ပြောင်းရမှာပဲ။ ဒါကြောင့်မို့ ပြောင်းလာခဲ့တယ်။

တခါတုန်းက ကာတွန်းလေး ဖတ်လိုက်ရတယ်။ နိုင်ငံခြားမှာနေတဲ့ အမျိုးသားတယောက်က
သူက တောရွာက သွားတာ။ နိုင်ငံခြား အနေကြာတော့ ဇွန်းနဲ့ခက်ရင်းနဲ့ပဲ စားတတ်တယ်။
လက်နဲ့ မစားတတ်ဘူး။ အိမ်ပြန်ရောက်တဲ့အခါကြတော့ အမေအဖေနဲ့ ထမင်းစားတော့
အမေဖေက လက်နဲ့စားတဲ့အခါ သူက`အမေတို့အဖေတို့ လက်နဲ့မစားနဲ့ ပွိုင့်ဇင်း ဖြစ်တယ်”လို့
ပြောတယ်။ အဲတော့ သူ့အဖေက ဘာပြောတုန်းဆို ပွိုင့်ဇင်းဖြစ်ရင် မင်းတောင် မမွေးဘူး
ကွာတဲ့( ရီကြ) ဒီလိုကလဲ ရှိသေးတာကိုးနော်။ အဲဒါက စတိုင်လ်သာဖြစ်တယ်။ ကာချာ
မဟုတ်သေးဘူး။ ဒီလို သတ်မှတ်ရမယ်။ဒါက စားပုံသောက်ပုံနဲ့ ပတ်သက်ပြီးပြောတာ။

အဝတ်အစားနဲ့ ပတ်သက်ပြီး ပြောဦးမလား။ မြန်မာ့ယဉ်ကျေးမှုတွေ ပျက်ကုန်ပြီ။ ယနေ့
ခေတ် မြန်မာတွေ ဝတ်တဲ့ပုံစံ မဟုတ်တော့ဘူး။ အဝတ်တို့ ဝတ်စားဆင်ယဉ်တို့ကို ယဉ်
ကျေးမှုလို့ သတ်မှတ်မယ် ဆိုလို့ရှိရင်တော့။ ယဉ်ကျေးမှုဆိုတာ ထည့်ပြီးတော့ ပြောမယ်ဆို လို့ရှိရင် မြန်မာ့ယဉ်ကျေမှုအတိုင်း နေမယ်ဆိုလို့ရှိရင် တောင်ရှည်ပုဆိုးနဲ့ နေရလိမ့်မယ်။
ခေါင်းပေါ်မှာ ရောင်တုန်းကြီးတင်ပြီးတော့ အဲလို နေမှရမယ်။ အဲတော့ ဒါတွေဟာလည်း
စတိုင်လ်သာဖြစ်တယ်။ ယဉ်ကျေးမှု မဟုတ်ဘူးလို့ ပြောရမှာပဲ။ အကယ်၍ ယဉ်ကျေးမှုဆိုရင်
ပုဂံခေတ်က ပုံစံမျိုး ပြန်သွားရမှာလေ။ တခေတ်နဲ့တခေတ် တူမှ မတူတာ။ အဲဒါကို
ယဉ်ကျေးမှုတွေ ပျက်စီးကုန်ပြီလို့ ငြီးတွားလို့မှ မဖြစ်တာကိုး။ ငြီးတွားလို့မဖြစ်ဘူး။

ဘုန်းကြီးတို့ ဇာတိရွာက ကျောင်းထိုင်ဆရာတော်က သူ့ကျောင်းနေတဲ့ ကျောင်းသားတွေ အ
ကုန်လုံး ဆံတုန်းနဲ့ပဲနေရမယ်။ ဘိုကေ မထားရဘူး။ ပညတ်တယ်။ ကျောင်းသား ငါးဆယ်
လောက်ရှိတယ်။ ဆံတုန်းလေးတွေနဲ့ ရောင်တုန်းလေးတွေနဲ့။ ပထမတော့ ဘုန်းကြီး
ကြောက်တော့ ရောင်တုန်းလေးတွေနဲ့ပေါ့။ နောက်တော့ အရဲစွန့်ပြီးတော့ တယောက်က
ဘိုကေ ထားလိုက်တာ။ ကျန်တာအကုန် တကျောင်းလုံး ရောင်တုန်းတွေ ပျောက်ကုန်တယ်။
သူလဲ ဘာမှ မတတ်နိုင်တော့ဘူး။ ဒါကို ပြောကြတယ်။ ခေတ်ရေစီးကြောင်း သွားမတားနဲ့တဲ့။
တားလဲမရဘူး။ ရေထဲ ပါသွားမယ်။ဒါတွေက စတိုင်လ်လို့ခေါ်တယ်။ ယဉ်ကျေးမှုလို့ သတ်မှတ်
လို့ရှိရင် ဒီကိစ္စတွေက ဘယ်လိုမှ မြဲမှာ မဟုတ်ဘူး။

မြန်မာ့ယဉ်ကျေးမှုလို့ ထားမယ်ဆိုလို့ရှိရင် အမျိုးသမီးတွေလည်း ဘီးစပတ်ကြီးတွေနဲ့
နေကြရမှာပဲ။ ရောင်တုန်းကြီးတွေ တတောင်လောက် ထုံးပြီးတော့။ မြန်မာ့ယဉ်ကျေးမှု
ဆိုလို့ရှိရင်တော့ အဲသလိုနေမှ။ အဲဒီခေတ် ပြန်သွားရမယ့် သဘောရှိတယ်နော်။ ခေတ်အ
လိုက် လူတွေရဲ့ဝတ်ပုံစားပုံ ဆင်ယဉ်ပုံ ထုံးဖွဲ့ပုံတွေဟာ ပြောင်းလဲပြီးတော့ လာတယ်။ အဲတော့ ခေတ်ရေစီးကြောင်း ဖြစ်ပေါ်လာတာကို သွားပြီး တားလို့တော့မရဘူး။ တားလို့ရှိ
ရင် ရေစီးကြောင်းထဲ မျောသွားမှာပဲ တားလို့ မရဘူး။ အဲတော့ ဒါလည်း ကာချာမဟုတ်ဘူး။
စတိုင်လ်ပဲနော်။ အခုခေတ်မှာ ပိုများသေးတယ်။ စတိုင်လ်တွေက၊ ဟဲလ်စတိုင်လ်ဆို နည်းတာ
မဟုတ်ဘူး။ ပုံစံအမျိုးမျိုးနဲ့ ထားကြတယ်။ ကနေ့ခေတ်မှာ ဘယ်သူမှ မကဲ့ရဲ့ကြတော့ဘူး။
ဆံထုံး မထားလို့ ဘယ်သူကမှ မကဲ့ရဲ့ဘူးနော်။ ရှေးတုန်းက မြန်မာအမျိုးသမီးတွေဟာ ဆံပင်
ရှည်တာကို ဂုဏ်ယူတယ်။ ဒီနေ့တော့ ဆံတို ဂုတ်ဝဲ၊ ဆံတိုပြီးတော့ ဂုတ်ပေါ်ဝဲနေမှ၊ အခုတော့
ဂုတ်တောင် သိပ်မဝဲချင်ကြတော့ဘူး။ ဒီလို ပြောင်းလဲလာတဲ့ အနေအထားတွေရှိတယ်ပေါ့။
ဒါတွေက ကာချာလို့ သတ်မှတ်လို့ မရတဲ့ အရာတွေပဲဖြစ်တယ်ပေါ့။ ဒါက ဝတ်စားဆင်ယဉ်မှု
နဲ့ ပတ်သတ်တာ။

အဲ တခုတော့ရှိတာပေါ့။ ဝတ်စားဆင်ယဉ်မှုနဲ့ ပတ်သက်တဲ့အခါ ယောက်ျားတွေဆို
တောင်ရှည်ပုဆိုးကနေပြီး အခု အတို၊ တောင်တို ပုဆိုးပေါ့။ ဒါတွေ ဝတ်လာ။ အမျိုး
သမီးတွေကြတော့လဲ ထမီဝတ်၊ အခုကြတော့ ဘောင်းဘီရှည်တွေ ဝတ်လာကြတယ်။
ဝတ်လာတဲ့အခါကြတော့ ဒါ ယဉ်ကျေးမှုတွေ ပျက်တယ်လို့ပြောလို့ ရမလားဆို ဒါလဲ
မရဘူး စတိုင်လ်ပြောင်းတာလို့ပဲ ပြောရမှာပဲ။ ကာချာ မဟုတ်ဘူး စတိုင်လ်ပြောင်းတာ။
အဲတော့ ဝတ်စားဆင်ယဉ်မှုတွေ အမျိုးမျိုး လှချင်လို့ လုပ်ကြတာဆိုတော့ လှပါစေပေါ့။
အရုပ်ဆိုးအောင်တော့ မဖန်တီးကြပါနဲ့။ ယဉ်ကျေးမှုဆိုတဲ့ အယူအစွဲနဲ့ အရုပ်ဆိုးအောင်တော့
မလုပ်နဲ့ လှတော့ လှပေါ့။ သို့သော်လည်း နိကပ် စတိုင်လ်တော့ မလုပ်နဲ့။ အဲဒီထိအောင်
တော့ သွားဖို့ မကောင်းဘူးပေါ့ နော်။

အဝတ် ဝတ်တယ်ဆိုတာဟာ ဒီခန္ဓာကိုယ်ရဲ့ကျန်းမာရေးကို အထောက်အကူပြုပြီးတော့
ကြည့်ပျော် ရှုပျော်ဖြစ်အောင် ဆင်မြန်းကြတာ။ လူမှာအဝတ် တောင်းမှာ အကွပ်လို့ ပြော
ကြတယ်။ ဝတ်စားဆင်ယဉ်မှု သပ်သပ်ယပ်ယပ် ဆင်ယဉ်ထားလို့ ရှိရင် အင်မတန်မှ ကြည့်
ပျော်ရှုပျော်ရှိတယ်။ ရုပ်ဆိုးတဲ့လူတောင်မှ ဝတ်စားဆင်ယဉ်တတ်လို့ရှိရင် ချောမောလှပလာ
တယ်။ ဒီလိုဆိုတယ်။ အဲဒါကြောင့်မို့ မြန်မာအမျိုးသမီးတွေ ဝတ်တဲ့စားတဲ့အခါမှာ အမျိုးသား
ရော အမျိုးသမီးရောပေါ့။ အမျိုးသမီးချည်းပြောလို့မဖြစ်ဘူး။ နိကပ်စတိုင်လ်အထိတော့
မသွားကြပါနဲ့လို့ ကျုပ်တို့က ပြောရမှာပဲနော်။ ဘာ့ကြောင့်တုန်း ဆိုရင် လုံလုံခြုံခြုံတော့
ဝတ်မှ ဖြစ်မှာပေါ့။ ဝတ်ကထဲက လုံခြုံဖို့အတွက် ဝတ်ကြတာလေ။ တော်ကြာကြတော့ အဲဒီ
နိကပ်စတိုလ်နဲ့ ဆိုလို့ရှိရင် အဝတ်အစားကုန် သက်သာသွားလိမ့်မယ်။
အဓိပ္ပာယ်က ဘာတုန်းဆိုရင် ကာမဂုဏ်အာရုံစိတ်တွေ နှိုးဆွစေတဲ့ အဝတ်အစားမျိုးတွေ
တော့ မဝတ်သင့်ဘူး။ ရှောင်သင့်တယ်။ အဲဒါကြတော့ ဘာဖြစ်လို့တုန်းဆိုရင် လူ့ရဲ့စိတ်
ဓာတ်နဲ့ ယဉ်ကျေးမှုကို ပျက်ပြားစေတတ်တဲ့ ဝတ်စားဆင်ယဉ်မှုမျိုးကတော့ style လို့ပဲ
ပြောပြော၊ ကာချာလို့ပဲ ပြောပြော အမြဲတမ်း ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဟာ ယဉ်ကျေးတဲ့ပုံစံ
လေးနဲ့တော့ ဝတ်သင့်တယ်။ ဒါကတော့ ဝတ်စားဆင်ယဉ်မှုနဲ့ ပတ်သက်ပြီး လှအောင်တော့
ဝတ်၊ သူများ ကျအောင်တော့မဝတ်နဲ့။ အဲသလို ယဉ်ကျေးမှုတွေ စတိုင်လ်တွေ ဗမာလူမျိုး
တွေမှာ အမျိုးမျိုး ပြောင်းသွားပေမယ့်လို့ ဒါတွေကို culture လို့ ယဉ်ကျေးမှုလို့ မခေါ်ဘူး
ဆိုရင် မြန်မာ့ယဉ်ကျေးမှုဟာ မပျက်စီးသေးဘူးပေါ့။ အကယ်၍ အဲဒီ စတိုင်လ်တွေကို
ယဉ်ကျေးမှုလို့သာ ပြောမယ် ကာချာလို့ပြောမယ်ဆိုရင် လက်ကျန်မရှိအောင် ပျက်စီးသွား
ပြီလို့ ပြောရမယ်နော်။

မြန်မာ့ယဉ်ကျေးမှုတွေက ဘယ်ရောက်သွားတုန်းဆိုတော့ အန်းဒိတ်ဖြစ်ပြီးတော့ ဈေးတော့
မတက်ပါဘူး။ အန်းဒိတ်ဖြစ်ပြီးတော့ မြူစီယမ်ထဲ ရောက်သွားမှာပဲ။ အဲတော့ ဒါဖြင့် ဝတ်ပုံ
စားပုံ နေတဲ့ထိုင်တဲ့ အဆောက်အဦးတည်ဆောက်ပုံ၊ ရှေးတုန်းက အိမ်တွေမှာဆို စကျော
နှစ်ထပ်နဲ့၊ ထရံကာနဲ့၊ ဒီလိုဆိုတာ။ အဲဒါကို ယဉ်ကျေးမှုလို့ သတ်မှတ်မယ်ဆိုရင် တိုက်နဲ့
မနေရဘူးလို့ ဆိုလိုသလို ဖြစ်နေပြီ။ ဒါလဲ ယဉ်ကျေးမှုမဟုတ်ဘူး။ စတိုင်လ် ပြောင်းတယ်
လို့ပဲ မှတ်ရမယ်နော်။ အဲတော့ နေပုံထိုင် ပုံတွေကို ယဉ်ကျေးမှုလို့ သတ်မှတ်လို့မရဘူး။

ဒါဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုတာ ဘာလဲ။
ဘုန်းကြီးတို့ ယဉ်ကျေးမှုဆိုတာ ဘုန်းကြီး စဉ်းစားရသမျှ ပရိသတ်ကလဲ ဆက်ပြီးတော့
စဉ်းစားပေါ့။ ယဉ်ကျေးမှုဆိုတာကို အတိအကျ သတ်မှတ် ဖော်ထုတ်နိုင်ခြင်း မရှိကြဘူး။
တနိုင်ငံနဲ့တနိုင်ငံလည်း မတူကြဘူး။ ယဉ်ကျေးမှု သတ်မှတ်ပုံချင်း။ တဦးနဲ့တဦးလဲ မတူ
ကြဘူး။ အဲတော့ ဒက်ဖနေးရှင်း ဒီဖိုင်းလုပ်ထားတာပေါ့။ ဘယ်ဟာကိုမှ ယဉ်ကျေးမှုလို့
ခေါ်သင့်တယ်။
အပြောင်းအလဲ လုပ်လို့ရှိရင် ပျက်စီးသွားတဲ့ အနေအထားမျိုးတခုကို ယဉ် ကျေးမှုလို့
သတ်မှတ်ရမယ်။ လူ့ရဲ့ပကတိအသွင် ကောင်းမြတ်တဲ့ အနေအထားကနေ ဆုတ်ယုတ်
ပျက်ပြားသွားမယ့် အနေအထားမျိုးရောက်သွားပြီ၊ ဘဝအခြေအနေတွေ ဆိုးဝါးသွားပြီ
နိမ့်ကျသွားပြီ ဆိုရင်တော့ ယဉ်ကျေးမှု ပျက်ပြားတယ်လို့ ပြောရမယ်။

အဲတော့ ပြောရမယ်ဆိုင်  မြန်မာလူမျိုးတွေရဲ့ မြန်မာတို့ရဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာ ဘာလဲ၊
ပြောမယ်ဆိုရင် ဗြဟ္မစိုရ်တရားကို အခြေခံထားတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ဟာ ယဉ်ကျေးမှုပဲ။ 
ဗြဟ္မစိုရ် ဗြဟ္မစိုရ်လို့သာ ခေါ်ရပေမယ့် စာထဲအတိုင်း ပြောမယ်ဆိုရင်တော့
ဗြဟ္မဝိဟာရလို့သာခေါ်ရမယ်။ ဗြဟ္မစိုရ်လို့ ခေါ်စရာ အကြောင်းမရှိဘူးနော်။ ဗြဟ္မစရ
ဗြဟ္မစရိယဆိုတဲ့ စကားလုံးကို ပါဠိလို မေတ္တာကရုဏာ မုဒိတာ ဥပေက္ခာဆိုတာကို ရည်ညွှန်းပြီး
တော့ မသုံးဘူး။ အဲဒီ မေတ္တာကရုဏာမုဒိတာ ဥပေက္ခာကို ဗြဟ္မဝိဟာရလို့သာ သုံးတယ်။
အပ္ပမညာလို့လဲ သုံးတယ်။ သို့သော်
မြန်မာနိုင်ငံမှာ ဘယ်သူက စလိုက်တယ် မသိဘူး။ ဗြဟ္မစိုရ် ဗြဟ္မစိုရ်နဲ့ ခေါ်နေကြတယ်။
ထားတော့။ ဘယ်ဟာပဲဖြစ်ဖြစ် စဉ်းစားဆင်ခြင် ကြည့်ရတယ်။

ဗြဟ္မဝိဟာရလေးပါးကို အခြေခံတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်သည် ယဉ်ကျေးမှုတဲ့…။
မြန်မာလူမျိုးတွေဟာ အဲဒီ စိတ်ဓာတ် ပျက်သွားပြီဆိုရင် မြန်မာယဉ်ကျေးမှု ပျက်သွားပြီလို့
ဒီလိုပြောရမှာပဲ။ အဲဒါတွေ မပျက်သေးသမျှ ဘယ်လိုပဲ ဝတ်ဝတ်၊ ဘာစတိုင်လ်နဲ့ပဲ နေနေ၊
တူနဲ့ပဲစားစား၊ ဇွန်းခက်ရင်းနဲ့ပဲ စားစား၊ လက်နဲ့ပဲ စားစား၊ မေတ္တာကရုဏာ မုဒိတာ
ဥပေက္ခာလို့ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ မပျက်စီးသေးသမျှ ကာလပတ်လုံး မြန်မာ့ရဲ့
ယဉ်ကျေးမှု မပျက်စီးသေးဘူးလို့ ဒီလို ပြောရမှာပဲ။

ဗြဟ္မဝိဟာရတရားလေးပါး
အဲတော့ မေတ္တာဆိုတာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်၊ကိုယ်ရဲ့ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေ
အပေါ်မှာ အကျိုးစီးပွားလိုလားတဲ့ စိတ်ကို မေတ္တာလို့ ခေါ်တာပဲ။ အကျိုးစီးပွားကို လိုလား
တဲ့ မိတ်ဆွေတွေရဲ့စိတ်ဓာတ်မျိုးကို မေတ္တာ။ မိတ္တဆိုတဲ့ စကားလုံးက လာတာ။ မိတ္တဿ
ဧသာ မေတ္တာ။ မိတ်ဆွေတွေရဲ့စိတ်ဓာတ်။ မိတ်ဆွေဆိုတာ ကိုယ့်မိတ်ဆွေတွေအပေါ်မှာ
ကောင်းကျိုး လိုလားတာ ဒါ မိတ်ဆွေပဲပေါ့။ ကြီးပွားစေချင်တယ်။ တိုးတက်စေချင်တယ်။
အဲဒီ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ဆိုရှယ်လတီကြီး တခုလုံး သတ္တဝါအားလုံးရဲ့အကျိုးစီး
ပွားကို လိုလားတဲ့ မေတ္တာစိတ်တွေနဲ့ မြင့်မြတ်တဲ့စိတ် ရှိနေသေးသမျှ ကာလပတ်လုံး ယဉ်
ကျေးမှု မပျက်သေးဘူးလို့ ဒီလိုပြောရမယ်။ မေတ္တာစိတ်တွေ ကင်းမဲ့ပြီးတော့ အမုန်းတရား
တွေ ဝင်လာပြီဆိုရင်တော့ ယဉ်ကျေးမှု ပျက်သွားပြီ။ 
မြန်မာ့ယဉ်ကျေးမှု အစစ်ဟာ မေတ္တာအခြေခံတဲ့ စိတ်နေသဘောထားတခုပဲ။

ဟုတ်တယ်။ မြန်မာလူမျိုးတွေဟာ ခင်တတ်တယ်။ မင်တတ်တယ်။ ဘယ်လောက်
ထိအောင် မြန်မာလူမျိုးတွေဟာ ရက်ရောတုန်းဆိုလို့ရှိရင် ကိုယ်တောင် မစားပဲနဲ့
ကိုယ်အငတ်ခံပြီး သူများကို ကျွေးနိုင်တဲ့ လူမျိုးတွေလေ။  Hospitality ဧည့်ဝတ်
ကျေတဲ့ လူမျိုး၊ မြန်မာလူမျိုးက ကနေ့ထိအောင် ဒီစိတ်ဓာတ်ဟာ မပျောက်သေးဘူး။
တခါတုန်းက ဗြိတိသျှခေတ်မှာ ဗြိတိသျှ တယောက်ထင်ပါရဲ့မြန်မာလူမျိုးတွေရဲ့စိတ်ကို
စပီးဒစ်အော့ အေ ပီပဲလ် စာအုပ်တအုပ်ကို ရေးထုတ်ထားတာရှိတယ်။ မြန်မာလူမျိးတွေ
ရဲ့စိတ်ဓာတ်က အင်မတန်မှ ထူးဆန်းတယ်။ဘာတွေ့တုန်းဆိုတော့ မြန်မာပြည်မှာ အတော်
အသင့် ချမ်းသာတဲ့ လူတယောက်ဟာ အင်မတန်ကြီးမားတဲ့ ကျောင်းကြီး တဆောင်
ဆောက်ပြီးတော့ လှူထားတယ်။ ဘုရားကြီးတွေလဲ တည်ထားတယ်။ သူ့အိမ် သွားကြည့်
လိုက်တော့ သာမန်အိမ်ကလေးဖြစ်နေတယ်။ သူ ကောင်းကောင်းမနေပဲနဲ့ ကျောင်း
ကောင်းကောင်း ဆောက်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ အဲဒါ သူတို့အနေနဲ့ ဘယ်
လိုမှ စဉ်းစားလို့မရဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ တခြားလူမျိုးတွေဆိုတာ ကိုယ့်အတွက်
သာ အရင်စဉ်းစားတာ၊ မြန်မာလူမျိုးတွေဟာ ကိုယ့်အတွက် မစဉ်းစားဘူး။ လှူဖို့တန်းဖို့
ဒါနကောင်းမှု ပြုတဲ့အခါ ကိုယ့်ရှိတာထက်တောင် ပိုပြီးတော့ လှူကြတန်းကြတယ်။ အဲသ
လို မြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးတွေ ရှိတာ။ ဒါ မြန်မာ့ယဉ်ကျေးမှုလို့ ပြောရမယ်။ တခြား
လူမျိုးတွေမှာ မရှိတဲ့ စိတ်ဓာတ်မျိုးပဲ။ အဲဒါ မြန်မာ့ယဉ်ကျေးမှုပဲ။ ဂျင်နရယ် စီတီပေါ့။
မြန်မာလူမျိုးတွေရဲ့ရက်ရောမှု စိတ်ဓာတ်၊ မေတ္တာကို အခြေခံပြီးတော့ ပေါက်ဖွားလာတာ။

ကရုဏာတဲ့၊ အကြင်နာတရားရှိတယ်း မြန်မာလူမျိုးတွေဟာ၊ဒုက္ခရောက်တဲ့ လူကိုသာ ကြင်
နာတာ မဟုတ်ဘူး။အားလုံးအပေါ်မှာ ကြင်နာမှုဆိုတာ ရှိကြတယ်။ ရှိသည့်အတွက်ကြောင့်
မြန်မာ့ယဉ်ကျေးမှုအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် တောရွာတွေမှာ တချို့နေရာတွေမှာ ရှိတုန်း
ပဲ။ နာရေးရှိရင်လဲ ဝိုင်းပြီးတော့ ကူကြတယ်။ မိသားစုတွေအကုန် ဂရုစိုက်ကြတယ်။ ညဆို
သွားအိပ်ပေးတယ်။ အခုခေတ်တော့ သွားအိပ်တဲ့ လူက ဖဲရိုက်တယ်။ ကူတာမဟုတ်ဘူး။ ဖဲရိုက်ချင်တာ။သွားအိပ်ပြီး စောင့်ရှောက်ပြီးတော့ အားပေးစကား ပြောကြတယ်။ စိတ်အား
မငယ်ရအောင် ဆောင်ရွက်ပေးကြ၊ ယဉ်ကျေးမှုအစဉ်အလာအရ သူ့မှာ ဒုက္ခမရောက်ဖို့
အကူအညီတွေပေးကြတယ်။ နာရေးကိစ္စရှိလို့ရှိရင် သွားပြီးတော့ ဝိုင်းထည့်လိုက်ကြတာ
ရွာကလူတွေ၊ မြတ်သော နာရေးတောင် ဖြစ်သွားသေးတယ်။ ကုန်တာထက် ပိုရသွားတယ်။
အဲဒါ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုပဲ။ နာရေးတင်လားဆိုတော့ မဟုတ်ဘူး။ သာရေးကိစ္စ
တွေမှာလည်း ထိုနည်းတူပဲ။ ရဟန်းခံ ရှင်ပြုဖြစ်တယ်ဆိုရင် တရွာလုံး ဝိုင်းပြီးတော့ မဏ္ဍပ်
ဆောက်ပေးကြတယ်။ ထင်းခွေပေးကြတယ်။ ချက်ကြပြုတ်ကြတယ်။ မောင်းထောင်းပေး
တာကအစ အားလုံး ရွာလုံးကျွတ် ဝိုင်းပြီးတော့ လုပ်ကြတယ်။ တပျော်တပါးကြီး။ တွက်ကပ်
ခြင်း မရှိဘူး။နာရေးသာရေး အကူအညီတွေ ပေးကြတာ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။
အဲဒီ ယဉ်ကျေးမှုတွေ မပျက်ဖို့ပဲ အရေးကြီးတယ်။

တချို့နေရာတွေမှာတော့ သိပ်ပြီး မရှိတော့ဘူး။ ဘာလေးဖြစ်ဖြစ် အခကြေးငွေလေး ရမှ
လုပ်ချင်ကြတာတွေ ဖြစ်လာကြ၊ နောက်ပိုင်းမှာလေ။ အဲဒါကြတော့ ယဉ်ကျေးမှု ပျက်ပြား
တာလို့ ပြောရမှာ။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ပြန်ကြည့်လိုက်မယ်ဆိုရင် ကိုင်းသီးကိုင်း
နှံ စိုက်ပျိုးကြတဲ့ ကျေးရွာက မိသားစုတွေဟာ သူ့အခင်းက ဟင်းသီးဟင်းရွက်ပေါ်ရင်
တရွာလုံး ဝိုင်းစားကြ၊ ကိုယ့်အခင်းက ပေါ်ရင်လဲ တရွာလုံး စားဖို့ပေးတယ်။ရောင်စားတယ်
ဆိုတာ မရှိဘူး။ မတွေ့ဘူး။ အခုတော့ လာလာခိုးနေလို့ အဲဒီမှာ စောင့်နေကြရတယ်။ အဲဒါ
က ယဉ်ကျေးမှုတွေ ပျက်ကုန်တာ။ အခုက အလကားလဲ မရတော့ဘူး။ ဟင်းသီးဟင်းရွက်
က စပြီး အင်မတန်မှ ဆွေမျိုးရင်းမှ နည်းနည်းပဲ ရတယ်။ အဲတော့ တောရွာတွေ ကြည့်လိုက်
မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုတွေဟာ ဆုတ်ယုတ်ကုန်တယ်။ အဲဒါတွေက ယဉ်ကျေးမှုတွေ၊
အဲဒါက ယဉ်ကျေးမှု အစစ်။ ဘာလုပ်လုပ် အားလုံး ကူညီကြတယ်။

အခုလဲ အဲဒီ ယဉ်ကျေးမှုအခြေခံ စိတ်ဓာတ်ကလေးတွေနဲ့ မြန်မာပြည်မှာ သာရေးနာရေး
ကူညီမှုအသင်းဆိုပြီးတော့ ဒါက ဒီယဉ်ကျေးမှုလေးတွေ လက်ကျန်လေးတွေ ရှိသေးတယ်
ဆိုတာကို ပြတာနော်။ ယဉ်ကျေးမှု လက်ကျန်တွေ ရှိနေတယ်။ အားလုံး ဝိုင်းဝန်းကူညီ
တတ်တဲ့ စိတ်ဓာတ်ဟာ မေတ္တာကရုဏာကို အခြေခံလို့ ဖြစ်တာတဲ့။ အဲတော့ မြန်မာ့ယဉ်ကျေးမှုဟာ မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ထဲမှာ မေတ္တာနဲ့ကရုဏာ
ကိုတော့ ကနေ့ထိအောင် တွေ့နေရတုန်းပဲလို့ ပြောရမယ်။ ဒါကို အခြေခံတဲ့ စိတ်နေ
သဘောထား မြင့်မြတ်တဲ့ စိတ်နေသဘောထားတွေဟာ ဒီနေ့အထိတွေ့နေရတယ်။
မြန်မာ့ယဉ်ကျေးမှုဟာ လက်ကျန်ရှိသလောက် ရှိနေသေးတယ်။

သို့သော် မုဒိတာ ဆိုတဲ့ ဗြဟ္မဝိဟာရကြတော့ နည်းနည်း လျော့ပါးသွားတဲ့ သဘောရှိတယ်။
တယောက် ကြီးပွားသွားရင် တယောက်မနာလို့တဲ့ ဂျလက်စီကတော့ ရှိတယ်။ တော်တော်
များတယ်။ ဂျလက်စီရှိလို့ မြန်မာပြည်မှာ ဆိုလို့ရှိရင် တယောက် ကြီးပွားပြီ ဆိုလို့ရှိရင်
ဥပမာ လဘက်ရည်တဆိုင် ရောင်းကောင်းရင် အဲဒီနားမှာ လဘက်ရည်ဆိုင် သွားတည်ပြီ။
ဟိုလူလဲ ရောင်း မကောင်းဘူး။ ကိုယ်လဲ ရောင်းမကောင်းဘူး။ အဲတော့ မုဒိတာဆိုတာ သူ
ရောင်းကောင်းပါစေ၊ သူရောင်းတဲ့နေရာ ငါ မရောင်းဘူး ရှောင်ပေးမယ်ဆိုတာ မရှိဘူးနော်။
ဒါက စဉ်းစားကြည့်တာပါ။ မုဒိတာဆိုတဲ့ ယဉ်ကျေးမှုက အင်မတန်မှ ခဲယဉ်းတယ်။

မေတ္တာထားဖို့လဲ လွယ်တယ်။ ကရုဏာထားဖို့က ပိုလွယ်တယ်။ ကရုဏာက သနားပါတယ်
ဟယ်လို့ ပြောတာ တယ် လွယ်တားကိုးနော်။ အဲလိုကြတော့ ကိုယ့်အောက်ကလို့ ထင်ပြီး
သနားတယ်။ ကိုယ့်ထက် သာသွားရင် ဟင်းလို့ ဖြစ်လာရော။ အဲဒီတော့ မုဒိတာမထားနိုင်
ရင် ဘာဖြစ်လဲဆိုတော့ ဣဿာဆိုတဲ့ ဂျလစ်စီဖြစ်တယ်။ အဲဒီ ဂျလက်စီဖြစ်လို့ တယောက်
နဲ့တယောက် မတည့်ကြဘူးတဲ့။ ကိုယ့်ထက်သာသွားလို့ရှိရင် အပြစ်တွေပြောပြီ။
ဘာကြောင့်ဖြစ်တယ် ဘာကြောင့် ညာကြောင့်နဲ့ အပြစ်တွေ ပြောလာပြီ။ ဂျလက်ဆီ။
လူနှစ်ယောက် ဆုံမိတဲ့အခါကြရင် စကားပြောရင် ကြည့်ပေါ့။ သူများအကြောင်း ပြောပြီ။
တယောက်က ဘယ်သူဖြင့် သိပ်တော်တာ ဒါပေမယ့်လို့ စလာရင် အဲဒါ ဂျလက်ဆီသံလေး
ပါလာပြီ။ ဟောင်း အဲဗား ဆိုတာလေးနဲ့ ချတာ။ but တို့ How ever ဟောင်းအဲဗားတို့
သုံးလာပြီ ဆိုရင်တော့ ဒါ သွားတော့မယ်။ အဲဒီ မုဒိတာဆိုတဲ့ စိတ်အခြေခံ သဘောထားကြ
တော့ ဒီယဉ်ကျေးမှုက လျော့ပါးလာတယ်လို့ တွေးရမယ်ပေါ့နော်။

နောက်တခါ ဥပေက္ခာ။ ဥပေက္ခာကတော့ အခုက ပုံပျက်ပန်းပျက်ကို ဖြစ်သွားတာ။
ဥပေက္ခာအစစ်က ဘာတုန်းဆိုရင် ကူညီစရာရှိရင် ကူညီမယ်။ သူ့ဆီက ဘာမှ မမျှော်လင့်ဘူး။
အဲဒါမှ ဥပေက္ခာနော်။ ကူညီစရာရှိရင် ကူညီမယ်။ သူက ကိုယ့်ကို စော်ကားသွားလည်း ကူညီ
ပေးမြဲ ပေးရမယ်။ ကိုယ့်ကို ချီးမွှမ်းလို့လည်း ပိုပြီးတော့ လုပ်မပေးဘူး။ ပုံမှန်အနေ
အထားမျိုး။ တနည်းအားဖြင့်လည်း ကိုယ်ကူညီလိုက်တဲ့အပေါ်မှာ သူ့ဆီက တုန့်ပြန်လာမှာကို
မမျှော်လင့်ဘူး။
အဲဒီ မမျှော်လင့်တဲ့ ဥပေက္ခာဟာ အလွန်မြင့်မြတ်တဲ့ ဥပေက္ခာတဲ့။ 
ဘုရားအလောင်းတော် ပါရမီဖြည့်တဲ့အခါ မေတ္တာရှိလို့ သတ္တဝါတွေကို ကူညီတယ်။
ဥပေက္ခာရှိသည့်အတွက်ကြောင့် သတ္တဝါတွေဆီက တုန့်ပြန်လာတဲ့အရာ တခုမှ မမျှော်
လင့်ဘူး။အဲသလို ဖြစ်ရမယ်။ နော်။ အခုကတော့ ငါကတော့ သူ့ကို ဘယ်လိုကူညီခဲ့တယ်။
ကျေးဇူး မသိတတ်ဘူးဆိုတာက စလာတယ်။ သူမသိတာ ပြောမနေနဲ့ ကိုယ်လုပ်တာပဲ
ပြောရမယ်နော်။ များသောအားဖြင့် လူတယောက်ဟာ ကြီးပွားသွားပြီဆိုလို့ရှိရင် အတော်
အထွတ်အထိပ် ရောက်သွားလို့ရှိရင် ဒီကောင်က ဘယ်တုန်းက ဘယ်လိုအဆင့် ငါ့လက်
အောက်က နေသွားတာ။ အခုမှ သူက ကြီးကျယ်သွားတာ။ အဲလိုတွေပဲ ပြောသံကြားဖူး
တာပဲနော်။
အဲဒါ ဘာတုန်းဆိုရင် ဥပေက္ခာမထားနိုင်တာနဲ့ ဂျလက်စီ များတာပေါ့။ အဲဒီ ယဉ်ကျေးမှုတွေ
ဆက်လက် ထိန်းသိမ်းဖို့တော့ လိုအပ်တယ်။
မြန်မာ့ယဉ်ကျေးမှုဆိုတာ အားလုံး မှတ်သားထားဖို့ရာက မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာအခြေခံတဲ့ မြင့်မြတ်တဲ့ စိတ်နေသဘောထား။ ဒါ မြန်မာတို့ရဲ့ယဉ်ကျေးမှုလို့
ခေါ်တယ်။ 
ခုန ဝတ်စားဆင်ယဉ်မှုတို့ နေပုံထိုင်ပုံတွေ ဒါတွေက ယဉ်ကျေးမှု မဟုတ်ဘူး။ စတိုင်လ်
မျှသာဖြစ်တယ်နော်။

ကဲ နောက်တခု ယဉ်ကျေးမှုတခု ရှာကြည့်ရအောင်…။
မြန်မာတွေရဲ့ယဉ်ကျေးမှုက ဘာလဲ။ မြန်မာလူမျိုးတွေဟာ အချင်းချင်းအပေါ်မှာ ကတိ
တည်တယ်။ 
စကားပြောလို့ရှိရင် ကိုယ်ပြောထားတဲ့ ကတိကို မပျက်ဘူး။ ဒါလဲ မြန်မာ့ယဉ်ကျေးမှုပဲ။
မင်းမှာသစ္စာ လူမှာကတိ၊ ဒီနေရာမှာ ကတိလို့ ကနဲ့ တနဲ့ ရေးရမယ်။ ဟိုဂတိဆိုတာက
ဂက်စတီလေးရှင်းလို့ ခေါ်တယ်။ ဒါက ကတိ၊ ကတိဆိုတာ အတည်ပြုထားတဲ့ နှစ်ဦးသ
ဘောတူထားတဲ့အရာကို ကတိလို့ခေါ်တယ်။ အဂရီးမင့်တ်ပေါ့။အဲဒီ agreement အပေါ်မှာ
ဘာပဲဖြစ်ဖြစ် ရပ်တည်မှုဟာ မြန်မာရဲ့ယဉ်ကျေးမှုတခုပဲပေါ့။ ဒီလူကတော့ ကတိမတည်ဘူး။
ကတိကို ဖောက်ဖျက်တယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုမဟုတ်ဘူး။ ရှေးတုန်းက လူကြီးတွေ
ဟာ အင်မတန်မှ ကတိတည်ကြတယ်။ ဒါကြောင့်မို့ မင်းမှာသစ္စာ လူမှာကတိဆိုတာကို ဆိုခဲ့
ကြတယ်ပေါ့။ ဘာလုပ်လုပ် ကိုယ့်မှာ နစ်နာဆုံးရှုံးမှုကြုံကြုံ ကတိအတိုင်းပဲ။ ရှေးကလူကြီး
တွေ မြန်မာလူမျိုးတွေဟာ အင်မတန်မှ ကတိသစ္စာတည်ကြတယ်ဆိုတာ သမိုင်းတွေမှာ
လည်း ရှိတယ်။ အဲဒါဟာ မြန်မာ့ယဉ်ကျေးမှု တခုပဲလို့ ဒီလိုမှတ်ရမယ်။

နောက်တခုကတော့ ကိုယ်အမူအယာ၊ မြန်မာလူမျိုးတွေရဲ့ကိုယ်အမူအယာနဲ့ ပတ်သက်ပြီး
ယဉ်ကျေးမှုတခုက ဘာလဲဆို ရင် ဂါရဝ၊နိဝါတ ရှေးရှိတဲ့ ယဉ်ကျေးမှု။ ကိုယ့်ထက်ကြီးတဲ့
ပုဂ္ဂိုလ်ရှေ့မှာဆိုရင် ခါးကုန်းပြီးတော့ သွားတယ်။ ပေးလို့ရှိရင် လက်နှစ်ဖက်နဲ့ ပေးတယ်။
နိုင်ငံခြားက လူတွေက အဲဒါကို တော်တော်ထူးဆန်းနေတယ်။ စထရိတ်ပေါ့နော်။ ဗမာတွေက
ပေးရင် လက်ကလေးနှစ်ဖက်နဲ့ပေးတယ်။ နှစ်ဖက်လုံး မပေးလောက်လို့ရှိရင် လက်တဖက်နဲ့ ဓာတ်ဆက်ထားသေးတယ်။ နှစ်ဖက်ဆိုတာလေးက သိပ်မပျက်ချင်ဘူး။ နှစ်ဖက်လုံး ရှေ့ကို
မလှမ်းချင်တဲ့အခါကြတော့ တဖက်က တတောင်ဆစ် လောက်သွားကိုင်တယ်။ အဲဒါမျိုး
တောင် လုပ်လာပြီ၊ အကျင့်လေးတော့ မပျောက်သေးဘူးပေါ့နော်။ အဲတော့ လက်နှစ်ဖက်
နဲ့ ပေးတယ်။ လက်နှစ်ဖက်နဲ့ ယူတယ်။ နိုင်ငံခြားကလူတွေက ဒါကို တော်တော် ထူးဆန်း
နေတယ်။ဗမာပြည်ရဲ့အထူးဆန်း။ အဲဒါ မြန်မာ့ယဉ်ကျေးမှုပေါ့။ တလေးတစားဆိုတဲ့
အဓိပ္ပာယ်ကို ဖော်ပြတယ်။

ပြီးတော့ မြန်မာလူမျိုးတွေဟာ လူကြီးသူမ လေးစားရတဲ့ပုဂ္ဂိုလ်ကို ခြေထောက်နဲ့ ပြလေ့
မရှိကြဘူး။ တချို့လူမျိုးတွေကြတော့ ခြေထောက်နဲ့ပြတယ်။ ကိုယ့်ထက် ကြီးတဲ့လူလဲ
ခြေထောက်ကြီးနဲ့ ထိုးပြတယ်။ မြန်မာလူမျိုးတွေဟာ ခြေထောက်နဲ့ပြရင် အလွန်ရိုင်း
တယ်လို့ ခေါ်တယ်လေ။ အဲဒါမြန်မာ့ယဉ်ကျေးမှုပဲ။ style လို့တော့ သွားမမှတ်နဲ့ မြန်မာ့ ယဉ်ကျေးမှု။ နောက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုက တဖက်သားကို လေးစားသမှုပြုတဲ့
အဓိပ္ပာယ်တွေက ဒါ ယဉ်ကျေးမှုတွေပဲ။ ဒါ ဘာတုန်းဆိုတော့ ဂါရဝ လေးစားတယ်ဆိုတဲ့
စိတ်ဓာတ်၊ အလေးအနက်ထားတယ်ဆိုတဲ့ စိတ်ဓာတ်၊ နိဝါတ မာန်မာန မထားဘူး။
နှိမ့်ချ ဆက်ဆံတယ်ဆိုတဲ့ စိတ်ဓာတ်။ အဲဒါတွေ ဂါရဝနိဝါတစိတ်ဓာတ် အခြေခံထားပြီး
တော့ ယဉ်ကျေးတဲ့အမူအရာနဲ့ ဆက်ဆံတာ မှန်သမျှဟာ မြန်မာ့ယဉ်ကျေးမှုလို့ ဒီလို
ပြောရမယ်။ အဲဒီ ယဉ်ကျေးမှုတွေ မပျောက်ဖို့လဲ လိုတယ်။

သီဟိုဠ်နေတုန်းက သီဟိုဠ်တွေက တဦးနဲ့တဦး ခင်လို့ရှိရင် ခေါင်းကိုင်တယ်။ အဲဒါကို ထိုင်း
တွေက သူတို့ ခေါင်းကိုင်လို့ရှိရင် အတော်စိတ်ဆိုးတယ်။ မြန်မာနဲ့ နီးတာကိုး။ ခေါင်းကို
အထွတ်အမြတ်ထားတယ်။ မြန်မာလူမျိုးတွေလည်း ခေါင်းကို အထွဋ်အမြတ်ထားတယ်။
ကိုယ့်ခေါင်းကို လာပြီး စော်စော်ကားကား ကိုင်ရင် ကြိုက်တာမဟုတ်ဘူးလေ။ သီဟိုဠ်တွေ
ကြတော့ မဟုတ်ဘူး။ ခင်တယ်ဆိုရင် ခေါင်းပွတ်တယ်။ ဒါ ယဉ်ကျေးမှုချင်းကတော့ မတူဘူး
ပေါ့နော်။ အဲဒါကြောင့်မို့လို့ မြန်မာ လူမျိုးတွေရဲ့ယဉ်ကျေးမှုဟာ ဂါရဝနိဝါတဆိုတဲ့ လေးစား
ခြင်း မာန်မာန နှိမ့်ချခြင်းနဲ့ အရိုအသေပေးပြီးတော့ ဆက်ဆံတယ်။ ဒါဟာ ယဉ်ကျေးမှု
တခုပဲ။

နောက်တခု…မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုလို့ ပြောရမယ့်ဟာ ဘာတုန်းဆိုရင်
ဒုစရိုက် ကင်းတဲ့ ကိုယ်ကျင့်သီလ၊ 
မြန်မာလူမျိုးတွေ ရှေးက တော်တော်များများ ဒုစရိုက်နဲ့အသက်မွေးတာကို မကြိုက်ကြဘူး။
ကိုယ်ကျင့်သီလရှိကြတယ်။ဒုစရိုက်နဲ့ အသက်မမွေးဘူး။
ဘုန်းကြီးတို့ ငယ်စဉ်ကာလက ဘုန်းကြီးတို့ရွာ ဧရာဝတီမြစ်ဘေးဖြစ်ပေမယ့်လို့ တံငါ
လုပ်ငန်းနဲ့ ခုခေတ် နားချမ်းသာအောင် ခေါ်ရင် ရေလုပ်သား၊ အဲဒီလုပ်ငန်းနဲ့ အသက်မွေး
တာ တအိမ်ပဲရှိတယ်။ အဲဒီအိမ်ကလည်း ပုံးရှိုးကွယ်ရှိုးနဲ့ နေရှာတာ လူသူ ကြားထဲမဝင်ဘူး။
သိပ်လဲ အဖက်မလုပ်ကြဘူး။ဒါ ငယ်ငယ်တုန်းက သတိထားမိတယ်နော်။ အဲဒီတုန်းက
ဝက်မွေးတဲ့အိမ်ဆိုတာ မရှိဘူး။ ငါးစားချင်ရင် ဝယ်ပဲစားတယ်။
ဈေးကဝယ်စားတယ်။ လာရောင်းရင် ဝယ်စားတယ်။ မြစ်ကပ်နေပေမယ့်လို့ ငါးတွေဘာတွေ
ဖမ်းပြီးတော့ ဒီ မြှုံးထောင်တာတို့ ငါးဖမ်းတာတို့ ပိုက်ချတာတို့ကို ရှုတ်ချတယ်။ အဲဒီခေတ်
ကနော်။ ဒုစရိုက်နဲ့ အသက်မွေးတယ်ဆိုပြီးတော့ ရှုတ်ချတယ်။
အခုခေတ်ကတော့ ဒုစရိုက်ဆိုတာ ဘာခေါ်မှန်း မသိဘူး။ ဘိန်းရှူတဲ့ လူလောက်ပဲကျန်တော့
တယ်။ ဟိုဟာလုပ်ပြီး အသက်မွေးတဲ့ လူလောက်ပဲ ဒုစရိုက်လို့ထင်တယ်နော်။ ဒုစရိုက်ဆိုတာ
အဲဒီ ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ ဒုစရိုက်ဆယ်ပါးနဲ့ အသက်မွေးတာ မှန်သမျှ
ပဲ။ ဒုစရိုက်ကင်းတဲ့ အသက်မွေးမှုကို မြန်မာလူမျိုးတွေက မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်
ရှောက်ခဲ့ကြတယ်တဲ့ တချိန်တုန်းက။ အဲဒါဟာ မြန်မာ့ ယဉ်ကျေးမှုပဲပေါ့။

ငါးပါးသီလလုံကြတယ်။ အင်မတန်မှ ယဉ်ကျေးတယ်။ဟုတ်တယ်။ ပြစ်မှု အင်မတန်မှ
နည်းတယ်။ ခိုးမှုဝှက်မှု အင်မတန်မှ နည်းတယ်။ မိသားစုတွေ စော်ကားမှုတွေ နည်းတယ်။
လိမ်လည်လှည့်စားမှုတွေနည်းတယ်။ အရက်သေစာ သောက်စားမှုတွေ နည်းတယ်။ ရှေး
တုန်းကတော့ အရက်သောက်ချင်ရင် ပုန်းရှိုးကွယ်ရှိုး သောက်ရတယ်။ ခြုံကြား သွားသောက်
ရတယ် နော်။ အရက်သမားဆိုရင် လူတွေက ရွံရှာကြတယ်။ ကနေ့တော့ စားပွဲနဲ့ ကုလား
ထိုင်နဲ့ ပလောင်ခင်းနေတယ်။ ဂုဏ်ရှိသရေရှိ။ အခုကတော့ ဂုဏ်ရှိ အသရေရှိ အမလေး
နိုင်ငံခြားအရက်မှ သောက်နိုင်တယ်ဆိုပြီးတော့ ဂုဏ်က ယူသေးတာနော်။ အဲဒါတွေဟာ
ယဉ်ကျေးမှု ပျက်လာပြီဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြတာ။ ရှေးတုန်းကတော့ အရက်သမား
ဆိုရင် အိမ်ထောင် ရက်သား ချမှာတောင် မိဘတွေက မပေးစားဘူး။ မပေးစားဘူး အရက်
သမားဆိုလို့ရှိရင်။ အခုခေတ်တော့ ဒါမှ ခေတ်မီတယ်ဆိုပြီး ပြိုင်သောက်နေကြလား မသိဘူး။ အဲဒါတွေကတော့ မြန်မာယဉ်ကျေးမှုတွေ ယိုယွင်းလာတယ်လို့ ပြောရမယ်။ ဒါကတော့
ကာချာ culture ပဲနော်။

နောက်တခုကတော့ ဘာတုန်းဆိုလို့ရှိရင်…ဟိရိသြတ္တပ္ပကို အခြေခံတဲ့ ဝတ်စားဆင်ယဉ်မှု၊ 
ဝတ်တယ်စားတယ်ဆိုတာ လှအောင် ဝတ်တယ်။ တကယ် မူရင်းကတော့ ဝတ်တယ်ဆိုတာ
အပူဒဏ်နဲ့ အအေးဒဏ်ကို ကာကွယ်ဖို့နဲ့ လူအမြင်မတော်တဲ့အရာကို မပြဖို့ ဝတ်ကြတာ။
မူရင်းက အဲဒါပဲနော်။ 
ဒီကြားထဲမှာ ဖော်ထားလို့ မကောင်းရင် အဲဒါတွေကို ကာကွယ်တာ။ နာဂလူမျိုးတွေ တွေ့
မှာပေါ့။ လူမမြင်ရမယ့် နေရာကြတော့ ဘာတုန်း မောင်းလေးနဲ့။ မောင်းကလေး ချိတ်ထား
တယ်။ အဲတော့ လူတွေ ဝတ်တယ်ဆိုတဲ့အရာဟာ လူအမြင်မတော်တဲ့အရာကို အရှက်ဆို
ပါစို့နော်။ ရှက်ကောင်းတဲ့ အရာကို ဖုံးဖို့ ဝတ်တာ။
ဘုန်းကြီးတွေလည်း သင်္ကန်းဝတ်တယ်ဆိုတဲ့နေရာမှာ အဲဒါကို ဆင်ခြင်ရတယ်။ယာဝဒေဝ
ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံဆိုတာ-ဟိရိဂုဏ်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်း
ခြင်းအကျိုးငှာ လူမြင်ရင် အရှက်ကွဲမယ့် အရာတွေကို မမြင်ဖို့ရန် အဝတ်ကို ဝတ်ပါတယ်လို့
ဒီလို ဆိုလိုတာနော်။ ခြင်တွေ မှက်တွေ မကိုက်ဖို့ ရာသီဥတု အပူအအေးတွေ ကာကွယ်ဖို့
ဆိုတဲ့ ရည်ရွယ်ချက် ဒါ မူလရည်ရွယ်ချက်။

ဒီထက် နောက်တိုးလာတဲ့ ရည်ရွယ်က လှဖို့ပဖို့ပေါ့။ အဲသလောက်ထိအောင်တော့ လူတွေ
အဖို့မှာတော့ မဆိုးဘူးပေါ့။ လှဖို့ ဝတ်တာ ကောင်းတယ်။ အဲဒီ အရှက်လုံအောင် မဝတ်ဘူး
ဆိုရင် ဟိရီသြတ္တပ္ပ ပျက်ပြားတယ်လို့ ဒီလို ပြောရမယ်နော်။ ဟိရီသြတ္တပ္ပ ပျက်ပြားသွားပြီဆို
ရင် ယဉ်ကျေးမှု ပျက်တယ်လို့ ပြောရမယ်။

ကြားဖူးလား ငါးရာငါးဆယ်ဇာတ်ထဲမှာ။ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ဆက်နွယ်နေတဲ့ ငါးရာငါး
ဆယ်ဇာတ်။ ဟင်္သာမင်းက သူ့ရဲ့ သမီးချောလေးပေါ့။ အဲဒါနဲ့ ပေးစားဖို့ ငှက်တွေကို ရွေးတဲ့
အခါမှာ ဒေါင်းဆိုတဲ့အကောင်ကို သွားရွေးတယ်။ ဒေါင်းကလည်း နည်းနည်းလှတာကိုး။ အဲဒီလို ရွေးလိုက်တဲ့အခါ ဒေါင်းက ပျော်ပြီးတော့ ဘာလုပ်တုန်းဆို အမြီးကြီးထောင်ပြီး
တော့ က တယ်။ ကဲ အမြီးထောင်လိုက်ရင် ဘာပေါ်သွားလဲ။ အဲဒီိမှာ ဟင်္သာဖခင်က ဒီ
ကောင် အရှက်မရှိဘူး။ ငါ့သမီးနဲ့ မတန်ဘူးတဲ့။ အဲဒါနဲ့ သူ မရလိုက်ဘူး။
အဲလိုဆိုတာ။ ငါးရာငါးဆယ်ဇာတ်ထဲမှာ ပါတယ်လေ။ မယူရ မစ္ဆံ မဇ္ဇ န္တိ.အရှက်ကွဲသွား
တယ်။ ဒေါင်းများ ကလိုက်လို့ရှိရင် ပေါ်သွားတာလေ။ မပေါ်ရမယ့်ဟာ သွားပေါ်တာ။
အဲဒါကြောင့် ဟိရီသြတ္တပ္ပ ပျက်ပြားတဲ့ ဝတ်စားဆင်ယဉ်မှုတော့ မလုပ်ကြနဲ့။ အဲဒီအခါကြရင်
လွဲသွားမယ်နော်။ အရှက်မဲ့တယ်ဆိုပြီးတော့။ အဲဒါကတော့ ယဉ်ကျေးမှု ပျက်တယ်လို့
ဒီလိုပြောရမယ်။

အဲဒါစတိုင်လ်လို့တော့ သွားမလုပ်နဲ့။ အခုခေတ်မှာ ဒီစတိုင်လ်က တော်တော်များလာတယ်။
ဖက်ရှင်တွေက များလာတယ်။ အဲဒါကြောင့်မို့ ဟိရိသြတ္တပ္ပအခြေခံတဲ့ ဝတ်စားဆင်ယဉ်မှုမျိုး
ဖြစ်ရမယ်။ ရှေးတုန်းက မြန်မာတွေရဲ့ဝတ်စားဆင်ယဉ်မှုဟာ ဟိရီသြတ္တပ္ပကို အင်မတန်မှကို
ထိန်းထိန်းသိမ်းသိမ်းနေကြတယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဟိရီနဲ့သြတ္တပ္ပကို ဘာလို့
ဟောတုန်းဆိုတော့ လောကပါလတရားနှစ်ပါးလို့ ဒီလို ဟောတယ်။ အကယ်၍ ဟိရီသြတ္တပ္ပ
အလုပ်မလုပ်တော့ဘူး ဆိုလို့ရှိရင် လူ့လောကကြီးဟာ တိရစ္ဆာန်လောကနဲ့ ထူးတော့မှာ မ
ဟုတ်ဘူးတဲ့။ တိရိစ္ဆာန်ဆိုတဲ့ ကောင်ဟာ ဘာ ဟိရီသြတ္တပ္ပမှ မရှိဘူးလေ။ စိတ်ထဲရှိတာ
အကုန်လုံးလုပ်တာ။ အဲဒီတော့ လူတွေဟာ အဲဒီလိုမဖြစ်သင့်ဘူးတဲ့။ ဟိရီသြတ္တပ္ပရှိရမယ်။
ဒါကို ဆိုလိုတယ်နော်။
ဒါလည်း ယဉ်ကျေးမှုတခုကို ပြောပြတာ။ ဒုန္နိဝတ္ထ ဒုပါရုတဆိုတဲ့ ပါဠိစကားရှိတယ်။ မတော်
တရော် ဝတ်တယ်။ မလုံ့တလုံဝတ်တယ်။ မလုံ့တလုံခြုံတယ်။ အဲဒါတွေဟာ မလုပ်သင့်ဘူးတဲ့
နော်။ကာမဂုဏ် အာရုံစိတ်တွေကို ဖြစ်ပွားစေတတ်တဲ့ ဝတ်စားဆင်ယဉ်မှုမျိုးကို ရှောင်ရမယ်။
ဟိရီသြတ္တပ္ပနဲ့ ပြည့်စုံပြီးတော့ လှအောင် ပအောင်တော့ ဝတ်သင့်တယ်။ ဒီလိုပြောတာ။
ဒါလည်း သတိထားပေါ့။

နောက် မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို လေ့လာကြည့်တဲ့အခါမှာ ဘာတွေ့ရလဲဆိုရင်
မိသားစု စိတ်ဓာတ်နဲ့ အချင်းချင်း ကူညီကြတယ်။ ဟုတ်တယ်။ သာရေးနာရေး ကိစ္စရှိတာတို့
အခြားကိစ္စတွေတို့မှာ မနေတတ်ကြဘူး။ ကူညီတတ်ကြတယ်။ ဒါ မြန်မာ့ယဉ်ကျေးမှုပဲ။ ဒါ
ရှာလို့ တွေ့သမျှလေးတွေကို ပြောပြတာပေါ့နော်။

နောက်တခုက.. မြန်မာယဉ်ကျေးမှုက မြန်မာ့ယဉ်ကျေးမှုက ဘာတုန်းဆိုရင်
မိဘကို ရိုသေလေးစားတာ မြန်မာရဲ့ ယဉ်ကျေးမှု။ 
အခုကြည့်လေ။ စင်္ကာပူတော့ မပြောတတ်ဘူး။ အမေရိကန်ရောက်နေတဲ့ မြန်မာမိသားစု
တွေမှာ အဲဒီနိုင်ငံမှာ ကြီးတဲ့ ကလေးတွေက အမေအဖေကို တာ့တာလို့ လက်ပြပြီး နှုတ်ဆက်
သွားတာ။ သူတို့ရဲ့ဘွိုင်းဖရင့် ဂဲလ်ဖရင့်တွေ ခေါ်လာပြီး အမေအဖေရှေ့မှာ ဗြောင်ပဲလေ။
အဲလိုတွေ ဖြစ်နေတယ်။ ဒါ အဲဒီမိသားစုတွေက ပြောလို့ ဘုန်းဘုန်းတို့က သိတာနော်။
ဒကာကြီးတယောက်ကဆို ဘယ်လောက် ငြီးတုန်းဆို သူ့သားတွေ ခေါ်မိတာ မှားတယ်တဲ့။
သူ့မှာ ဘာခေါင်းဆိုလား ဖြစ်နေပြီတဲ့။ အဲလိုတောင် ပြောတယ်။ ငြီးပြီးတော့။ အခုမှ သူ
ခေါင်း ဖြစ်နေပြီတဲ့။ အိမ်ကို ခေါ်ချင်တာတွေ ခေါ်လာတယ်တဲ့။ စိတ်ညစ်နေတယ်။ ငြီးရှာ
တယ်။ အဲဒီတော့ မိဘကို ရိုသေလေးစားမှုတွေ လျော့ပါးသွားပြီးတော့ တာ့တာလုပ်တဲ့
အဆင့်ရောက်လာပြီနော်။ ဒါတင်မကဘူး။ အမေအဖေက မာန်မယ် ငေါက်မယ်။ ရိုက်မယ်
နှက်မယ်ဆိုလို့ရှိရင် ၁၉၉ နှိပ်ပြီးတော့ ပုလိပ်ခေါ်သေးတယ်။ အဲဒါတွေကတော့ ယဉ်ကျေး
မှုတွေ ပျက်ကုန်တယ်လို့ ဒီလို ပြောရမယ်။ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုအစစ်က မိဘ
စကား မြေဝယ်မကျ နားထောင်ကြတယ်။ ရိုသေလေးစားတယ်။ ဒါ မြန်မာ့ယဉ်ကျေးမှု။
အဲဒါတွေ ပျက်သွားလို့ရှိရင် ယဉ်ကျေးမှု ပျက်တယ်လို့ ဒီလိုမှတ်ရမှာ။
ဒီအချက် ၇ ချက်ကို သတိထားပြီးတော့ မှတ်ပါ။

နံပါတ် (၁) အချက်က ဘာတုန်းဆိုရင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ
တရားလေးပါး အခြေခံတဲ့ မြင့်မြတ်သော စိတ်ဓာတ်။ အဲဒီ စိတ်ဓာတ်ကို ထိန်းသိမ်းစောင့်
ရှောက်ခြင်းဟာ မြန်မာတို့ရဲ့ယဉ်ကျေးမှုတခုပဲ။

နောက် (၂)  ကတိတည်ပါ။ တဦးနဲ့တဦး ဆက်ဆံတဲ့အခါမှာ ကတိတည်သော ဆက်ဆံမှု
          ဟာ မြန်မာ့တို့ရဲ့ ယဉ်ကျေးမှု တခုပဲ။

(၃) ဂါရဝနိဝါတ လွှမ်းမိုးတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာဟာ မြန်မာတို့ရဲ့ယဉ်ကျေးမှု
    တခုပဲ။

(၄) ဒုစရိုက်ကင်းပြီးတော့ ကိုယ်ကျင့်တရား ကောင်းအောင် ထိန်းသိမ်းတာလည်း မြန်မာ
     တို့ရဲ့ ယဉ်ကျေးမှုတခုပဲ။

(၅) ဟိရီသြတ္တပ္ပအခြေခံတဲ့ ဝတ်စားဆင်ယဉ်မှုဟာလည်း မြန်မာတို့ရဲ့ယဉ်ကျေးမှုတခုပဲ။

(၆) မိသားစု စိတ်ဓာတ်နဲ့ အချင်းချင်း ရိုင်းပင်းကူညီတာလည်း မြန်မာတို့ရဲ့
     ယဉ်ကျေးမှု တခုပဲ။

(၇) မိဘကို ရိုသေလေးစားတာ ကြီးတဲ့သူတွေကို ရိုသေလေးစားတာဟာလည်း မြန်မာတို့ရဲ့
ယဉ်ကျေးမှုတခုပဲ။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်သိဖို့။ အဲဒါတွေ လျော့ပါးနေရင်တော့ မြန်မာ
လူမျိုးတို့ရဲ့ယဉ်ကျေးမှု ပျက်ပြားတယ်လို့ ပြောရမယ်။ အဲဒါတွေ မလျော့ပါးပဲနဲ့ မြင့်မြတ်တဲ့
စိတ်ဓာတ်တွေ ရှိစွဲရင်း ရှိပြီးတော့ နေမယ်ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု မပျက်သေးဘူးလို့
ပြောရမှာပဲ။ နော်။ ဒါယဉ်ကျေးမှု အစစ်ပဲ။

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ဒါတွေ မပြောင်းဖို့ လိုတယ်ပေါ့။ ခေါင်းက ဟဲယား
စတိုင်လ်တွေ ဘယ်လိုပြောင်းပြောင်း အဝတ်စားစတိုင်လ်တွေ ဘယ်လိုပြောင်းပြောင်း
အတွင်းစိတ်ဓာတ်က ယဉ်ကျေးနေသေးတယ်ဆိုရင် ယဉ်ကျေးမှုလို့ ခြုံငုံ ပြောမယ်ဆိုရင်
ပြောလို့ ရတယ်ပေါ့နော်။ ဒါက မြန်မာတို့ရဲ့ယဉ်ကျေးမှု။


မြန်မာတွေ ကိုးကွယ်တဲ့ ဘာသာတရား
မြန်မာလူမျိုးတွေ ကိုးကွယ်တဲ့ ဘာသာတရားက အားလုံးသိတဲ့အတိုင်း မြတ်ဗုဒ္ဓရဲ့အဆုံးအမ၊
ဗုဒ္ဓဓမ္မသံဃာကို ကိုးကွယ်တယ်။ ကိုးကွယ်တယ် ဆိုတဲ့နေရာမှာ အဓိပ္ပာယ်ရှိဖို့ အဓိပ္ပာယ်သိဖို့
လိုတယ်နော်။ ဘုရားကိုးကွယ်တာ စီးပွားတက်ဖို့ ကိုးကွယ်တာလား၊ လာဘ်ကောင်းဖို့ ကိုး
ကွယ်တာလား၊ အများချီးမွမ်းခံဖို့ ကိုးကွယ်တာလား၊ မျိုးရိုးစဉ်ဆက်မို့ ကိုးကွယ်တာလား၊
ဒါတွေနဲ့ မကိုးကွယ်ရဘူး။ လာဘ်ကောင်းလို့ ကိုးကွယ်တယ်ဆိုရင် သရဏဂုံတောင်
မတည်ဘူးပေါ့။

ကိုးကွယ်တယ်ဆိုတာ
အဲဒါကြောင့်မို့လို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားရဲ့အသိဉာဏ်ကို ယုံကြည်တဲ့
သဒ္ဓါတရားနဲ့၊ ၎င်းသဒ္ဓါတ ရားကို အခြေခံတဲ့ ကိုးကွယ်မှုဖြစ်ရမယ်။ အသိဉာဏ်ကို ယုံကြည်
တယ်ဆိုတာ တန်ခိုးကို ယုံကြည်တာကို ပြောတာ မဟုတ် ဘူး။ အစွမ်းတန်ခိုးကို ယုံကြည်လို့
ကိုးကွယ်တာဆိုလို့ရှိရင် အမ,ခံချင်နေကြတာ လူတွေက၊ အဲဒီတော့ အသိဉာဏ်ကို ယုံ ကြည်
တာနဲ့ အစွမ်းတန်ခိုးကို ယုံကြည်တာ အင်မတန်မှ ကွာတယ်။ အစွမ်းတန်ခိုးကို ယုံကြည်တဲ့
ပုဂ္ဂိုလ်က အဲဒီအစွမ်း တန်ခိုးကို ရချင်လို့၊ အသိဉာဏ်ကို ယုံကြည်လို့ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုရားရဲ့အဆုံးအမနဲ့ မြတ်စွာဘုရားဟာ အသိ ပြည့်ဝသည့် ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်
အမှားနဲ့အမှန် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားဟောတယ်။ ခွဲခြားဟောတဲ့အတိုင်း လုံးဝ
မှန်တယ်။ သံသယဖြစ်စရာမရှိဘူး။ ဘုရားဟောတဲ့အတိုင်း လိုက်နာမယ်ဆိုရင် ဘယ်တော့မှ
မလွဲနိုင်ဘူးလို့ အဲဒီ အသိဉာဏ်ကို ယုံကြည်တဲ့ ကိုးကွယ်မှုဖြစ်ရမယ်။ဒီလိုဆိုလိုတာနော်။

မြတ်စွာဘုရားက လမ်းမှန်ကို ဖော်ပြနိုင်တယ်။ အဆုံးအမတွေ သြဝါဒတွေပေးနိုင်တယ်။အဲဒီ
အဆုံးအမသြဝါဒတွေအတိုင်း ငါတို့လျှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြတ်စွာဘုရားကို ကိုး
ကွယ်တာ။ တခြားဘာသာဝင်တွေ ဘုရားကိုးကွယ်တယ်ဆိုတာ အနန္တတန်ခိုးရှင်က မကိုးကွယ်
ရင် သူ့ကို ဒဏ်ခတ်လိမ့်မယ်။ ကိုးကွယ်မှ ချမ်းသာသုခ ရလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုး
ကွယ်ကြတာလေ။ ကိုးကွယ်ပုံချင်း မတူဘူး။ ဘုရားက မ,တယ်ဆိုပြီးတော့ ကိုးကွယ်တာ။
မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်စစ်စစ် ကိုးကွယ်ပြီဆိုလို့ရှိရင် ဘုရားက မ,လို့ ကိုးကွယ်တာ
မဟုတ်ဘူး။ အမှန်တရား ဟောကြားဆုံးမလို့ အဲဒီ အမှန်ကို သိရဖို့ ဘုရားကို ကိုးကွယ်တာ။
ဒီအဓိပ္ပာယ်ကို ယူရမယ်။

အဲတော့ ဘုရားရဲ့မှန်ကန်တဲ့ အဆုံးအမဆိုတာ ဓမ္မပဲပေါ့။ အဲဒီဓမ္မကို သယ်ဆောင်လာတဲ့
သံဃာတွေဟာ ကျေးဇူးတင်စရာကောင်းတယ်။ လှူစရာတန်းစရာရှိရင် သံဃာ့အဖွဲ့အစည်း
ကို လှူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံဃာတွေကို ကိုးကွယ်တယ်။ ဒီလိုဆိုတာနော်။ အဲဒီ
တော့ ဗုဒ္ဓဓမ္မသံဃကို ကိုးကွယ်တယ်ဆိုတာ ဒီလို မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ ကိုးကွယ်တာ
ဖြစ်ရမယ်။ တခြားနည်းနဲ့ မကိုးကွယ်ရဘူး။ ဒီဘုန်းကြီးက ဗေဒင်အဟောကောင်းတယ်။
ဟိုဘုန်းကြီးက ဆေးပေးကောင်းတယ် ဆိုပြီးတော့ မကိုးကွယ်ရဘူး။ ဒီလိုဆိုတာနော်။
ဗေဒင်ကမှန်လို့၊ နှစ်လုံးထီပေးတာ မှန်လိုက်တာဆိုပြီး သွား မကိုးကွယ်နဲ့။ အဲဒါ မှားယွင်း
တဲ့ ကိုးကွယ်မှုလို့ခေါ်တယ်။ သူသိ သူထိုးမှာပေါ့။ ဒါက ရှင်းရှင်းလေး စဉ်းစားကြည့်ပေါ့
နော်။ လူတရာ ရမ်းပေးရင် တယောက်တော့ တည့်မှာပဲ။ မစဉ်းစားကြလို့ လူတွေက
ယုံနေတာလေ။

အဲဒီတော့ ရတနာသုံးပါးကို ဦးထိပ်ထားပြီးတော့ ကိုးကွယ်တာ။ ဗုဒ္ဓဘာသာက ဒီပြင်
ဘာသာတွေနဲ့ မတူဘူး။ ဆိုလိုတာက ဘာအတွက် ကိုးကွယ်တာတုန်းဆိုရင် အမှန်တရား
ကို သိရဖို့အတွက် ကိုးကွယ်တာ။ အသိဉာဏ်ရဖို့အတွက် ကိုးကွယ်တာ။ ဒါသိထားရမယ်။
စီးပွားတက်ဖို့ ကိုးကွယ်တာမဟုတ်ဘူး။ အမှန်တရားသိဖို့ ကိုးကွယ်တာ။တို့ရဲ့ကိုးကွယ်မှု
ဟာ အမှန်တရားကို သိအောင် ဟောပြနိုင်တဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်တာ။ ဒါဟာ တခု။ အေး
ဒါနကောင်းမှု ဂျင်နရယ်စီတီ အလောဘ၊ လောဘကို ဖယ်ရှားပစ်နိုင်တဲ့ အလောဘနဲ့ မိမိရ
ရှိထားတဲ့ ပစ္စည်းဥစ္စာကို အများနဲ့ ခွဲဝေပြီးတော့ သုံးစွဲတယ်။ မစ္ဆရိယဆိုတဲ့ ငါသာ သုံးမယ်
ဆိုတဲ့ ကျဉ်းမြောင်းတဲ့စိတ်ဓာတ်ကို ဖယ်ရှားပြီးတော့ အများနဲ့ခွဲဝေပြီးတော့ သုံးမယ်ဆိုတဲ့
စိတ်ဓာတ်နဲ့ ပေးတာကမ်းတာ လှူတာတန်းတာ ထောက်ပံ့တာကို ဒါနကောင်းမှုလို့ ခေါ်
တယ်။ အဲဒီ ဒါနကောင်းမှုဟာလည်းပဲ ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့
လိုက်နာကျင့်သုံးတဲ့ အချက်တခုပဲပေါ့။

ငါးပါးသီလ ဆောက်တည်တာဟာ ပတ်ဝန်းကျင်ကို အကျိုးရှိစေတာ
နောက်တခုက ကိုယ့်ကျင့်သီလ၊ ကိုယ်ကျင့်သီလ ကောင်းအောင် ထားတာဟာ မေတ္တာကို
အခြေခံတာနဲ့ အတူတူပဲ။ မေတ္တာကရုဏာ မုဒိတာအခြေခံပြီးတော့ ကိုယ်ကျင့်သီလဖြစ်တာ။
ဆိုပါစို့၊ ငါးပါးသီလဆောက်တယ်လို့ဆိုတာ လူတွေက ထင်တယ်။ ငါးပါးသီလဆောက်တည်
လိုက်သဖြင့် ကိုယ့်အတွက် အကျိုးရှိတယ်လို့ အောက်မေ့ကြတာ။ မဟုတ်ဘူး။ ကိုယ့်အတွက်
က ကုသိုလ်တော့ ရတယ်။ ကုသိုလ်မရတာ မဟုတ်ဘူး။ ဘယ်သူ့အတွက် အကျိုးရှိတုန်းဆို
တော့ ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးရှိတယ်။
ကိုယ့်အတွက်နဲ့ ခြင်တကောင်မှ မသေဘူးဆိုရင် ခြင်တွေအတွက် ဘေးကင်းမသွားဘူးလား။ ပါဏာတိပါတ ဆောက်တည်လိုက်သည်နှင့် တပြိုင်နက် ကိုယ့်လက်နဲ့ ဘယ်သူ့မှ မသတ်ဘူး
ဆိုကထဲက သတ္တဝါတွေအတွက်ပဲ၊ သတ္တဝါတွေက ကိုယ့်ကို အကြောင်းပြုပြီးတော့ သေတာ
မရှိတော့ဘူးပေါ့။ အဲဒါ ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်သွားတာပဲ။ အဲတော့ သီလဆောက်
တည်ရင် ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်တာ သေချာတယ်။

အဒိန္နာဒါနကို ရှောင်ကြဉ်လိုက်သဖြင့် ပစ္စည်းပျောက်လို့ ငိုရယိုရ စိတ်ဆင်းရဲရ၊ ကိုယ်က
သူများပစ္စည်းကို မယူသည့်အတွက်ကြောင့် ကိုယ့်ကိုအကြောင်းပြုပြီး ဘယ်သူမှ စိတ်ဆင်းရဲ
တာ မရှိတော့ဘူး။ ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်တာ။ ကာမေသုမိစ္ဆာစာရ ကိုယ့်ကို အ
ကြောင်းပြုပြီး ဘယ်မိသားစုမှ စိတ်ဆင်းရဲတာမဖြစ်တော့ဘူး။ ဒါလည်း အများပတ်ဝန်းကျင်
အတွက်ပဲ။ 
မိမိကိုယ်တိုင်က မုသာဝါဒကို ရှောင်ကြဉ်လိုက်သဖြင့် ဘယ်သူ့ကိုမှ အကျိုးပျက်အောင် မတ
ရားလိမ်လည်ပြီးတော့ ဒုက္ခရောက်အောင် မလိမ်မညာဘူးဆိုတော့ ဒါလည်း ပတ်ဝန်းကျင်
အတွက်ပဲ။ လူတွေက လိမ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လိမ်တာမှ မဟုတ်တာ။ သူများအကျိုး
ပျက်အောင် လိမ်တာလေ။ တခါ သုရာမေရယကို ရှောင်ကြဉ်လိုက်သဖြင့် နံပါတ်တစ် မူးယစ်
မနေပဲနဲ့ တတ်သင့်တတ်ထိုက်တဲ့ ပညာတွေတတ်အောင် သင်တယ်။ အဲသလို တတ်အောင်
သင်သည့်အတွက်ကြောင့် မိမိမှာ အသိပညာတွေရတယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်တော့
ကုသိုလ်တွေရတယ်။ကိုယ့်ကို အကြောင်းပြုပြီးတော့ ကိုယ့်မိသားစု စားဝတ်နေရေး ပြည့်စုံ
တယ်။နောက်ဆုံး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေတယ်။
ဟော သုရာမေရယလည်း အများအတွက်ပဲ။ သုရာမေရယကို ရှောင်ကြဉ်ခြင်းအားဖြင့် အ
များအတွက် အကျိုးပြုတယ်။ ဒါကြောင့်မို့လို့ သီလဆိုတာ အများအတွက် အကျိုးပြုတယ်
ဒီလိုပြောတာနော်။ ဟုတ်ပြီ အဲဒီ သီလဟာလည်း ဘာသာတရားနဲ့ ပတ်သက်ပြီးတော့
လိုက်နာကျင့်သုံးရတဲ့ အချက်တခုဖြစ်တယ်ပေါ့။

ကံကံ၏ အကျိုးကို ယုံကြည်မှု
နောက်မြန်မာလူမျိုးတွေရဲ့ဘာသာတရား နောက်တခုက ကံနဲ့ ကံရဲ့အကျိုးကို လက်ခံတယ်။
ကံကံ၏ အကျိုးကို လက်ခံ တယ်ဆိုတာ သာမန်အားဖြင့် စဉ်းစားကြည့်လိုက်၊ လက်ခံသူနဲ့
လက်မခံသူ ဘာကွာခြားလဲ။ ကံကံ၏အကျိုးကို လက်ခံတယ်ဆိုတာ ဘယ်လို လက်ခံတာတုန်း ဆိုလို့ရှိရင် ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရ
တယ်။ ကံကံ၏အကျိုးကို လက်ခံတဲ့ ပုဂ္ဂိုလ်က အဲသလို။
လက်မခံတဲ့ ပုဂ္ဂိုလ်ကတော့ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် ဘာမှ မထူးဘူး
ပေါ့။ ကံကံ၏အကျိုး မရှိဘူး။ အဲသလို လုပ်တဲ့ ပုဂ္ဂိုလ်ကြတော့ ဘယ်လိုဖြစ်မလဲ ဘယ်လို
အတွေးတွေ ပေါ်နိုင်သလဲ ခွဲခြားကြည့်မယ်ဆိုရင်
ကံကံ၏အကျိုးကို လက်ခံ ယုံကြည်တဲ့ပုဂ္ဂိုလ်က စဉ်းစားတယ်။ မကောင်းတာလုပ်ရင် ငါ
ဒုက္ခရောက်မယ်။ အဲတော့ ကောင်းတာပဲလုပ်မယ်။ သူက လူကောင်းသူကောင်းဖြစ်မယ်။
ကံကံ၏ အကျိုးကို လက်မခံတဲ့ ပုဂ္ဂိုလ်ကြတော့ ဟေ့ ကောင်းကောင်း မကောင်းကောင်း
မထူးဘူး။ လုပ်ချင်ရာ လုပ်မှာပဲဆိုတော့ မကောင်းတာ လုပ်မှာ သေချာတယ်။ မတူဘူးနော်။
အခြေနေတခုကို ဖော်ထုတ်တာချင်း မတူဘူး။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားက ဘာလဲဆိုရင် ကံကံ၏
အကျိုးကို အသိအမှတ်ပြုတယ်။ မြတ်စွာဘုရားကိုယ်တိုင်က ယံကမ္မံ ကရိဿန္တိ ကလျာဏံဝါ
ပါပကံဝါ၊တဿကမ္မဿ ဒါယာဒေါ ဘဝိဿာမိ၊ ကောင်းတာပဲဖြစ်ဖြစ် မကောင်း
တာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ကိုယ်လုပ်တာရဲ့အမွေကို ကိုယ်ခံရမယ်။ကိုယ်ပဲ အမွေရမယ်။
ဒီလို လက်ခံယုံကြည်တယ်။ အဲဒါဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ ဘာသာတရားတခု။
ကံကံ၏အကျိုးကို လက်ခံတာဟာ အင်မတန်မှ လူတော်လူကောင်းဖြစ်ဖို့အတွက် လမ်း
ကြောင်းပေါ်ရောက်ခြင်းတခုပဲပေါ့။ ဒီလို ဆိုလိုတာ။

ဘဝသံသရာကို လက်ခံမှု
နောက်တခုက ဘဝသံသရာဆိုတာကို လက်ခံတယ်။ မြန်မာလူမျိုးတွေ လက်ခံတဲ့ ဘာသာ
တရား။
ဘဝသံသရာဆိုတာ လက်ခံတယ်၊ ဘဝဆိုတာရှိတယ်။ သံသရာဆိုတာ ရှိတယ်။ လက်ခံတဲ့
အတွက်ကြောင့် ဘဝသံသရာမှာ ဆင်းရဲဒုက္ခရောက်မှာကို ဘယ်သူမှ မလိုလားဘူး။ ချမ်းသာ
သုခရဖို့ လိုလားကြတယ်။ ဒါကြောင့်မို့ သံသရာရှိသည့်အတွက်ကြောင့် အေး မဟုတ်တာ
လုပ်လို့ရှိရင် ငါ သံသရာမှာ ဒုက္ခရောက်လိမ့်မယ်။ ဟော သံသရာရှိသည့်အတွက်ကြောင့်
လူကောင်းသူကောင်း ဖြစ်ဖို့။ သံသရာကို ယုံကြည် လက်ခံခြင်းဟာ လူကောင်းသူကောင်း
ဖြစ်ဖို့ လမ်းခင်းပေးတဲ့ သဘောပဲ။ သံသရာမရှိဘူးဆိုရင် လုပ်ချင်ရာ လုပ်မှာလေ။
လူတွေဟာ သေရင် ပျက်တာပဲ။ နောင်ဘဝဆိုတာ မရှိဘူး။ ဒီဘဝ လုပ်ချင်တာလုပ်။
အင်ဂျွိုင်း ယူဝါ ဆောလ် နော်။ လိုက် အေ ဂရူးဆော့  ပြောကြတယ် မဟုတ်လား။
ဘဝက တိုတိုလေး။ ပျော်ပျော်နေ။ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်မယ်
ဆိုရင် ဒါ ဘဝသံသရာကို မယုံကြည်လို့ လုပ်တာနော်။

ဘဝသံသရာရဲ့အဆုံးသတ်ရာ
နောက်တခုက ဗုဒ္ဓဘာသာဝင်တွေရဲ့အလွန်လေးနက်တဲ့ ဘာသာတရားက အဲဒီဘဝ
သံသရာရဲ့အဆုံးဆိုတာရှိတယ်။
သံသရာအဆုံး ဆိုတာ နိဗ္ဗာန်ပဲ။ အဲဒီကျမှ ဒုက္ခဆိုတာ အဆုံးသတ်မှာပဲလို့ ယုံကြည်လက်ခံ
တဲ့ ဘာသာတရားတခု။ အဲဒီ နိဗ္ဗာန်ဆိုတဲ့ ထာဝရငြိမ်းချမ်းတဲ့ အဆင့်ကို ရောက်ဖို့ဆိုတာ
မဂ္ဂင်တရားရှစ်ပါးနှင့် ဘာဝနာကုသိုလ်ကို အားထုတ်ကြရမှာဖြစ်တယ်။ သူ့လမ်းနဲ့သူ၊

နိဗ္ဗာန်ရောက်ဖို့ရာ လမ်းကြောင်းကတော့ မဂ္ဂင်ရှစ်ပါးပဲ။ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို သမ
ထကျင့်စဉ် ဝိပဿနာကျင့်စဉ်တွေနဲ့ အားထုတ်လိုက်မယ်ဆိုရင် နိဗ္ဗာန်ဆိုတာ လူတိုင်း
သိနိုင်တဲ့ အဆင့်တခုပဲဆိုတာ လူတိုင်း လက်ခံတယ်။ ထိုနိဗ္ဗာန်ကို သိမြင်မှသာလျှင် သံသ
ရာမှာ ကြုံတွေ့ရမယ့် ဆင်းရဲဒုက္ခတွေ အားလုံး လွတ်မြောက်မယ်လို့ ယုံကြည်တာလည်း
မြန်မာလူမျိုးတွေရဲ့ဘာသာတရားတခုပေါ့။ အဲဒီလို ဆိုလိုတယ်။

အဲတော့ မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့ ဘာသာတရားဆိုတာ ယဉ်ကျေးမှုက ကြည့်လိုက်မယ်
ဆိုရင် ရှုဒေါင့် (၇)မျိုး၊ ဘာသာတရားဆိုတာလဲ ကြည့်လိုက်မယ်ဆိုရင် ရှုဒေါင့်(၇) မျိုးကို
ယခုလို တွေ့ကြရမှာဖြစ်တယ်။

အေး ဒါကြောင့်မို့လို့ မြန်မာလူမျိုးတွေ နှစ်ပေါင်းကြာမြင့်စွာ ကာလကစပြီးတော့ ဗုဒ္ဓရဲ့
အဆုံးအမကို ရရှိထားသည့်အတွက်ကြောင့် မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာတရားဆိုတာ
ခွဲထားလို့ မရလောက်အောင် တွဲဖက်ပြီးတော့ မြန်မာလူမျိုးတွေရဲ့အသွေးအသားထဲမှာ
ဘယ်အရာမှ မမြဲဘူးဆိုတာလဲ လက်ခံထားကြတယ်။ ကံတရားကိုလည်း လက်ခံထားကြ
တယ်။ နိဗ္ဗာန်ဆိုတာကိုလည်း ဦးတည်ချက်ထားကြတယ်။
ဒါကြောင့်မို့လို့ ဒီမှန်ကန်သော ယဉ်ကျေးမှုနဲ့ မှန်ကန်သော ဘာသာတရား၊ ဒို့တတွေရဲ့
ရင်ထဲနှလုံးမှာ ရရှိနေတာကို ဒို့တတွေ ဆက်လက်ထိန်းသိမ်းပြီး မြင့်မားအောင် ဒို့တတွေ
ဆက်လက်ထိန်းသိမ်း အားထုတ်ရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး မြန်မာတို့ ရဲ့ယဉ်ကျေးမှု မြန်မာတို့ရဲ့ဘာသာတရားကို ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့်အသီး
သီး ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။
(၂၀၁၃.ဇွန်လဆန်း၊ စင်္ကာပူမှာ ဟောကြားတဲ့တရားတော် အသံဖိုင်ကို ဖြည်ထားခြင်း
ဖြစ်သည်။)

 ( နွေနှင်းမိုး)

 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...