သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, May 24, 2013

PostHeaderIcon ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ဗောဓိသမိုင်း


ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ဗောဓိသမိုင်း အောင်တိုင်းဌာနီ မြန်မာပြည် 

နေနန်းရယ်တဲ့ ဖန်သူရိန်။
တန်ခိုး ဥဏှဂူနှင့် ကဆုန်ဟူ သည်မာသမှာ ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊ ထွန်းလှတဲ့ ငွေတာရိန်ငယ်။
ဒွတ္တိံသနေ့စွဲ။
ပန်းစကားဝါ၊ နန်းမရာ ကေသီဆင်လို့၊
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊ ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊
ခါသဘင် ညောင်ရေသွန်းကြတယ်၊ လွမ်းစရာ့ပွဲ။

ကဆုန်လနှင့် ပတ်သက်၍ အထက်ပါအတိုင်း စာဆိုတော် ဦးပြုံးချိုက ရေးစပ်သီကုံးခဲ့ပါသည်။
ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ကူဆုံ၊ ခူဆုံ၊ ခုဆုံဟု အမျိုးမျိုးခေါ်ဝေါ်ရေးသားခဲ့ကြသည်။
ဗေဒင် ကျမ်းအလိုအားဖြင့် ဤလသည် ပြိဿရာသီဖြစ်ပြီး ဝိသာခါနက္ခတ်သည် လမင်းနှင့်အ တူ ကောင်းကင်တွင် ယှဉ်ပြိုင်ထွန်းလင်းသောလဖြစ်သည်။ ရာသီရုပ်မှာ နွားလား ဥသဘရုပ်
ဖြစ်ပြီး ဤလတွင် ရာသီပန်းအဖြစ် စကားဝါပန်းတို့ ဖူးပွင့်ကြသည်။
နေ့တာရှည်၍ ညတာတိုသော ရက်စုံလဖြစ်သည်။ ကဆုန်လသည် မြန်မာလများတွင် ဒုတိ
ယ လဖြစ်၍ ဥတုသုံးလီတွင် နွေဥတု၌ပါဝင်သည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်းအရ ကုဆုန်၊
ကဆုံတို့တွင် ကု-ကတို့သည် “ရေ” ဟု အဓိပ္ပာယ်ရရှိပြီး ဆုန်၏အဓိပ္ပာယ်မှာ သွန်း၊ လောင်း၊ ဖျန်းခြင်းဖြစ်သည်။ ပညာရှင် များက ဤလကို "ကံ ဥဒကံ ဆိန္ဒတီတိ ကဆိနံ"ယောမာသော၊ အကြင်လသည်။ ကံဥဒကံ၊ ရေကို။ ဆိန္ဒတိ၊ ဖြတ်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သော
မာသော၊ ထိုလသည်။ ကဆိနံ၊ ကဆုန်မည်၏။ဟု ဝစနတ္ထပြုခဲ့ကြသည်။ ဤလသည် နွေရာ
သီ၏ ဗဟိုချက်မကျသော လဖြစ်သဖြင့်လည်း “ကဆုန် နယုန်-ဆွေ့ဆွေ့ခုန်” ဆိုသကဲ့သို့ ပူ လွန်း၍ ဆွေ့ဆွေ့ခုန်ရမတတ် အပူရှိန်လွန်ကဲသောလဖြစ်သည်။

ဤလတွင် အင်း၊ အိုင်၊ ကန်၊ ချောင်း၊ ရေနုတ်မြောင်းများမှာ ရေများခန်းခြောက်၍ သစ်ပင်
ပန်းမန်များမှာ ညှိုးရော်ကာ သေလုမတတ် ရေဓာတ်ခန်းခြောက်သော ကာလလည်းဖြစ်ပါ
သည်။ ဤမျှ ပူပြင်းသောလတွင် ပရိဘောဂစေတီတွင်ပါဝင်သော မဟာဗောဓိပင်များ
ဆက်လက် ရှင်သန်နိုင်ဖို့ရန်အတွက် ဗုဒ္ဓဘာသာဝင်များကဗောဓိပင်ကို ရေဖြင့်သွန်းလောင်း
ပူဇော်ကြသော ဓလေ့သည် ရှေးယခင်ကပင် ပေါ်ထွန်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဒုတိယ
ကမ္ဘာစစ်ကြီး ပြီးဆုံးသောကာလမှစ၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟုသတ်မှတ်ပြီး နိုင်
ငံတော်အစိုးရက ထိုနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် ဂေဇက်ဝင် သတ်မှတ်ပေးခဲ့
ပါသည်။
ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ကဆုန် ညောင်ရေသွန်းပွဲ
ဖြစ်သည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို မြန်မာနိုင်ငံတနံတလျား နေရာအနှံ့အပြား ခမ်းနားကြီး
ကျယ်စွာ ကျင်းပခဲ့ကြပါသည်။

ရှေးခေတ်အခါကစ၍ ဤလတွင် ဘုရင်နှင့်တကွ လုပ်သားပြည်သူများသည် ညောင်ရေသွန်း
ပွဲတော်ကို ရာသီပွဲတော်အဖြစ် ဆင်ယင်ကျင်းပလေ့ ရှိခဲ့ကြသည်။ မြန်မာနိုင်ငံတွင်သာမက
သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ် အစရှိသော ဗုဒ္ဓ
ဘာသာကို အများစုကိုးကွယ်ကြသည့် နိုင်ငံများမှာလည်း ကဆုန်လပြည့်နေ့ကို နှစ်စဉ်
“ဝီဆတ်ဒေး”ဟု သတ်မှတ်ပြီး မိမိတို့ သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုများနှင့် တွဲဖက်၍ ခမ်း
နား ကြီးကျယ်စွာ ကျင်းပလေ့ ရှိကြပါသည်။

ကဆုန်လပြည့်နေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးမြတ်ဆုံးသော နေ့ထူးနေ့မြတ် တနေ့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကဆုန်လပြည့်နေ့၌ သုံး လောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ရန်အတွက် ဒီပင်္ကရာဘုရားမြတ်စွာထံတော်ပါး
တွင် နိယတဗျာဒိပ်ပန်းကို ဆင်မြန်းခဲ့သည်။ တဖန် B.C 624 မဟာသက္ကရာဇ် ၆၈ ခု၊ သော
ကြာနေ့ ကဆုန်လပြည့်နေ့၌ပင် ဖွားမြင်တော်မူခဲ့သည်။ ထို့ပြင် ဗောဓိပင်နှင့် ရွှေပလ္လင်တွင် သစ္စာလေးပါးတရား သိမြင်ပြီး သဗ္ဗညုတဉာဏ်တော်ကိုရရှိသော B.C 589၊ မဟာသက္ကရာဇ်
၁၀၃ ခု ဗုဒ္ဓဟူးနေ့သည် ကဆုန်လပြည့်။ မဟာပရိနိဗ္ဗာန်ဝင်စံတော်မူသော B.C 544 မဟာ
သက္ကရာဇ် ၁၄၈ ခု အင်္ဂါနေ့သည် ကဆုန်လပြည့် စသည်ဖြင့် တိုက်ဆိုင်လှစွာ ကြုံခဲ့ပါသဖြင့်
ဤနေ့သည် လွန်စွာ ထူးမြတ်သော နေ့ထူးနေ့မြတ်ကြီး တနေ့အဖြစ် သာသနာ့သမိုင်း တ
လျှောက်တွင် ထင်ရှားခဲ့ပါသည်။ ထို့ကြောင့် ရှေးလူကြီးများက မှတ်သားရ လွယ်ကူစေရန်
အတွက် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန် နန်း”ဟု လင်္ကာပြုလုပ်ထားခဲ့ကြပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားပွင့်တော်မူရာ မဟာဗောဓိ
ပင်ကို ဘုရားရှင်ကိုယ်တော်မြတ်အဖြစ် ကိုယ်စားရည်မှန်း၍ ညောင်ရေများ ဖြင့် သွန်း
လောင်း ပူဇော်ကြပါသည်။ ထို့အပြင် “ကာဠု၊ ယသော်၊ ညီတော်၊ ဆန္န၊ ကဏ္ဍက၊ သောဏ္ဏ၊
ဗုဒ္ဓဟေ”ဟူသော စကားအရ ဘုရားအလောင်းတော်နှင့် တချိန်တည်း တရက်တည်း မွေး
ဖွားခဲ့သော ဖွားဖက်တော် ခုနစ်ဦးတို့တွင်လည်း ဗောဓိပင်သည် ဖွားဖက်တော်တခုအဖြစ်
ပါဝင်ခဲ့ပါသည်။


ဘုရားရှင်ကိုယ်တော်တိုင် ဗောဓိပင်ကို ပူဇော်ထိုက်ကြောင်းကို တေရသကနိပါတ်တော်
လာ ကလိင်္ဂဗောဓိဇာတ်တော်၌ ဟောကြားတော်မူခဲ့ပါသည်။ ထိုဇာတ်၌ အနာထပိဏ် သူဌေးကြီး လျှောက်ထားသဖြင့် အရှင်အာနန္ဒာက ဘုရားရှင်အားပူဇော်ထိုက်သော စေတီ
တော်များအကြောင်း မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က လောက၌ ကိုးကွယ် ထိုက်ကြောင်း စေတီ သုံးမျိုးရှိသည်။ (၁) သာရီရိကစေတီ -ဘုရားရှင်၏ စွယ်တော်လေးဆူ
တို့နှင့်တကွ အသွေးတော် အသားတော် စသည့် ဓာတ်တော်မွေတော်များ၊ (၂) ပရိဘောဂ
စေတီ- ဗောဓိပင်၊သပိတ်၊ သင်္ကန်းပရိက္ခရာ ကျောင်းအိပ်ရာနေရာ စသည့် ဘုရားရှင်တို့၏ အသုံးအဆောင်ပစ္စည်းများ၊ (၃) ဥဒ္ဒိဿစေတီ - ဘုရားရှင် ကိုယ်စားထုလုပ် ကိုးကွယ်ကြ
သော နိမ္မိတ ရုပ်ပွားဆင်းတုတော်များ စသည့် သုံးမျိုးတို့ပင်ဖြစ်သည်။ ထိုသုံးမျိုးတို့တွင် သာရီရိကစေတီတော်ကို ငါဘုရား သက်တော်ထင်ရှားရှိစဉ် မပြုလုပ်နိုင်၊ ဥဒ္ဒိဿစေတီ
တော်နှင့် ပရိဘောဂစေတီ နှစ်ပါးကိုမူ ပြုလုပ်နိုင်သည်။ ဘုရားရှင်တို့ အသုံးပြုသော ဗောဓိ
ပင်မြတ်သည် ငါဘုရား သက်တော်ထင်ရှား ရှိစဉ်၌ပင် စေတီတော်မည်၍ ပူဇော်ထိုက်သည်
ဟု မိန့်ကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ပူဇော်သည့်ဓလေ့
သည် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ဗုဒ္ဓမြတ်စွာနှင့် မဟာဗောဓိပင်သည် ခွဲခြား၍မရကောင်းပါပေ။မဟာဗောဓိပင်သည် ဘုရား ရှင်၏သင်္ကေတဖြစ်သည်။ မြတ်ဗုဒ္ဓသည် ၃၅ နှစ်အရွယ် ဗောဓိပင် အောက်တွင်ပေါက်သော
ရွှေပလ္လင်ထက် ၌ မဟာသက္ကရာဇ် ၁၀၃ ခု ဃြ ၅၈၉ ကဆုန် လပြည့် ဗုဒ္ဓဟူးနေ့တွင် ပု, ဒိ,
အာ ဟူသော ဉာဏ်တော်သုံးမျိုးကို ရရှိပြီး သဗ္ဗညုတဉာဏ်တော်ရှင်အဖြစ် လောကသုံးပါး
တွင် ဘုရားစင်စစ် ဧကန်ဖြစ်တော်မူခဲ့သည်။ လပြည့်ကျော်တရက်နေ့မှစ၍ ပထမသတ္တာဟ အဖြစ် ဗောဓိပင်ရင်းတွင် ခုနစ်ရက်သီတင်းသုံးတော်မူ၍ ဒုတိယသတ္တာဟတွင် ဤမျှ ကျေးဇူး
ကြီးမားသော ဗောဓိပင်ကို ဘုရားရှင်သည် အနိမိသ ကုန်းထက်မှနေ၍ ခုနစ်ရက် ပတ်လုံး
မတ်တတ်ရပ်ခါ မမှိတ်မသုံသော မျက်စိဖြင့် ကြည့်တော်မူခြင်းဖြင့် ကျေးဇူး ဆပ်တော်မူခဲ့
သည်။ ဤနေရာ၌ “ဗောဓိ” ဆိုသည်မှာ ဘုရားရှင်တို့၏ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ နိဗ္ဗာန်သို့မျက်မှောက် ပြုသော သဗ္ဗညုတဉာဏ်တော်ကို ဆိုလိုပါ သည်။ ထိုဉာဏ်တော်ရရှိ
ရာအရပ် အပရာဇိတ ရွှေပလ္လင်ထက်၌ ပေါက်သော အပင်ကို “ဗောဓိပင်”ဟုခေါ်သည်။
ဥပမာ- ကကုသန် မြတ်စွာဘုရား၏ဗောဓိသည် ကုက္ကိုပင်ဖြစ်သည်။ ကောဏဂုံမြတ်စွာ
ဘုရား၏ ဗောဓိသည် ရေသဖန်းပင်၊ ကဿပမြတ်စွာဘုရား၏ ဗောဓိသည် ပညောင်ပင်၊
နောင်ပွင့်လတ္တံ့သော အရိမေတ္တေယျဘုရားရှင်၏ ဗောဓိသည် ကံ့ကော်ပင် စသည်
တို့ဖြစ်သည်။

ထို့အပြင် ကလိင်္ဂဗောဓိဇာတ်၌ ဘုရားရှင်ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူ
စဉ်က လူအများသည် ပန်းနံ့သာ စသည်တို့ကိုကိုင်ဆောင်၍ ဘုရားရှင်ကို ပူဇော်ရန် လာ
ရောက်ဖူးမြော်ကြသည်။ ထိုအချိန်တွင် သုံးလူထွက်တင် ဘုရားရှင်သည် သတ္တဝါများကို
တရားဒေသနာဖြင့် ချီးမြှောက် ဟောကြားဖို့ရန် ဒေသစာရီကြွချီတော်မူနေ ချိန်နှင့်ကြုံ၍
မဖူးမြော်လိုက်ကြရသဖြင့် စိတ်လက်မကြည်သာ ဖြစ်ကြရပြီး ဂန္ဓကုဋိ တံခါးဝတွင် ပန်းနံ့
သာတို့ကို ချ၍ ပြန်သွားကြရသည်။ ဤအကြောင်းကို အနာထပိဏ် သူဌေးကြီးက အရှင်
အာနန္ဒာအား အကြောင်းစုံ လျှောက်ထား၍ သိရသဖြင့် အရှင်အာနန္ဒာမှ တဆင့် ဘုရားရှင်
အား “ရှင်တော်မြတ်ဘုရား ဒေသစာရီကြွချီနေခိုက် ကိုယ်စား ပူဇော်မှု ပြုလုပ်နိုင်ကြပါရန်
မဟာဗောဓိပင်မှ မျိုးစေ့ကိုယူ၍ ဇေတဝန်ကျောင်းတော် တံခါးမုခ်၌ စိုက်ထားလိုကြောင်း”
တောင်းပန်လျှောက်ထားခဲ့သည်။ ဘုရားရှင်က ထိုသို့ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့ပါလျှင်
ငါဘုရား အမြဲရှိနေဘိသကဲ့သို့ ဖြစ်ပြီး ကုသိုလ်တရားများ တိုးပွားကြောင်းဖြစ်၍ ကောင်း
မြတ်လှပေသည်ဟု နှုတ်တော်ဖြင့် ခွင့်ပြုတော်မူခဲ့ပါသည်။ ထို့ကြောင့် ဘုရားရှင်သည်
မိမိကိုယ်စား ဖူးမြော်ခံနိုင်ရန် အရှင်အာနန္ဒာအား မူလဗောဓိပင်မှ မျိုးစေ့ကို ဆောင်ယူ
စိုက်စေသည်။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ယူဇနာ ၆၀ ဝေးကွာသော
ဗောဓိမဏ္ဍိုင် ကုန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွချီ၍ ကြွေကျဆဲဖြစ်သော မူလ
မဟာဗောဓိ မျိုးစေ့ကို သင်္ကန်းဖြင့်ခံ၍ ယူဆောင်လာခဲ့ပြီး အရှင်အာနန္ဒအား ပေးအပ်
သည်။ ထိုဗောဓိမျိုးစေ့ကို ဇေတဝန်ကျောင်းဝင်းတွင် တံခါးမုခ်၏ သတ်မှတ်နေရာ၌
အနာထပိဏ် သူဌေးသည် မြေသို့ချစိုက်လိုက်ရာ တန်ခိုးတော်ကြောင့် မြေသို့မရောက်မီ
ထွန်တုံးပမာဏခန့် အတောင် ၅၀ မြင့်သော မဟာဗောဓိပင်သည် ပရိသတ်များ၏ ရှေ့
မှောက်၌ပင် ခက်မငါးဖြာနှင့် ပြည့်စုံစွာဖြင့် အံ့သြဖွယ်ရာ ရုတ်ခြည်းပေါက် ဖွားလာခဲ့ပေ
သည်။ ထိုပွဲတော်တွင် ကောသလမင်းကြီးကိုယ်တိုင် ဦးဆောင်၍ ရဟန္တာ မထေရ်ကြီးများ၊
အနာထပိဏ်၊ဝိသာခါ စသော သဒ္ဓါတရားနှင့်ပြည့်စုံသော အရိယာပုဂ္ဂိုလ်များစွာ ပါဝင်ကြ
သည်။ ထိုဗောဓိ ညောင်ပင်အောက်၌ပင် ဘုရားရှင်သည် တညတာနိရောဓသမာပတ် ဝင်
စားတော်မူသည်။ ပေဿနဒီကောသလမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် ထိုမဟာ
ဗောဓိပင်ကို ဘုရားရှင်ကိုယ်တော်အလား ပန်းနံ့သာ၊ ဆီမီး စသည်တို့ဖြင့် နေ့စဉ်ပူဇော်
သက္ကာရပြုကြသည်။ ပူရှိန်ပြင်းသည့် ကဆုန်လသို့ ရောက်သောအခါ မင်းနှင့်ပြည်သူတို့
သည် မဟာဗောဓိပင် မညှိုးရော်စေရန် ရေသွန်း ပူဇော်ပွဲသဘင်ကို ကျင်းပကြသည်။ထို
အချိန်အခါမှစ၍ ကဆုန်ညောင်ရေသွန်း ပွဲတော်ပေါ်ပေါက်လာဟန် ရှိသည်ဟု ရှေးပညာ
ရှင်များက ယူဆကြပါသည်။ ဤဗောဓိပင်ကို အရှင်အာနန္ဒာမထေရ် ကြီးမှူးစိုက်ပျိုးသဖြင့်
“အာနန္ဒာဗောဓိ” ဟု အမည်တွင်သည်။ အိန္ဒိယသို့ ဘုရားသွားဖူးကြသူတိုင်း အာနန္ဒာ
ဗောဓိပင်ကို ဇေတဝန်ကျောင်းဝင်းတွင် ယနေ့တိုင် ဖူးမြော်နိုင်ပါ သည်။

အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောက မင်းတရားကြီးသည် အရှင်မဟာ
မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်၏ အမိန့်ရှိတော်မူသည့် အတိုင်း မဇ္ဈိမဒေသ ဘုရား
ပွင့်တော်မူရာ မူလမဟာဗောဓိပင်ကြီးမှ တောင်ဘက်ကိုင်း (ဒက္ခိဏ“ တောင် + သာခါ
= အကိုင်း)ကို ညောင်ပင်အောက် အင်းပျဉ်ပေါ်တွင် မင်းကြီးကိုယ်တိုင် ရပ်ကာ လက်ယာ
တောင်ကိုင်းကို ရွှေစုတ်တံဖြင့် ဟင်းသပြဒါး (ဆေးဒန်းမြင်းသီလာ)တို့ဖြင့် ရေးသားပြီး
“အကယ်၍ မဟာဗောဓိပင်သည် သီဟိုဠ်ကျွန်း၌ တည်အံ့၊ ငါသည်လည်း ဘုရားသာသ
နာ၌ ယုံမှားကင်းသည်ဖြစ်တံ့၊ ဤဗောဓိပင်သည် အလိုလို ရွှေဖျဉ်း၌ တည်ပါစေသတည်း"
ဟု သစ္စာဆိုလေ၏။မင်းကြီး သစ္စာဆိုပြီးသည်နှင့် တပြိုင်နက် သတ်မှတ်ထားသော နေရာ
မှ ပင်စည်အမြင့် ဆယ်တောင်မျှရှိပြီး ဗောဓိသီးငါးလုံးပါရှိသည့် လေးတောင်ခန့်မျှသော ခက်မငါးဖြာနှင့် ပြည့်စုံသည့် လက်ယာတောင်ကိုင်းသည် အလိုလိုပြတ်၍ ရွှေဖျဉ်းထက်၌ တည်လာလေသည်။ ၄င်းဗောဓိပင်ကို သီရိဓမ္မာသောကမင်းကြီး၏ သမီးတော်ဖြစ်သော သင်္ဃမိတ္တာရဟန္တာထေရီမသည် ပရိသတ် အခြံအရံများစွာနှင့်တကွ သီဟိုဠ်နိုင်ငံသို့ ဦး
ဆောင်၍ ပင့်ဆောင်ပြီး စိုက်ပျိုးခဲ့လေသည်။ ထိုဒက္ခိဏသာခါ ဗောဓိပင်ကို ယခုတိုင် သီ
ဟိုဠ်ဘုရားဖူး သွားသူတိုင်း သွားရောက်ဖူးမြော် ပူဇော်နိုင်ကြပါသည်။

မှတ်ချက် ။ ။ သီဟိုဠ်သားတို့သည် ထိုဗောဓိပင်များမှ ကြွေကျသော ဗောဓိကိုင်းနှင့် တကွ
အရွက်များကို အမှုန့်ကြိတ်သရိုးကိုင်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်ပုံများ ပြုလုပ်ကိုးကွယ်ကြ
သဖြင့် “ဒက္ခိဏသာခါ” ဟု ခေါ်သည်။ သက္ကရာဇ် ၇၈၈ ခုနှစ်၊ အင်းဝ နေပြည်တော်နန်းစံ မိုးညှင်းမင်းတရားကြီး လက်ထက်၌ သီဟိုဠ်မှ ဘုရားရုပ်ပွားတော် အဆူသုံးရာကျော် ပဏ္ဏာ ဆက်သလာသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ဒက္ခိဏသာခါ ဆင်းတုတော်များ စတင်
ပေါ်ပေါက်လာကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မိန့်ဆိုသည်။

မြန်မာနိုင်ငံသို့လည်း မဟာဗောဓိ ပင်မျိုးများ သာသနာရောက်စကပင် စတင် ရောက်ရှိခဲ့
လေသည်။ အကြောင်းမှာ မြန်မာတို့၏ ၁၂ လတွင် ဒုတိယလကို ကဆုန်လဟု နာမည်ပေး
ထားကြခြင်းမှာ ကု = ရေ + ဆုံ = သွန်းလောင်းခြင်းကို စွဲ၍ ပေးခဲ့ကြသည်ကို ထောက်ဆ
သောအားဖြင့် မြန်မာနိုင်ငံတွင် ညောင်ရေသွန်းလောင်းခြင်း ဓလေ့သည် မဟာဗောဓိပင်
ပွားများ ရောက်စကပင် ဖြစ်ပေါ်ခဲ့လိမ့်မည်ဟု မှန်းဆရပါသည်။ သက္ကရာဇ် ၆၅၃ ခုနှစ်စွဲ သင်ကြီးညောင်အုပ် ကျောက်စာ (ကျော) ၂၂၊ ၂၃ တွင် မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်
ရိယ်သွန်၊ မပြစ်စေ လျင်တည်၏” စသော ပုဂံမြို့ စောလှဝန်း ကျောက်စာ အထောက်အ
ထားများအရ ပုဂံခေတ်တွင် မဟာဗောဓိ ညောင်ပင်များ ကိုးကွယ်သောဓလေ့ ရှိနေပြီဖြစ်
ကြောင်းနှင့် ပင်းယခေတ်တွင် ပေါ်ပေါက်လာသော“စကား ဝတ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေတန့်စကူး။ နွေလဆန်း၊ ဆန်းလေဦး၊ ဝတ်ဆံရွှေသား။ စံကားပွင့်လှဦး” ဟူသော
ပြည်မင်း မျက်နှာရှည် ကာချင်းအရလည်းကောင်း ပုဂံခေတ်၊ ပင်းယခေတ်တို့တွင်
ညောင်ရေ သွန်းလောင်းခြင်း ဓလေ့ရှိ နေပြီဖြစ်ကြောင်း ထင်ရှားပါသည်။ ပေါင်းလောင်း
ရှင်ခေါ်သည့် အရှင်ကဿပမထေရ်သီဟိုဠ်မှ ပင့်ဆောင်လာသည့် ညောင်ရေသွန်းပွဲ
တော်သည် ကဆုန်လ၏ ရာသီပွဲတော်သာမက ဘာသာရေး ပွဲတော်လည်းဖြစ်ပါသည်။

ဗုဒ္ဓပူဇနိယ ပွဲတော်များအနက် အထူးမြတ်ဆုံးဖြစ်ပြီး အလေးအနက်ထား အပ်သော မဟာ
ဗောဓိပူဇာ ပွဲသဘင်လည်း ဖြစ်ပါသည်။ ဗုဒ္ဓသာသနာတော် ထွန်းကားရာအရပ်တိုင်း၌
“သာသနာတော် အစ မဟာဗောဓိပင်က” ဟူသော တူညီသည့် ရည်ရွယ်ချက်တို့ဖြင့် မဟာ
ဗောဓိပင်အား ဘုရားရှင်ကိုယ်တိုင်အလား အမွှေး နံ့သာရည်များဖြင့် သွန်းလောင်း ပူဇော်
လေ့ရှိကြသည်။ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားရှင် ဗောဓိ
ဉာဏ်ကိုရရန် အားထုတ်တော်မူရာ၌ အမှီပြု အသုံးပြုတော်မူခဲ့သော ဗောဓိပင် ဖြစ်၍
စေတီသုံးမျိုးတို့အနက် ပရိဘောဂ စေတီတွင် ပါဝင်သည့် ဗောဓိပင်ကို ဘုရားရှင် အား ရည်မှန်းပြီး ညောင်ရေသွန်း လောင်းပူဇော်ပွဲများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ၌ ကဆုန်လပြည့်နေ့ ရောက်သည်နှင့် ငါးပါး၊ ရှစ်ပါး စသည့် သီလများကို မိမိတို့
တတ်စွမ်းသမျှ ခံယူ ဆောက်တည်ကြပြီး သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံယူ၍
ဗုဒ္ဓါနုဿတိ ဘာဝနာများကို တနေကုန်ပွားများ အားထုတ်ဖို့ လိုအပ်ပါသည်။ ဒါန၊ သီလ၊ ဘာဝနာကုသိုလ် ကောင်းမှုများကို ကြိုးစား ပြုလုပ်ကြရင်း မိမိတို့နီးစပ်ရာ ဗောဓိပင်များသို့
သွားရောက်ပြီး အမွှေးနံ့သာရည်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ သွန်းလောင်းကာ ကုသိုလ်ယူ
ကြရပါမည်။ အချို့အသင်းအဖွဲ့များသည် ရွှေတိဂုံ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ ဆူးလေစ
သော တန်ခိုးကြီးဘုရားများတွင် စုပေါင်း၍ သံဃာတော်များ ပင့်ပြီး “အနေကဇာတိသံသာ
ရံ” အစချီသော ဥဒါန်းဂါထာတော်များနှင့် “ဇယန္တောဗောဓိယာမူလေ" အစချီသော ဂါထာ
များကို သံပြိုင်ရွတ်ဖတ် ပူဇော်နာယူကြပါသည်။ ညောင်ရေသွန်းလောင်းကြပုံမှာ-ဗောဓိပင်
ကို ဗြဟ္မာ၊ နတ်၊ သိကြား၊ နဂါး၊ ဂဠုန်များက အရပ်ရှစ်မျက်နှာ ဝန်းရံ၍ စတုလောကပါလ နတ်မင်းကြီးလေးပါးတို့မှ အရပ်လေးမျက်နှာတို့တွင် နေရာယူထားကြပြီး တာဝန်ကျသူများ
က ညောင်ရေအိုး ကိုယ်စီဖြင့် အဆင်သင့်ဖြစ်သောအခါ အခမ်းအနားမှူးမှ ညောင်ရေသွန်း
ရန် အချိန်တန်ပြီဖြစ်ကြောင်း ပန်ကြားလိုက်သည်နှင့် တပြိုင်နက် အရပ်ရှစ်မျက်နှာမှ နတ်
ဗြဟ္မာ အားလုံးတို့က “ဇယောဟိ ဗုဒ္ဓဿ သိရီမတော အယံ” အစချီသော ဂါထာကို သံပြိုင်
ရွတ်ဆိုပူဇော်ပြီး ပြိုင်တူ ညောင်ရေ သွန်းလောင်းပူဇော်ကြပါသည်။

အထက်ပါဂါထာသည် ဘုရားရှင် ဗောဓိပင်နှင့်ရွှေပလ္လင်၌ မာရ်နတ်မင်းကြီးကို အောင်မြင်
တော်မူစဉ်က မာရ်နတ်မင်း ရှုံးနိမ့်၍ အဝေးသို့ ထွက်ပြေးသွားသောအခါ နတ်ဗြဟ္မာများက စုပေါင်း၍အောင်ပွဲခံ ကြွေးကြော်ရွတ်ဆိုသော အောင်သံပေးဂါထာ ဖြစ်ပါသည်။ အဓိပ္ပာယ်
မှာ “ဤပွဲကြီးသည် ကျက်သရေတော်များ သခင် ဘုရားရှင်၏ အောင်ပွဲသဘင်ကြီး ပါပေ
တည်း။ ယုတ်မာ ညစ်ညမ်း ပညာကန်းသည့် မာရ်နတ်သား၏ ရှုံးပွဲကြီးပင် ဖြစ်တော့သ
တည်း” ဟု ဗြဟ္မာ၊ နတ်၊ သကြား၊ နဂါး၊ ဂဠုန်တို့က စုရုံးပြီး ဝမ်းမြောက်ဝမ်းသာ စကြဝဠာ
တခုလုံး သိမ့်သိမ့်တုန်အောင် ချီးကျူးကြွေးကြော် အော်ဟစ်ဂုဏ်ပြုသော အသံတို့ပင်ဖြစ်
ပါသည်။

“တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊သမေစိတ္တေ သမံ ဖလံ”ဟူသော ဘုရားဟောဒေသနာအရ နိဗ္ဗာန်သို့ ကြွသွားတော်မူပြီးသော ဘုရားရှင်ကို အာရုံပြု၍ ပူဇော်ခြင်းသည် မျက်မှောက်ဘုရားရှင်ကို
ဖူးမြော်ပူဇော်ရသကဲ့သို့ ဖြစ်၍ အကျိုးထပ်တူညီမျှဖြစ်၏ဟု ဟောကြားတော်မူခဲ့ပါသည်။
ပဉ္စဒိပိကာထေရီ ဝတ္ထု၌ ဗုဒ္ဓမြတ်စွာ၏ ပရိဘောဂစေတီဖြစ်သော ဗောဓိပင်ကို ဆီမီးငါးတိုင်
တို့ဖြင့် ပူဇော်ခဲ့ဖူးသောကြောင့် ကမ္ဘာတသိန်းတိုင်အောင် အပါယ်လေးပါးသို့ မလား မကျ
 ရောက်ရဘဲ လူနတ်တို့၏ စည်းစိမ်ချမ်းသာတို့ကိုသာ အထပ်ထပ်အခါခါ ခံစား၊ စံစား ရပြီး
လောကီလောကုတ္တရာ ကောင်းကျိုး ချမ်းသာများတိုးပွား၍ အဆုံးဘဝ၌ မဂ်ဖိုလ် နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ရဖူးသည်ဆိုသည့် ဘုရားဟော ဒေသနာတော်အား ထောက်ထား၍ ကဆုန်
လပြည့်ဗုဒ္ဓနေ့၌ ပူဇော်သူများအားလုံးတို့သည် ဘေးကင်းရန်ကွာ သုခချမ်းသာ ကျက်သရေ
မင်္ဂလာ တို့နှင့် ပြည့်စုံ၍ နိဗ္ဗာန်ရောက်ရန် သေချာသော အထောက်အပံ့ကောင်း
စင်စစ်ဧကန်ဖြစ်ပါသည်။

ထို့ကြောင့် “ကဆုန်လပြည့် ဗုဒ္ဓနေ့” အခါ သမယတွင် ဘုန်းတော်အနန္တ၊ ကံတော် အနန္တ၊
ဉာဏ်တော် အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော် အနန္တတို့နှင့် ပြည့်
စုံတော်မူသော မြတ်စွာ ဘုရားရှင်ကို အာရုံပြု၍ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ညောင်ရေ
သွန်းလောင်း ပူဇော်ရသဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနှင့်တကွ နိုင်ငံ
သူနိုင်ငံသားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးအနန္တ ပြည့်စုံ
ကြ၍ အောင်တိုင်းဌာနီ မြန်မာပြည်ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း
တောင်းလိုက်ရပါသည်။

ဦးထွန်းထွန်းဦး (သဒ္ဓမ္မဇောတိကဓဇ) The Voice Weekly
တောင်ကိုးရီးယားနိုင်ငံတွင်လည်း ကဆုန်လဆန်း ၈ ရက်နေ့လောက်ထဲက စတင်၍
Buddha BirthDay. ဗုဒ္ဓဘုရားရှင်ရဲ့မွေးနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပုံများကို
တီဗွီများမှ နေ၍ ကြည်နူးဖွယ်မြင်ရသည်။ တရုပ် ဂျပန်နဲ့ ထိုင်ဝမ် တို့တွင်လည်း စည်စည်
ကားကား ကျင်းပကြသလို စင်္ကာပူနဲ့ မလေးတို့၌လည်း မြန်မာများ ဆုံဆည်းရာမြန်မာ
ကျောင်းများတွင်  ကျင်းပခဲ့ကြသည်။

(24.5.2013)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...