သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, May 7, 2013

PostHeaderIcon လူ့အခွင့်အရေး ကြေညာစာတမ်း

Universal Declration of Human Rights

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံအစည်းအဝေးက လူ့ အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏ စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံ ပါရှိသည်။  ဤကဲ့သို့ ရာဇ၀င်တွင်မည့်
ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ၀င် နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေ ရန် ကြေညာပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ပြင် နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေ များ၏ နိုင်ငံရေးအဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်း
များနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချီ ဝေငှစေရန်၊
မြင်သာအောင်ပြ ထားရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းချက်များ ဖော်ပြစေရန်
ဆောင်ရွက်စေရမည့် အကြောင်းကိုလည်း ဆင့်ဆိုညွှန်ကြားလိုက်သည်။

စကားချီး.....

လူခပ်သိမ်းတို့၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှ ခံစားခွင့်ရှိသည့် အခွင့်အရေး
များကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း၊

လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာ
ကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူကို ဖြစ်ပေါ်စေခဲ့သော
ကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင် မှု၊ ကြောက်ရွံ့ခြင်း၊ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာအသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့်
လောကတခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က  မိမိတို့၏ အထက်သန်ဆုံး လို
လားချက် ဆန္ဒကြီးအဖြစ်ဖြင့်လည်းကောင်း၊

လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ကို
နောက်ဆုံး မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာတော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန်၊ လူ့အခွင့်များကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့်၎င်း၊

နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည်ဖြစ်
သောကြောင့်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကို
လည်းကောင်း၊ လူ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အ ခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အ တည်ပြုပြီးသည့်အပြင် လူမှုဘ၀ ကြီးပွားတိုးတက်ရေးနှင့် ပိုမိုလွတ်လပ် ကောင်းမွန်သော
လူ့နေမှုဘ၀ အဆင့်အဆန်းကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့်လည်းကောင်း၊

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူ့အခွင့်အရေးများကို
၎င်း၊အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကို၎င်း၊ကမ္ဘာတ၀ှမ်းလုံးတွင် ရိုသေလေးစား ကျင့် သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်၎င်း၊

ထို့ကြောင့် အထွေထွေညီလာခံကြီးမှ

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းသည် အ
စဉ် နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို
ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလ
သမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူ
ပြည်သားများအား အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိ
ရောက်စွာ သိမှတ် ကျင့်သုံး စောင့်စည်းကြစေရန်၊ ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော
ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အ
ရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တ
ပြေးညီစွာ ဆောင်ရွက်ကြစိမ့်သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။

အပိုဒ် ၁

လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အ
ခွင့် အရေးများဖြင့်လည်းကောင်း မွေးဖွား လာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်
တတ်သောဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း
မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊
လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအ
ရောင် အားဖြင့်ဖြစ်စေ၊ ကျား၊မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကား အားဖြင့်ဖြစ်စေ၊ ကိုး
ကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက် အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူနေမှု အဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့်ဖြစ်
စေ ခွဲခြားခြင်းမရှိစေရ။

ထို့ပြင် လူတဦးတယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏
နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊
အဆင့်အတန်း တခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတခုသည် အချုပ်
အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့တည်းမဟုတ် ကုလသမဂ္ဂမှ ထိန်းသိမ်စောင့်
ရှောက် ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာတို့ကို တစိတ် တဒေသလောက်သာ ရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသော အကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်း
လုံးဝ မရှိစေရ။

အပိုဒ် ၃

လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ် ၎

မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း ခိုင်း
စေခြင်း မပြုရ၊ လူကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထို
သဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။

အပိုဒ် ၅

မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်
ငယ်စေသော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ် ၆

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်း
ကို ခံယူပိုင် ခွင့်ရှိသည်။

အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို
ခြားနားခြင်း မခံရစေပဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရား
များကို ဖီဆန်၍ ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၈

ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်း
အတွက်ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက် ဖျက်ဆီးသောပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။

အပိုဒ် ၉

မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊
ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

အပိုဒ် ၁၀

အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှု
ကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်
မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာ စစ်ဆေးခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၁

(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား
စီရင်ခြင်း ခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူ
ဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သောအခွင့်အရေးများကို ထိုသူ အား ပေးပြီးဖြစ်စေရမည်။

(၂) လူတဦးတယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ
အရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆို အပြစ်
ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်
ဒဏ်ထက် ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်၎င်း၊ မိမိ၏
မိသားစုကိုသော်၎င်း၊ မိမိ၏ နေအိမ်အသိုက်အ၀န်းကိုသော်၎င်း၊ စာပေးစာယူကိုသော်
၎င်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်
သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်
ရောက်စွက် ဖက်ခြင်းမှသော်လည်း၎င်း၊ ပုတ် ခတ်ခြင်းမှသော်၎င်း ဥပဒေအရ
ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃

(၁) လူတိုင်းတွင် မိမိနိုင်ငံ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းနိုင်ခွင့်၊
 နေထိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှ၎င်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ၁၄

(၁) လူတိုင်း ညှင်းပန်းနှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌
 အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။

(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွယ်
ချက်နှင့် သဘောတရားမူများကို ဖီဆန်သော အမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်
လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေး
ကို အသုံးမပြုနိုင်စေရ။

အပိုဒ် ၁၅

(၁) လူတိုင်းသည် နိုင်ငံတနိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ် စွန့်လွှတ်ခြင်း မခံစေရ။
နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ၁၆

(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်၎င်း၊ နိုင်ငံသား
အဖြစ်ကိုသော်၎င်း၊၊ ကိုးကွယ်သည့်ဘာသာကို၎င်း၊ အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိဘဲ
ထိမ်မြားနိုင်ခွင့်နှင့် မိသားစု ထူထောင်ခွင့်ရှိသည်။ အဆိုပါယောက်ျားနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ် အချိန်အတွင်းသော်၎င်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌သော်၎င်း၊ လက်ထပ်ပေါင်းသင်းအိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်း
သော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။

(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင်
လက်ထပ် ထိမ်းမြားခြင်းကို ပြုရမည်။

(၃) မိသားစုတခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တရပ်ဖြစ်သည်။ ထို
မိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ၁၇

လူတိုင်းတွင် မိမိတဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍သော်
လည်းကောင်း၊ ပစ္စည်း ဥစ္စာတို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရ
မဟုတ်လျှင် မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။

အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့်
လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်
ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ် စွာ ပြောင်းလဲနိုင်ခွင့်ပါဝင်
သည့်အပြင် မိမိတယောက်ချင်းဖြစ်စေ၊အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့
မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲသော်လည်းကောင်း၊ မိမိ ကိုး ကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာသင်ပြနိုင်ခွင့်၊
ဝတ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉

လူတိုင်းသည် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောပြနိုင်ခွင့်ရှိသည်။
အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာနှင့်
သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်
 နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀

(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။

(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတခုသို့ ၀င်စေရန် အတင်းအကျပ် မပြုရ။

အပိုဒ် ၂၁

(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်
လိုက်သည့် ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေး
     ရှိသည်။

(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။အဆိုပါဆန္ဒ
ကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေး
ကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့် ရှိရမည့်အပြင်၊ ထိုရွေးကောက်
ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ
ကျင်းပရမည်။

အပိုဒ် ၂၂

လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တဦးအနေနှင့် လူမှုရေးလုံခြုံခွင့် ရယူပိုင်ခွင့် ရှိသည့် အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအ
သီးသီး၏ ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်
သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်
သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်
ကို လွတ်လပ်စွာ ရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အေ
ခြေအနေကို ရရှိရန်လည်းကောင်း၊အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာ အကွယ်ရရှိရန်လည်း
ကောင်း အခွင့်အရေးရှိသည်။

(၂) လူတိုင်းတွင် ခွဲခြားခြင်း မခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေ
ရနိုင်ခွင့် ရှိသည်။

(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင် မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့် ညီ
အောင် နေထိုင် စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့်
လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်
အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။

(၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံး
များ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။

အပိုဒ် ၂၄

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တ
ကွ အခါအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များ ပါဝင်သည့် အနားယူခွင့်
နှင့် အားလပ်ခွင့်ကို ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၅

(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာအေးချမ်း စွာ နေထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီနှင့်
လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်
အတန်းကို ရယူခံစားခွင့်ရှိသည်။
ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌သော်
လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌သော်လည်းကောင်း၊ မုဆိုးမဖြစ်သော အခါ၌သော်လည်းကောင်း၊ အသက်အရွယ် အိုမင်းသောအခါ၌သော်လည်းကောင်း၊ မိမိကိုယ်
တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ၌
သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်း
ကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ၂၆

(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့်အတန်း
များတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ
ရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘုယျအားဖြင့် သင်
ကြား ရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူ
ညီသော အခွင့်အရေး ရရှိစေရမည်။

(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာအပြည့်အ၀ တိုးတက်မှုအပြင်၊ လူ့အ
ခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစု
များတွင်လည်းကောင်း၊ ဘာသာရေးအသင်း အဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနား
လည်မှု၊သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့
အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်
အောင် အားပေးရမည်။

(၃) မိဘတို့တွင် မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။

အပိုဒ် ၂၇

(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာ ထွန်းကားရေး လုပ်
ငန်းများတွင် လွတ်လပ်စွာ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုးအာနိသင်များကို
လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင် ဥာဏ်ဖြင့်
ကြံစည် ဖန်တီးမှုမှ ဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်
ရန်အခွင့် အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်
များကို အပြည့်အစုံရယူနိုင်သော လူမှုဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည် ဆိုင်ရာ
ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ၂၉

(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တခုတည်းသော လူ့အသိုင်း
အ၀န်းအတွက် လူတိုင်း၌တာဝန်ရှိသည်။

(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူ
များ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန် အ
လို့ငှာ၎င်း၊ ဒီမိုကရေစီ ကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာ
အေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာ
ကျင့်ဆောင်ရန်အလို့ငှာ၎င်း၊ ဥပဒေကပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ
ကန့်သတ်ခြင်းခံရမည်။

(၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်များနှင့်၎င်း၊ အခြေခံမူများနှင့်၎င်း ဆန့်ကျင်၍မသုံးစွဲရ။

အပိုဒ် ၃၀

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ ပျက်စီးရာပျက်စီးကြောင်းတို့
ကို ရည်ရွယ်၍ နိုင်ငံတနိုင်ငံအတွက်ဖြစ်စေ၊ လူတစုအတွက်ဖြစ်စေ၊ လူတဦးတယောက်
အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊ ကိုယ်တိုင်
ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း
မရှိစေရ။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...