သဗ္ဗညူ ဗုဒ္ဓ
Good Words
ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ
ကိုယ်ရေးရာဇဝင်
My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
နာရီ
Followers
ဘဝသံသရာ
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
သူတို့လို ရွှင်မြူးနိုင်ပါစေ...
စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ
လေ့လာဖွယ်ရာ ဆိုက်များ
/>
Friday, January 3, 2014
PostHeaderIcon ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
**************
ပါရမီတော်များကို ဖြည့်ကျင့်ပြီး တကိုယ်တည်း သံသရာ ခရီးခဲကြီးထဲကနေ လွတ်မြောက်အောင် ရုံး
ထွက်နိုင်ပါလျှက်နဲ့ သံသရာလမ်း ခရီးကြမ်းထဲမှ ငါ တဦးတည်း အလွတ် ရုံးထွက်သွားလို့ ဘယ်
အကျိုးရှိလိမ့်မလဲ၊ လူနတ်ဗြဟ္မာသတ္တများကိုလည်း ငါနဲ့အတူ လွတ်မြောက်အောင် ခေါ်ဆောင်
သွားမယ်။ ငါ လွတ်မြောက်သလို စွမ်းနိုင်သမျှ လွတ်မြောက်စေရမယ်လို့ ခိုင်မာပြတ်သားပြီး
သတ္တဝါအားလုံး အပေါ်၌ ထားရှိတော်မူသော မဟာကရုဏာတော်မြတ်ကြောင့်...
ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းမှ တဖန် သံသရာခရီးကို ပြန်လှည့်ကာ ပါရမီတော်များကို
ဖြည့်ကျင့်ပြီး ဆရာမရှိ မိမိကိုယ်ပိုင် အသိဉာဏ်ဖြင့် မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်အလတ်လမ်းစဉ်ဖြင့်
ခြောက်နှစ်ပတ်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူသဖြင့် တရားအားလုံးကို သိမြင်
တော်မူပြီး သဗ္ဗညူဗုဒ္ဓအစစ် ဘုရားဖြစ်တော်မူခဲ့သော ဂေါတမနွယ်ဖွား ဗုဒ္ဓရှင်တော်မြတ်ဘုရား
သည် လူနတ်ဗြဟ္မာသတ္တဝါများနှင့် တပည့်သာဝကသံဃာများကို စရိုက်အားလျှော်စွာ ဟောကြား
ပြသ ဆုံးမတော်မူခဲ့သော အဆုံးအမစကားတော်များသည်...
ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟု ဗုဒ္ဓသာသနာ
သမိုင်းတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်မှ စတင်ကာ ပေါ်ပေါက်လာပြီး
ယနေ့အချိန်အခါအထိ တည်ရှိနေခြင်းသည် သာသနာတော်ကို မြတ်နိုးစွာ စောင့်ရှောက်လာ
ခဲ့ကြသော ဗုဒ္ဓ၏ မဟာသာဝကကြီးများဖြစ်ကြတဲ့ အရှင်မဟာကဿပ၊ အရှင်ဥပါလိ အရှင်
အာနန္ဒာအစရှိသော အရိယာရဟန္တာမထေရ်မြတ်ကြီးများနှင့် ပုထုဇဉ်မထေရ်ကြီးများဆိုတဲ့
သံဃာတော်များ၏ အနန္တကျေးဇူးတော်တို့ကြောင့် ဗုဒ္ဓဘာသာဝင်များနှင့် လေ့လာလိုသူ
လူသားများအားလုံး  လေ့လာဆည်းပူး နည်းယူကျင့်ကြံပြီး ပွားများကြိုးကုတ် အားထုတ် နေနိုင်
ကြခြင်းပင်ဖြစ်သည်။
ဒီလို ဗုဒ္ဓ၏အဆုံးအမ စကားတော်များဖြစ်တဲ့ ပိဋကတ်တော်များကို မကွယ်မပျောက်ရအောင်
သာဝကအဆက်ဆက်က သင်္ဂါယနာများတင်၍ လက်ဆင့်ကမ်း စောင့်ရှောက် သယ်ဆောင်လာ
ခဲ့ကြပုံများကို အကျဉ်းမျှ သိရှိရန်လိုသလို၊ သင်္ဂါယနာရဲ့အဓိပ္ပါယ်ကိုပါ သိဖို့ရန် လိုအပ်လာပြန်
ပါသည်။
သင်္ဂါယနာဆိုတာနဲ့ သင်္ဂါယနာတင်ရခြင်း
သင်္ဂါယနာဆိုတာ သံဃာအားလုံး၏ သဘောတူညီမှုကို ရယူ၍ ပါဠိ(အဋ္ဌကထာ ဋီကာ စသော)
ပိဋကတ် စာပေကျမ်းဂန်များတွင် တတ်သိကျွမ်းကျင် လိမ်မာနိုင်နင်းသော စာတတ်ပေတတ်
အကျော်အမော် သံဃာတော်များစုပေါင်းပြီး ဗုဒ္ဓဟောကြားခဲ့သော အဆုံးအမ အစစ်အမှန်
အတိုင်း ဓမ္မများကို ရွတ်ဖတ်သရဇ္ဈာယ် စိစစ်ကာ မှတ်တမ်းတင်ကြခြင်းကို သင်္ဂါယနာတင်သည်ဟု
ခေါ်ဆိုပါသည်။
-
ထိုသင်္ဂါယနာတင်ခြင်းအမှုကို ဗုဒ္ဓဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန်စံတော်လွန်မူပြီး သုံးလနှင့် လေးရက်
မြောက်သောနေ့တွင် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် ဝိနည်းစည်းကမ်းများကို အကြိမ်ကြိမ်
ဖောက်ဖျက်နေသဖြင့် ထပ်ခါတလဲလဲ သတိပေးခံနေရသော သုဘဒ္ဒအမည်ရှိတဲ့ ရဟန်းသည်
ဘုရားရှင်အပေါ်၌ မကျေနပ်မှုရှိနေသဖြင့် ဘုရားရှင်ပရိနိဗ္ဗာန်စံသည်နှင့် “လွတ် လပ်ပြီ၊ နေချင်သလို
နေလို့ရပြီ”ဟု ကြွေးကြော်၍ သာသနာကို ညှိုးနွမ်းအောင် လုပ်မည်ကို ရဟန္တာမထေရ်မြတ်ကြီးများ
က ကြားသိသောအခါ သာသနာရှေ့ရေးအတွက် မြော်တွေးကာ အဇာတသတ်မင်းကြီး၏ ပစ္စယာ
နုဂ္ဂဟကို ခံယူ၍ အရှင်မဟာကဿပ အမှူးပြုသော ပဋိသမ္ဘိဒါပတ္တ ရဟန္တာမထေရ်မြတ် ငါးရာတို့က
ရာဇဂြိုဟ်ပြည်၊ဝေဘာရတောင်ရှိ သတ္တပဏ္ဏိလိုဏ်ဂူတွင် ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မများကို မူရင်း
အတိုင်း လိုတိုး ပိုလျော့ လုပ်ခွင့်မရှိ အုပ်စုအလိုက်ဖွဲ့ကာ ပိဋကတ်သုံးပုံအဖြစ် အတည်ပြု၍ သံဃာ
များအားလုံး ထေရ်စဉ်ဝါလိုက် ထိမ်းသိမ်းစောင့်ရှောက်ကြဖို့ သဘောထားများရယူပြီး ခုနှစ်လ
တိုင်တိုင် ပထမအကြိမ်အဖြစ် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။
-
ဒုတိယအကြိမ် သင်္ဂါယနာတင်ခြင်းကို နောင်နှစ်ပေါင်း တရာကြာပြီးနောက် ဒေဝဒတ်၏ တပည့်
များဖြစ်သော ဝဇ္ဇီတိုင်းသား ရဟန်းများ၏ ဘုရားရှင်ဟောကြား ပညတ်ခဲ့သည်နှင့် ဆန့်ကျင်ဘက်
ဖြစ်သော အဓမ္မဝတ္ထုဆယ်ပါးကို သံဃာများထံ တောင်းဆိုလာကြသည်ကို အကြောင်းပြု၍
သာသနာ ညစ်နွမ်းစရာများ ဖြစ်ပေါ်လာစေတဲ့အတွက် ဝေသာလီပြည်၊ ဝေဠုကာရုံကျောင်းတိုက်
တွင် ကာလာသောကမင်းမှ ဥပါသကာပြုလုပ်ကာ အရှင်ယသ ရဟန္တာမထေရ်မြတ် ဦးဆောင်
သော ရဟန္တာခုနှစ်ရာတို့မှ ရှစ်လတိုင်တိုင် ရှေးနည်းတူ သင်္ဂါယနာတင်တော်မူခဲ့ကြသည်။
ထိုမှတဖန် သာသနာနှစ် (၂၃၅)နှစ်ကြာသော် ပါဋလိပုတ်ပြည်တွင် ဥပဇ္ဈာယ်ဆရာမရှိပဲ ကိုယ်တိုင်
ခေါင်းတုန်း သင်္ကန်းပတ်ခါ သာသနာထဲဝင်လာသော ရဟန်းအတုအယောင် ခြောက်ထောင်ကျော်က
ထင်ရာစိုင်းပြီး သာသနာညှိုးနွမ်းအောင် လုပ်ဆောင်နေကြရာ သံဃာအစစ်အမှန်များ ဥပုသ်ကံ
ပဝါရဏာကံများ မဆောင်နိုင်ကြပဲ သံဃာများ ညီညွတ်မှုကွဲပြားလာတဲ့အတွက် ပါဋလိပုတ်ပြည်
အသောကာရုံကျောင်းတိုက်တွင် အရှင်မောဂ္ဂလိပုတ္တတိဿရဟန္တာမထေရ်မြတ် ဦးဆောင်သော
ရဟန္တာအရှင်မြတ်ပေါင်း တထောင်တို့က ဘုရင်သီရိဓမ္မာသောကမင်းနှင့် ပြည်သူများ၏ ပစ္စယာနုဂ္ဂ
ဟကို ခံယူကာ ကိုးလတိုင် တတိယအကြိမ်သင်္ဂါယနာတင်ခြင်းကို၎င်း။
သာသနာနှစ် (၄၅၀)ကြာသော် သီဟိုဠ်ပြည်၌ စဏ္ဍာလတိဿသူပုန်များ ထကြွသောင်းကြမ်းမှုဘေး၊
တကျွန်းလုံး မိုးခေါင်ရေရှား၍ ငတ်မွတ်ခေါင်းပါးမှု ဘေးများနှင့် (၁၂)နှစ်တိုင် ခံစားကြရပြီး ပိဋကတ်
တော်များ မှားယွင်း ကွယ်ပျောက်မည့်အရေးမှ ကာကွယ်စောင့်ရှောက်လိုကြသော အရှင်ဓမ္မရက္ခိတ
ရဟန္တာအရှင်မြတ်ဦးဆောင်သော ရဟန္တာငါးရာတို့မှ ဝဋ္ဋဂါမဏိမင်းနှင့်ပြည်သူများ၏ ပစ္စယာနုဂ္ဂဟ
ဖြင့် တနှစ်တိုင် ပေထက်အက္ခရာအဖြစ်ဖြင့် စတုတ္ထသင်္ဂါယနာကို၎င်း။
သာသနာနှစ်(၂၁၄၅)ခု ရောက်သောအခါ ပိဋကတ်စာပေများကို  ပေထက်အက္ခရာဖြင့် တင်ထားမှု
သည် ရာသီဥတုဒဏ်နှင့် ပိုးမွှားများ၏ အန္တရာယ်ကြောင့် ကြာရှည်ခံနိုင်မှုမရှိပဲ ပျောက်ပျက်နိုင်ခြင်း၊
မူကွဲများပေါ်လာခြင်းတို့ကြောင့် မြန်မာနိုင်ငံ မန္တလေး ရတနာပုံ နေပြည်တော်တွင် ဆရာတော်
အရှင်ဇာဂရမထေရ် ဦးဆောင်သော သံဃာတော်အပါး(၂၄၀၀)တို့မှ မင်းတုန်းမင်းကြီးနှင့် ပြည်သူ
များ၏ ပစ္စယာနုဂ္ဂဟဖြင့် ငါးလနှင့်သုံးရက်တိုင် ကျောက်ထက်အက္ခရာအဖြစ် ပဉ္စမအကြိမ်မြောက်
တင်ထားလျှက်ရှိရာ ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ
အပြားပေါင်း(၇၂၉)ချပ် ရှိပြီး (၇)နှစ် (၆)လ (၁၄)ရက်ကြာသည်အထိ မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီး
ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည်
 မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ်တရာကြာသောအခါ ဘာသာခြားများ ဝင်နှောက်မှုကြောင့်
သာသနာရောပြွမ်း ညစ်နွမ်းခဲ့ရသည်ကို၎င်း၊ ပိဋကတ်စာပေ ကျမ်းဂန်များကို လွယ်လင့်တကူ လေ့
လာဖတ်ရှုနိုင်ရန်၎င်း၊ ရည်ရွယ်၍ သာသနာနှစ်(၂၄၉၈)ခုနှစ်တွင် ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ၊
မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း၌ ဒီမိုကရေစီ ဝန်ကြီးချုပ်ဦးနုနှင့် ဆာဦးသွင် အမှူးပြုသော
ပြည်သူများ၏ ပစ္စယာနုဂ္ဂဟဖြင့် ညောင်ရမ်းဆရာတော်အရှင်ရေဝတ၊ မဟာစည်ဆရာတော်အရှင်
သောဘဏ၊ မင်းကွန်းဆရာတော်အရှင်ဝိစိတ္တာသာရာဘိဝံသ ဆရာတော်များမှ ဦးဆောင်၍ ထေရ
ဝါဒ ငါးနိုင်ငံမှ သံဃာတော်များအပါအဝင် သံဃာအပါး(၂၅၀၀)တို့မှ ဆဋ္ဌမအကြိမ် သင်္ဂါယနာ
တင်ခဲ့ကြသည်။ 
ဤကဲ့သို့ ပိဋကတ်စာပေကျမ်းဂန်၌ နှံ့စပ်ကျွမ်းကျင် လိမ္မာသော ရဟန္တာမထေရ်မြတ်ကြီးများ၊
သမ္မုတိသံဃာတော်များ အဆက်ဆက်မှ ဗုဒ္ဓ၏အဆုံးအမ လမ်းညွှန်ချက်များဖြစ်သည့် ပိဋကတ်
တော်များကို တာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက် သယ်ဆောင်ယူ လာခဲ့မှုကြောင့် ယနေ့အချိန်အထိ
ပိဋကတ်စာပေများကို လေ့လာသင်ယူမှတ်သား လိုက်နာပြီး ကျင့်ကြံကြိုးကုတ်အားထုတ်ခွင့်များ
ကို ရရှိနေကြခြင်းသည် အရိယာသံဃာများနှင့် ပုထုဇဉ်သံဃာတော်များ၏ ကျေးဇူးတော်များ
ပင်ဖြစ်သည်။
သိကြားမင်းက စောင့်ရှောက်ခဲ့တယ်လို့ ပိဋကတ်သုံးပုံလုံးရဲ့ ဘယ်နေရာမှာမှ မပါရှိခဲ့ပါ။
အထက်ပါသင်္ဂါယနာတင်ခဲ့သည်များကို လေ့လာ ကြည့်မည်ဆိုပါက သင်္ဂါယနာတင်တယ်
ဆိုတာ အလှူရှင်အမည် လိုချင်တိုင်း၊ သံဃာတော်များကလည်း ဘယ်နှစ် ဘယ်ရက်မှာ
တင်ရမယ်လို့ သတ်မှတ်ချိန်အတိုင်း တင်ခဲ့ကြသည်မဟုတ်ပဲ ဗုဒ္ဓအမွေအနှစ် ပိဋကတ်
စာပေများ ချွတ်ယွင်းပျက်စီးဖျောက်ဖျက် ခံရဖွယ်ရှိပြီး ကွယ်ပျောက်စေနိုင်လောက်မယ့်
တစုံတရာသော ဘေးအန္တရာယ်များ ကြုံတွေ့လာပါမှ သင်္ဂါယနာတင်ခြင်းအလုပ်ကို ပြုလုပ်
တော်မူခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
လုံခြုံစိတ်ချပြီး လွယ်ကူစွာ လေ့လာမှတ်သား ကြည့်ရှု ကျင့်ကြံနိုင် ည်ဆိုပါက သင်္ဂါယနာတင်ဖို့ရန်
အကြောင်းလည်းမရှိ၊ မလိုအပ်သည်ကိုပါ သိမြင်ကြရမည်ဖြစ်ပါသည်။
သင်္ဂါယနတာ ထပ်တင်ဖို့ မလိုအပ်
မြန်မာနိုင်ငံတွင် ဆဋ္ဌမအကြိမ်တင်ခဲ့သော သံင်္ဂါယနာကြောင့် ဘုရားရှင်၏အဆုံးအမ ပိဋကတ်စာပေ
ကျမ်းဂန် အားလုံးကို တိုးတက်လာသော ခေတ်နဲ့အညီ စာအုပ်စာပေ ဒီဗွီဒီ ကွန်ပျူတာ ဟက်ဒစ် စတဲ့
ခေတ်မီပြီး လုံခြုံစိတ်ချစွာနဲ့ လွယ်ကူ ချောမွေ့စွာ ထိမ်းသိမ်းစောင့်ရှောက်နေနိုင်ပြီ ဖြစ်သလို ဘယ်လို
အန္တရာယ်တစုံတရာမှလည်း လာရောက်၍ ဖျက်ဆီးဖျောက်ဖျက်ပစ်ဖို့ရန် မဖြစ်နိုင်ပါ။ လမ်းသွား
ရင်းပင် ပိဋကတ်သုံးပုံ စာအုပ်များကို သယ်ဆောင်စရာပင် မလိုအပ်ပဲ အိပ်ဆောင်ကွန်ပျူတာနဲ့
ပေါ့ပါး လွယ်ကူစွာ လေ့လာ ဖတ်ရှုမှတ်သားနိုင်သည်အထိ ပြန့်နှံ့ထိရောက်နေတဲ့အတွက် ဘယ်လို
သင်္ဂါယနာမျိုးမှ ထပ်မံ၍ တင်နေစရာ မလိုအပ်ပါ။
-
ယနေ့  ဘာသာသာသနာနဲ့ သံဃာအကြောင်း ဘာတခုမှ မသိနားမလည်ပဲ အထက်ဖား အောက်ဖိ
မတရားသည့် နည်းမျိုးစုံနဲ့ စီးပွားရှာနေတဲ့ လူများက “သတ္တမသင်္ဂါယနာတင်ဖို့ လိုပြီ်၊ သာသနာ
(၂၅၀၀)ကျော်လို့ သိကြားသာသနာကို ရောက်နေပြီ၊”လို့ ပြောသံကြားလိုက်ရတော့ တော်တော်
လေးကို စိတ်မချမ်းမသာဖြစ်ရပြီး အော့နှလုံးနာမိတာ အမှန်ပါပဲ။ သူ့ကိုယ်သူ စေတနာသဒ္ဓါတရား
ဖြူစင်ပြီး ဘက်ပေါင်းစုံကနေ အနစ်နာခံခါ သာသနာနဲ့လူမျိုးကို တသက်လုံး ကူညီထောက်ပံ့ခဲ့တဲ့
ဆာဦးသွင်လို ပုဂ္ဂိုလ်မျိုးနဲ့ပါ နှိုင်းချင်သေးတော့“နတ်သုဒ္ဓါထဲ မစင်ဝင်ရောချင်သလို” ရိုင်းလိုက်တဲ့
ဖြစ်ချင်းလို့သာ ဆိုလိုက်ချင်သည်။
ဒီလိုပြောလိုက်ခြင်းဟာ ဗုဒ္ဓနဲ့ သူ့သာသနာ သူ့သံဃာတွေကို မိုက်ရိုင်းယုတ်မာစွာ စော်ကား
လိုက်ခြင်းဖြစ်၍ ရဟန္တာ မထေရ်မြတ်ကြီးများ သုဓ်သင် တည်းဖြတ်ခဲ့သော ပိဋကတ်တော်များ
အပေါ်မှာ ယုံကြည်မှုမရှိဘူးလို့ ပြောဆိုရာရောက်သလို ရဟန္တာမထေရ်မြတ်များအပေါ်မှာလည်း
မယုံကြည်ဘူးလို့ ပြောလိုက်ခြင်းပင်ဖြစ်ပါသည်။
“ဘုရားဟော မြတ်ဓမ္မက္ခန်ကို၊ တတ် လေဟန် ယောင်ဝါး။ အသိဉာဏ် တထွာ လောက်ကယ်နဲ့၊
ညှာမထောက် ပြောတတ်လှစွာ”လို့ လယ်တီဆရာတော်ဘုရားက အသိပေး ဆုံးမခဲ့သလိုပါပဲ။
အသိဉာဏ်မဲ့ကြတဲ့ ဒီလူ ဒီအုပ်စုတွေကတော့ ဘုရားရှင်ကိုယ်တိုင်ပြန်ကြွလာပြီး ဆုံးမရင်တောင်
ဆုံးမလို့ မရနိုင်ကြတော့တဲ့ “ကြောင်သူတော် ကြွက်သူခိုး” ဒေါဝစဿတ(ဆိုဆုံးမခက်တဲ့)လူစား
မျိုးတွေဖြစ်နေပါသည်။
သိကြားသာသနာလား?
ဒီနေရာမှာ သိကြားသာသနာဆိုတာနဲ့ ပတ်သတ်ပြီး တင်ပြစရာတွေရှိလာပါသည်။ မြန်မာနိုင်ငံမှာ
ရှေးအခါထဲက သာသနာ နှစ်ထောင့်ငါးရာကျော်လျှင် ဘုရားသာသနာကုန်၍ သိကြားသာသနာ
ရောက်တော့မည်။ သိကြားမင်းက မကောင်းသူကိုပယ်၍ ကောင်းသူကို ကယ်မ,လိမ့်မည်ဟု
ကောလဟလသတင်းများက ယနေ့အချိန်အထိတိုင် မြို့ရွာရပ်ကွက်တိုင်းရှိ ပြည်သူတို့ နှုတ်ဖျားမှာ
ခေတ်စားနေဆဲဖြစ်ပါသည်။ ထိုသို့ဖြစ်နေခြင်းမှာလည်း စာရေးဆရာနဲ့ အဆိုတော်များက
အသေအချာ မလေ့လာပဲ သိကြားသာသနာရောက်တော့မယ့်အကြောင်းကို စပ်ဆိုထားသော
သီချင်းများကို ဘာသာရေးပွဲတိုင်းလိုလို ဖွင့်နေကြသဖြင့် ပြည်သူများအကြားတွင် ပိုမို၍ စွဲမြဲကာ
ခေတ်စားနေရခြင်းဖြစ်ပေသည်။ ဒီလို ဘာသာရေးနှင့် ဆက်စပ်သော သီချင်းများကို ရေးကြ ဆိုကြ
တော့မည်ဆိုလျှင် ဘာသာရေးကို ကျွမ်းကျင်သိမြင်ပြီး ပိဋကတ်စာပေများကို မှန်ကန်စွာ ဆုံးဖြတ်
ပေးနိုင်မယ့် လူများ သံဃာများကို သေချာစွာ မေးမြန်းပြီးမှ ရေးသားခြင်း သီဆိုခြင်းများကို ပြုလုပ်
သင့်ကြပေသည်။
သို့မဟုတ်လျှင် ကိုယ်ရေးသား သီဆိုလိုက်သော သီချင်းသည် ပြည်သူများ အမှတ်မှားစေနိုင်ပါသည်။
ဒီလို လူများတင်လားဆိုတော့ မဟုတ်သေးပါဘူး။ “သာသနာ”ဟူသော အမည်ပေါ်မှာ ရဟန်း ရသေ့
ဖိုးသူတော် သီလရှင်များနဲ့ ဘိုးတော်မယ်တော်စသော ဘုရားရှင်အား အောင်စေ ပိုင်စေလိုလို
ကယ်တင်ရှင်လိုလို လုပ်နေသော ပုဂ္ဂိုလ်များလည်း အပါအဝင်ဖြစ်ပေသည်။ 
 ''သာသနာဆိုတာ''
“သာသနာ”ဆိုတဲ့ စကားဟာ ဘာသာဝင်များအတွက် ဘဝင်ခိုက်စေမယ့် စကားဖြစ်နေသော်
လည်း“သာသနာ”ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို သေချာစွာ သိတဲ့သူများ ရှားပါးနေသောကြောင့်
ဒီလို လွဲမှားစွာ အသုံးချနေကြခြင်းဖြစ်ပေသည်။ “သာသနာပြု” ဆိုတဲ့ စကားလုံးကို ကြားလိုက်
သည်နှင့် ဟုတ်သည် မဟုတ်သည် မှန်သည်မှားသည် မဆုံးဖြတ်နိုင်ပဲ ယုံကြည်လိုက်ကြတာပဲ
များနေပါတယ်။
သာသနာရဲ့အဓိပ္ပါယ်က“အဆုံးအမ”ပင်ဖြစ်သည်။ ဗုဒ္ဓသာသနာဆိုတော့ ဘုရားရှင်ရဲ့အဆုံးအမ၊
(တရားတော်များ)ပင် ဖြစ်ပါသည်။  ဗုဒ္ဓဘာသာဆိုတာကတော့“ဘုရားရှင်ရဲ့အဆုံးအမ တရား
စကားတော်များကို လိုက်နာကျင့်သုံးနေသူ”လို့ ဆိုလိုပါသည်။  သာသနာဟူသည်မှာလည်း- 
ပိဋကတ်စာပေကျမ်းဂန်များကို သင်အံပို့ချ လေ့ကျက် သင်ကြား နာယူမှတ်သားပြီး လူသားများ၏
အသိဉာဏ်နှလုံးသားထဲသို့ မှန်ကန်တဲ့ ဘာသာရေးအသိများ စွဲကပ် တည်ရှိနေအာင် သင်ကြား
ပို့ချ ရေးသားဟောပြော ပြန့်ပွားအောင် ဖြန်ဖြူးနေတဲ့ ဂန္ထဓုရ လုပ်ငန်းများကို လုပ်ဆောင်ခြင်း
(ကူညီပံ့ပိုး မျှဝေပေးခြင်း)ဆိုတဲ့ ပရိယတ္တိ သာသနာ။
ဗုဒ္ဓ၏အဆုံးအမ ပိဋကတ်ဓမ္မများနဲ့အညီ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတရားများကို ကျင့်ကြံ
ကြိုးကုတ် အားထုတ်ခြင်း ဝိပဿနာဓူရလုပ်ငန်းများကို လုပ်ဆောင်ခြင်းဆိုတဲ့ ပဋိပတ္တိသာသနာ။
လောကီပစ္စည်းများကို လိုချင်တာ မှန်သမျှ လောဘ၊ နာမည်ကြီး ထင်ပေါ်ချင်တာမှန်သမျှ လောဘ
စတဲ့ ကိလေသာများ မကပ်မငြိနိုင်အောင် ပယ်ရှားနိုင်ပြီး မဂ်ဉာဏ်ဖိုဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်
ပြုနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဆိုတဲ့ ပဋိဝေဒသာသနာရယ်လို့ “သာသနာ”သုံးမျိုးပဲ
ရှိပါသည်။ ၎င်းသုံးမျိုးကို လုပ်ဆောင်နေမှသာလျှင်“သာသနာပြု”အစစ်အမှန်လို့ ခေါ်ဆိုနိုင်မည်
ဖြစ်ပါသည်။
ဒီတော့ကာ သာသနာကို ဟန်ပြ အမြင်ကောင်းအောင် လုပ်နေကြတဲ့ သူများနဲ့  အထက်ဆရာကြီး
များကို ဗုဒ္ဓဘာသာလို့ ခေါ်ဆိုရန်ပင် ခက်ခဲလှသလို ပရိယတ်ပဋိပတ် သာသနာပြုလုပ်ငန်းများကို
လုပ်ဆောင်နေကြပြီး သာသနာထွန်းကားအောင် ထမ်းဆောင်နေကြတဲ့ စာချစာသင်သံဃာတော်
များကို ဖိနှိပ်ချုပ်ချယ် တားမြစ် ညှင်းဆဲသတ်ဖြတ်နေကြကာ သာသနာအညွန့်တုံးအောင်
လုပ်ဆောင်နေကြတဲ့အတွက် သာသနာကိုဖျက်ဆီးနေတာလား၊ သာသနာပြုနေကြတာလား
ဆိုတာ  ထင်ရှားနေလေရာ သာသနာဖျက်(မိစ္ဆာဒိဋ္ဌိ)အုပ်စုများဟု ခေါ်ဆိုရမည်ဖြစ်သည်။
ဘုရားတည်တာ ကျောင်းဆောက်တာ လှူဒါန်းတာသည် သာသနာရဲ့အခြံအရံ အထောက်အပံ့
ဖြစ်သော ကုသိုလ်သက်သက် ပြုလုပ်ခြင်းသာဖြစ်သည်။ သာသနာသုံးမျိုးထဲတွင် မပါဝင်သဖြင့်
သာသနာပြုသည်မဟုတ်ပါ။ သာသနာတည်အောင်လည်း မလုပ်နိုင်ပါ။ ဘုရားရှင်တည်ထောင်
ပညတ်ခဲ့သော ဒီသာသနာကို ဘုရားရှင်သာလျှင် ပိုင်ဆိုင်ပါသည်။ သာသနာတွင်းက ဘုရားရှင်၏
တပည့်သားသံဃာများသည်ပင် မပိုင်သည့်အတွက် ဘာသာသနာပိုင် ညာသသနာပိုင် ဆိုသည်များ
လည်းမရှိပေ။ သိကြားမင်းက ပိုင်ဆိုင်ပြီး သိကြားသာသနာဖြစ်ဖို့ကတော့ ပို၍တောင်
ဝေးလှပါသေးသည်။
အကယ်၍ တစုံတဦးက ဘုရားမှတပါး အခြားသူက သာသနာကို ပိုင်ဆိုင်တာရှိပါသေးသည်ဟု
ဆိုလာလျှင် ထိုသူကို သနားစွာနဲ့ မဲ့ပြုံး ပြုံးပြရုံသာရှိပေသည်။ ဘုရားရှင်၏ စကားတော်ကို
လိုက်နာကျင့်သုံးကြမည့် သံဃာများနှင့် လူနတ်ဗြဟ္မာများအားလုံး ဗုဒ္ဓသာသနာကို မည်သူမှ
ပိုင်ဆိုင်ခွင့်မရှိပဲ သာသနာဖျက်ဆီး မခံရလေအောင် ပိဋကတ်ဓမ္မများ မကွယ်ပျောက်ရလေ
အောင် ထိမ်းသိမ်းစောင့် ရှောက်ရမည့် တာဝန်သာရှိသည်။
သာသနာတဝက်ကျော်သည့်အခါ သို့မဟုတ် သာသနာငါးထောင် ကုန်ဆုံးသည့်အခါ သိကြားမင်းက
သာသနာပြုလိမ့်မည်ဟု ဘုရားရှင်က သာသနာကို သိကြားမင်းလက်ထဲသို့ “ဝ”ကွက်ပြီး အပ်ထားခဲ့
သည်ဟူ၍လည်း မည့်သည် ကျမ်းဂန်များတွင်မှ မပါ ရှိပါ။
-
အမှန်တော့ သိကြားမင်းဆိုသည်မှာ ဘုရားရှင်၏ သာဝကသောတာပန်တဦးသာဖြစ်ပြီး တရားထူး
များသိရှိထားသူ တဦးအနေနဲ့ သာသနာနှင့် တရားဓမ္မများကို ကာကွယ် စောက်ရှောက်နေမည်မှာ
တော့ ဆိုဖွယ်ရာမရှိပေ။ ဂေါတမဘုရားမပွင့်ခင် ကဿပဘုရားရှင်၏ သာသနာ ဆုတ်ယုတ်ကုန်ဆုံး
ခါနီးတွင် လူအများတရားပျက်ပြီး ဘေးဒုက္ခများ ဖြစ်နေချိန်တွင် သိကြားမင်းက လူ့ပြည်ဆင်း၍
တရားဓမ္မများဟောပြောကာ သာသနာနှစ်ပေါင်းတထောင်ကြာအောင် စောင့်ရှောက်ခဲ့ဖူးသည်ဟု
ဒွါဒသကနိပါတ် မဟာကဏှဇာတ်၌ ပါရှိသည်။
ဒါကိုပင် အစပြု၍ ရှေးလူကြီးများက သိကြားသာသနာဟု ဆင်ခြင်မဲ့စွာ ဆိုခဲ့ဟန်ရှိသည်။
ကျုပ်တို့ ဂေါတမဗုဒ္ဓဘုရားဖြစ်တော်မူပြီးစ ဗောဓိပင်ရင်းမှာ သီတင်းသုံးနေတော်မူစဉ် ဗုဒ္ဓစက္ခုဖြင့်
လောကကြီးကို ကြည့်တော်မူရာ နောင်သောအခါတွင် အရှင်မဟာမဟိန္ဒမထေရ်သည် သီဟိုဠ်ကျွန်း
(သီရိလင်္ကာ)သို့ ကြွရောက်၍ သာသနာပြုလိမ့်မည်။ သီဟိုဠ်ကျွန်းတွင် သာသနာထွန်းကားလိမ့်မည်
ဟုမြင်တော်မူသဖြင့် ဘုရားရှင်က သိကြားမင်းကို အရှင်မဟာမဟိန္ဒ သီဟိုဠ်ကျွန်းသို့ သာသနာပြု
ကြွတဲ့အခါ သင်လည်း မထေရ်၏ အဖော်အဖြစ်နဲ့ ကူညီစောင့်ရှောက်ပါဟု သိကြားမင်းကို မိန့်ကြား
တော်မူရာ သိကြားမင်းကလည်း စောင့်ရှောက်ပါမည်ဟု-ဝန်ခံကတိပြုခဲ့ကြောင်း
(ပါ၊ဋ္ဌ၊ ဗာဟိရနိဒါနကထာ)တကြိမ်တွေ့ရသည်။
ထို့နောက် ဘုရားရှင်က အမ္ဗဋ္ဌလုလင်ကို အမျိုးဇာတ်နှင့် ပတ်သတ်၍ မေးမြန်းရာဝယ် နှစ်ကြိမ်
တိုင်တိုင် မည်သည့်စကားမျှ ပြန်လည် မဖြေကြားပဲ ဆိတ်ဆိတ်နေလျှက်ရှိရာ သုံးကြိမ်မြောက်
အခါ၌“သိကြားမင်းသည် ဘီလူးအသွင်ဖန်ဆင်း၍ ရဲရဲတောက်၍ မီးလျှံအဆင်းရှိသော သံတူကြီး
ကို စွဲကိုင်ပြီးလျှင် “ဤအမ္ဗဋ္ဌလုလင်သည် အကြောင်းခိုင်လုံသော မေးခွန်းကို မြတ်စွာဘုရားက
မေးပါလျက် အကယ်၍ မဖြေပဲနေငြားအံ့၊ ထိုအမ္ဗဋ္ဌ၏ ဦးခေါင်းကို ယင်းနေရာ၌ပင် ခုနှစ်စိပ် ခွဲအံ့”ဟု
ကြံရွယ်၍ အမ္ဗဋ္ဌလုလင်၏ အထက်ကောင်းကင်၌ ရပ်လျက်နေ၏”ဟု သီလက္ခန်ပါဠိတော်၊အမ္ဗဋ္ဌ
သုတ်တွင် ဤမျှသာပါရှိပါသည်။
သိကြားမင်းက ဘုရားရှင်ထံမှာ ဝန်ခံကတိပြုခဲ့သည်ဆိုသော စကားရပ်မျိုးကို ဘုရားရှင်က
ပါဠိတော်တွင် လုံးဝ ဟောကြားခဲ့ခြင်းမရှိပါ။
ဒါကိုပင် အဋ္ဌကထာဆရာက မြတ်စွာဘုရား ဘုရားဖြစ်တော်မူစက သတ္တဝါများကို ကိလေသာများ
ထူပြောလွန်းလှသည့်အတွက် ငါဘုရား၏ နက်နဲခက်ခဲလှသော တရားတော်များကို သတ္တဝါများ
သိနိုင်ဖို့ရန် မလွယ်ကြသေးသဖြင့် တရားဟောဖို့ အချိန်မတန်သေး”ဟု စဉ်းစားတော်မူခဲ့ဖူးသည်
ကို ရည်ရွယ်ကာ အဲဒီအချိန်က သဟမ္ပတိဗြဟ္မာကြီး လျှောက်ထားသောစကားများကို ထည့်
သွင်း၍
 “မြတ်စွာဘုရား ဝေနေယျသတ္တဝါများအား တရားဟောတော်မူပါ။ အရှင်ဘုရားတို့ အာဏာစက်
မတည်ပါလျှင် အာဏာစက်တည်အောင်  တပည့်တော်ကူညီပါမည်။ အရှင်ဘုရားတို့က ဓမ္မစက်တည်
အောင် လည်တော်မူပါ။ တပည့်တော်တို့က အာဏာစက်အတွက် တာဝန်ယူပါမည်”ဟု အပိုဖွင့်ပြ
ထားသည်ကို အမှန်ဟု ထင်မှတ်ကြခါ ဒုတိယအကြိမ် စောင့်ရှောက်မည့်အကြောင်းကို ဘုရားရှင်
အထံ၌ သိကြားမင်းက ဝန်ခံကတိပြုခဲ့သည်ဟု ပြောဆို ရေးသားနေကြခြင်းဖြစ်လေသည်။
(သီ၊ဋ္ဌ၊အမ္ဗဋ္ဌသုတ်)၎င်းစကားရပ်မှာ ဘုရားရှင်ဟောကြားခဲ့သော ပါဠိတော်စကားမဟုတ်ပဲ
အဋ္ဌကထာကျမ်းပြုဆရာက ဉာဏ်ကွန့်၍ ချဲ့ပြထားခြင်းသာဖြစ်ပါသည်။
၎င်းနောက် ဗကဗြဟ္မာကြီးအား ဆုံးမစဉ် အတ္တအနတ္တကို ဖြေရှင်းမေးမြန်းရာ၌ ပရိသတ်ကိုငဲ့၍
အမှန်ကို အမှန်အတိုင်း ဝန်မခံသဖြင့် သိကြားမင်းက ခြိမ်းခြောက်သည့်အနေနဲ့ တခါ ဝင်ရောက်
ကူညီသဖြင့် ဗြဟ္မာကြီးက အမှန်အတိုင်း ဝန်ခံခဲ့ဖူးလေသည်။ အဲဒီနောက်ပိုင်း သိကြားမင်းက
ဘုရားရှင်အထံမှာ ကူညီစောင့်ရှောက်ပါမည်ဟု ဝန်ခံထားပါလျက်နဲ့ သာသနာကို နှောက်ယှက်
စော်ကား ဖျက်ဆီးမှု ပြုသမျှတို့၌ ဝင်ရောက် ကူညီစောင့်ရှောက်သည်ဟူ၍ မတွေ့ရတော့သဖြင့်
စလေဆရာဦးပုညက ဘုရားဟော တိုက်ရိုက်မဟုတ်ပေမယ့် အဋ္ဌကထာ ဖွင့်ဆိုချက်ကိုပါ ယူ၍…. 
“ဘုရားကို နှစ်ခါလိမ်၊  ညစ်တဲ့ မာဃိန်၊ ဖယ်ရှားမယ့် ဝရဇိန်ငယ်၊ ပန်းတိမ်ဝယ် အပ်တုန်းကွဲ့လေး”
ဟူ၍ ရှေးအခါထဲက စာချိုးထားခဲ့လေသည်။ ယနေ့အချိန်အထိလည်း သိကြားမင်း ပေါ်မလာတော့
ပေ။ မကောင်းတဲ့သူများကိုသာ ဝရဇိန်လက်နက်နဲ့ ပစ်ပြီး ဖယ်ရှားပေးမည်ဆိုပါက ယနေ့ပြည်သူများ
အားလုံး အဘယ်မျှလောက် ဝမ်းသာ ကြိုဆိုကြလိမ့်မလဲဆိုတာ ခန့်မှန်းရန်ပင်ခက်ခဲပေစွ။ 
(ဗုဒ္ဓစာပေ၌ ပါဠိတော်စကားသည် ဘုရားဟော တိုက်ရိုက်ဖြစ်၍ အမှန်ဟု ယူရသည်။ အဋ္ဌကထာ
ဋီကာစသော စကားရပ်များကား ဘုရားဟောထားခဲ့တဲ့ စကားရပ်များကို ပြန်လည်ဖွင့်ဆိုပြီး ရှေ့နေ
လိုက်ခါ အတ္တနောမတိ သဘောမျိုးနဲ့ ဆိုလိုချက်များကို ရှင်းပြထားခြင်းဖြစ်၍ အားလုံးမှန်ကန်တိကျ
သည်ဟု မှတ်ယူ၍မရပါ။ စကားချပ်)
အမှန်တကယ်တော့ သိကြားမင်းက သာသနာကို ပိုင်ဆိုင်ဖို့နေနေသာ သူကိုယ်တိုင်တောင်မှ
လူ့ပြည်က သီလရှိကြသူတွေရဲ့ ပြုလုပ်သော ကုသိုလ်မှန်သမျှကို စောင့်စားပြီး မျှဝေ ယူနေရတဲ့
အဖြစ်မျိုးဆိုတာကို လူအများ မသိကြတာ အံ့သြစရာ အလွန်ကောင်းလှပါသည်။
'ယေ ဂဟဋ္ဌာ ပုညကရာ'ဆိုတဲ့ ဘုရားဟောပါဠိတော်ကို ကြည့်ရင် သိနိုင်ပါသည်။
ဘာသာတရား လိုက်စားနေတဲ့ ပြည်သူများတောင် မသိကြရင် အာဏာပါဝါနဲ့ ပြည်သူများ ပိုင်ဆိုင်
တဲ့ စည်းစိမ်တွေကို ဘယ်လိုမတရားနည်းနဲ့ ဂုတ်သွေးစုတ်ပြီး အနိုင်ကျင့် အပိုင်စီးရမလဲလို့ အမြဲ
တမ်း ကြံစည်နေကြတဲ့သူတွေနဲ့ သူ့တို့ဆရာကြီးများဆိုရင်တော့ ကျွဲပါးစောင်းတီး အဖြစ်မျိုးမို့
ပို၍ပင် သိနိုင်ဖို့ ဝေးနေကြမှာပါ။ ဒါကြောင့်လဲ ဒီလို မအပ်စပ်သော စကားမျိုးတွေ ပြောထွက်ခဲ့ကြ
တာပဲဖြစ်ပါလိမ့်မယ်။ 
ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလဝန္တာ ဥပါသကာ၊ စသည်ဖြင့် ဘုရားရှင်ဟောထားတာရှိပါတယ်။
သိကြားမင်းရဲ့ အလုပ်အကျွေးဖြစ်တဲ့ မာတလိနတ်သားက သူ့ဆရာသိကြားမင်း လူ့ပြည်ကို
အမြဲလှမ်းမျှော်ပြီး လက်အုပ်ချီနေတာကို မကြာခဏတွေ့ရတော့ အထက်မှာ နေတဲ့နတ်က
အောက်ကလူတွေကို လက်အုပ်ချီ ကန်တော့ရကောင်းလားလို့ မကျေမနပ်ဖြစ်ပြီး သိကြားမင်း
ကို ပြောတဲ့အခါမှာ သိကြားမင်းက “မာတလိတဲ့…လူ့ပြည်လောကမှာ ငါးပါးသီလနှင့်လည်း
ပြည့်စုံ ရတနာသုံးပါးကိုလည်း လေးစားပြီး မပြစ်မှားကြတဲ့လူတွေ၊ မည်သူ့ကိုမှ အတင်းအဓမ္မ
အဏာပါဝါသုံးပြီး နိုင်ထက်စီးနင်းလုပ်၍ လုယူသိမ်းဆည်းထားတာမျိုး မဟုတ်ပဲ သမ္မာအာဇီဝ
ကျကျနဲ့ ရထားတဲ့ပစ္စည်းများနဲ့ ကုသိုလ်ကောင်းမှု ပြုလုပ်လှူဒါန်းနေကြတဲ့လူတွေ၊ သားသမီး
ဇနီးမယား များကိုလည်း တရားနည်းလမ်းတကျနဲ့ လုပ်ကျွေးနေတဲ့လူတွေ ရှိတယ်တဲ့...
အဲဒီလူတွေကို ငါရှိခိုးကန်တော့တယ်”လို့ ပြန်ပြောတယ်။
အဲဒါဟာ ဒီလိုလူတွေ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုများရဲ့အဖို့ကို အမျှဝေတာကို (ကုသိုလ်လုပ်ပြီး
အမျှဝေတာကို) နတ်သိကြားဗြဟ္မာများကရယူပြီး ကောင်းမှုတိုးပွားအောင် လုပ်ယူနေကြရတာပဲ
ဖြစ်တယ်။ နတ်ဗြဟ္မာများမှာ သူတို့ကိုယ်တိုင် ကုသိုလ်လုပ်ယူခွင့် မရနိုင်ကြတဲ့ အခါကြတော့
လူအများပြုလုပ်တဲ့ ကုသိုလ်တွေကို သူတို့က ပြန်လည်မျှဝေ ရယူကြရတာဟာ ကျမ်းဂန်များမှာလဲ
ထင်ထင်ရှားရှားရှိပါသည်။  အရှင်သာရိပုတ္တရာ အရှင်အနုရုဒ္ဓါအစရှိတဲ့ အဂ္ဂသာဝက မဟာသာဝက
ကြီးများ နိရောဓသမာပတ်မှ ထတော်မူချိန်တွင် သိကြားမင်းက လှူဒါန်းချင်လွန်းလို့ လူယောင်
ဖန်ဆင်းပြီး လာလှူတာကို မထေရ်ကြီးများက သိနေတော့ ဆင်းရဲသားလူများကိုငဲ့၍ တားမြစ်ခဲ့
တာတွေလဲ ဇာတ်နိပါတ် ပါဠိတော်များမှာ များစွာပင်ရှိပါသည်။ အဲဒီလို လူများရဲ့ကုသိုလ်ကို
မျှဝေ ခံစား ရယူနေရတဲ့ သိကြားမင်းက သာသနာကို မည်ကဲ့သို့ ပိုင်ဆိုင်နိုင်ပါမည်နည်း။    
နောက်တခါ ဗုဒ္ဓဘာသာ အစဉ်အလာအရ ရဟန်းဝတ်ကြရာ၌ သိမ်အတွင်းရှိ သံဃာများ
ရှေ့မှောက်ဝယ် မေးမြန်းစစ်ဆေးပြီး ရဟန်းလောင်းဆုံးမရာတွင်. မနုေဿာသိ.. နတ် နဂါး
သိကြား ဗြဟ္မာ မဟုတ်ပဲ လူသားစစ်စစ် ဟုတ်ပါ၏လော ဟုမေးမြန်းတာမျိုး ကြားဖူးကြပါ
လိမ့်မည်။ အဲဒီမှာပဲ တိရစ္ဆာနဂတော ဘိက္ခဝေ အနုပသမ္ပန္နော န ဥပသမ္ပန္နော…စသည်ဖြင့်
နတ်နဂါး သိကြား ဗြဟ္မာစတဲ့ လူယောင်ဖန်ဆင်းတတ်တဲ့ ပုဂ္ဂိုလ်များကို ဘုရားရှင်က
တိရစ္ဆာန်များနဲ့အတူ တတန်းထဲထားပြီး ဟောကြားထားခဲ့တဲ့အတွက်....
ဒီလို ရဟန်းဘဝတောင်မှ ရပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်များက ရဟန်းသံဃာများကို အုပ်ချုပ်ဆုံးမပြီး
ဘုရားသာသနာကို သိကြားသာသနာဖြစ်အောင် လုပ်မယ်ဆိုတာ ဖြစ်နိုင် မဖြစ်နိုင် အသိဉာဏ်
လေးသွင်းပြီး စဉ်းစားကြည့်လိုက်မယ်ဆိုရင် သိကြားသာသနာဆိုတာ ပေါ်လာစရာအကြောင်း
ရှိနိုင်လိမ့်မည်မထင်။
ဗုဒ္ဓဘာသာလူမျိုးများ ဘာသာရေးအသိဉာဏ်တွေ အတော်လေးခေါင်းပါးနေကြတဲ့အတွက်
သူတပါးက သိကြားသာသနာဆိုတိုင်း ဖြစ်နိုင်မဖြစ်နိုင် ဘာတခုမှ မစဉ်းစား မဆင်ခြင်ကြပဲ
အကန်းယုံ ယုံလိုက်ကြခြင်းပင်ဖြစ်သည်။ စာပေကျမ်းဂန် ဟုတ်တိပတ် နားမလည်ပဲ သင်္ဂါယနာ
တင်ဦးမယ်ဆိုတဲ့ လူမျိုးများကတော့ ပြောစရာပင် မလိုလောက်အောင် စုံလုံးကန်းပြီး
အသိဉာဏ်မဲ့သွားပါပြီ။ 
ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်၊ ဆဠဘိညာ,တေဝိဇ္ဇရဟန္တာခေတ် စသည်ဖြင့် သာသနာ
ငါးထောင်ကို ပိုင်းခြားခွဲခြမ်းပြတဲ့ စကားရပ်များဟာ ဘုရားရှင်၏ စကားတော်များမဟုတ်ပဲ
အဋ္ဌကထာဆရာများ၏ ဖြစ်နိုင်ချေများကို ခန့်မှန်းရေးသားခဲ့ခြင်းသာဖြစ်သည်။ ဒီလိုရဟန္တာ
ခေတ်များ ကုန်ဆုံး၏ မကုန်ဆုံး၏ ဆိုသည်မှာလည်း ရဟန္တာများသာ သိနိုင်ပါမည်။
ပုထုဇဉ်များ၏ ဉာဏ်မှီဖို့ရာ အရာမဟုတ်၍ မည်သူမှ မသိနိုင်ပါ။
မိထွေးတော်ဂေါတမီကို ဘိက္ခူနီသာသနာခွင့်ပြုရာ၌ အရှင်အာနန္ဒာမထေရ်ကို ဘုရားရှင်က
မာတုဂါမများ သာသနာ့ဘောင်ကိုဝင်၍ ရဟန်းအဖြစ်ကိုရကြတဲ့အတွက် ဘိက္ခူနီသာသနာ
ကြာရှည်စွာမတည်နိုင်ပဲ ငါးရာသာ တည်နိုင်မယ့်အကြောင်းသာ မိန့်ကြားခဲ့သည်။ သာသနာ
ဘယ်ရွေ့ဘယ်မျှတည်မည်ဟု သင်္ချာဖြင့် မိန့်ကြားခဲ့တာမတွေ့ရပေ။ ဘုရားရှင်က...
“ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျုံ-အသုညော လောကော၊ အရဟန္တေဟိ အဿ။ ဟု
မဟာပရိနိဗ္ဗာနသုတ်တွင် ဟောထားခဲ့သည့်အတိုင်း ကျင့်ကြံသူတွေ ရှိနေသမှကာလပတ်လုံး
ရဟန္တာပုဂ္ဂိုလ်တွေ လောကကြီးမှာ မဆိတ်သုဉ်းနိုင်သေးပါဟူ၍၎င်း၊ 
ဗောဓိပက္ခိယတရားသုံးဆယ့်ခုနှစ်ပါးကို လေ့လာပွားများ ကျင့်သုံးနေလျှင် သာသနာတော်
ရှည်စွာ တည်တန့်နေလိမ့်မည်ဟု သင်္ချာမပြပဲ နောက်ဆုံးဟောကြားခဲ့ပါသည်။ သာသနာ
မည်မျှပဲ ရှိနေပါစေ မကျင့်ကြံ မလိုက်နာသူများအတွက်ကတော့ သာသနာမရှိပါ။
ဘုရားရှင်၏ ဆုံးမစကားတော်များကို လိုက်နာကျင့်သုံးနေသူများ၏ သန္တာန်၌သာ    
 သာသနာကတည်ရှိနေမည်ဖြစ်ပါသည်။
သာသနာကွယ်ကြောင်းတရားများ
ဆုတ်ကပ်ခေတ်အခါကြီး ဖြစ်နေတဲ့အလျှောက် သံဃာများနှင့်လူများတွင် အကျင့်သီလများ
ကျင့်သုံးစောင့်ထိမ်းနိုင်မှု ဆုတ်ယုတ်လျော့ပါးလာဖွယ်ရာရှိပါသည်။ ထိုသို့ဖြစ်ခြင်းသည် ဆုတ်ကပ်
ခေတ်ရဲ့ သဘောဓမ္မတာများသာဖြစ်ပါသည်။ ဆုတ်ကပ် ရောက်တိုင်း ဘုရားသာသနာပျောက်
၍ သိကြားသာသနာလဲ ရောက်လာလိမ့်မည်မဟုတ်ပေ။
ကဿပဘုရားရှင်၏ သာသနာတော် ဆုတ်ယုတ်သောအချိန်၌ ရောဂါဘေးကပ်ဘေးများ အမျိုးမျိုး
ဆိုက်ရောက်ပြီး တိုင်းပြည်အုပ်ချုပ်သူများ၊ ရဟန်းများနှင့် လူသားများအားလုံး ကိုယ်ကျင့်တရားများ
ဆုတ်ယုတ်ပျက်စီးခေါင်းပါးပြီး ရတနာသုံးပါနှင့် ကုသိုလ်တရားများ၌ မေ့မေ့လျော့ လျော့ ဖြစ်လာ
သောအခါဝယ် သိကြားမင်းနဲ့ သာသနာစောင့်နတ်မင်းကြီးများက လူသားအားလုံးကို သတိတရား
များပေး၍ ကိုယ်ကျင့်တရားများ ပြန်လည်နိုးထစေခဲ့ဖူးတဲ့ ကဿပဘုရားရှင်လက်ထက်ကလို
အခါမျိုးလည်း ရောက်လာလိမ့်မည် ဆိုတာကတော့ မလွဲပါဘူး။
သိကြားမင်းနှင့် သာသနာစောင့်နတ်မင်းကြီးများအနေနဲ့ သာသနာကို စောင့်ရှောက်ကြဖို့ရန်လည်း
တာဝန် ရှိနေပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက သူတည်ထောင်ခဲ့တဲ့ သာသနာကို သင်္ချာပြ၍
ကာလကို မသတ်မှတ်ခဲ့သလို မည်သူ့လက်ထဲကိုမှလည်း အပ်နှံထားခဲ့ခြင်း မရှိပါ။ ရေရှည်တည်တန့်
ဖို့ ဆိုသည်ကတော့ ဘာသာဝင်တိုင်းမှာ တာဝန်ရှိကြပါသည်။
သာသနာကွယ်ကြောင်းတရားများမှာ…..
၁။ တရားမနာ…ဆိုတဲ့ စာပေသင်ကြား ပို့ချသောဆရာတော်များ၏ ပါဠိတော်မှ နက်နဲသော တရား
များကို ထုတ်နှုတ်ဟောပြောပြသည်ကို လေးစားစွာ မနာယူခြင်း၊ လူအများ တရားအမှန်များ
ကို မနာကြရခြင်း။
၂။ စာပေမသင်…ဆိုတဲ့ အခြေခံစာပေများလောက်ကို သင်ယူခြင်းဖြင့်သာ အချိန်ကုန်နေပြီး ပါဠိတော်
ကျမ်းကြီးများကို သဘောသိအောင် လေးလေးစားစား မသင်ယူကြခြင်း။  
၃။ နှုတ်တွင်မဆောင်..ဆိုတဲ့ ဘုရားဟောပါဠိတော်များကို နှုတ်တွင်ဆောင်မထားခြင်း။
(မပျောက်ပျက်အောင် သိုမှီးမထားခြင်း)။ 
၎။ သိအောင်မပြု…ဆိုတဲ့ အာဂုံဆောင်ထားသော်လည်း ပါဠိတော်များ၏ ဆိုလိုချက် အနက်အဓိပ္ပါယ်
များကို ရှင်းလင်းစွာ နားလည်သဘောပေါက်၍ သဒ္ဒါဉာဏ်ရင့်သန်အောင် မတွေးတောမကြံခြင်း။ 
 ၅။ ဓမ္မာနုဓမ္မတ် ပဋိပတ်ကွာ..ဆိုတဲ့ အာဂုံဆောင်၍ ကြံစည်စဉ်းစားပါသော်လည်း ဘုရားဟော
သည့် ပါဠိတော်အတိုင်း နည်းမှန်လမ်းမှန် မကျင့်ကြံခြင်း .ဟူ၍
သာသနာကွယ်နိုင်မယ့် အကြောင်းများကို ဟောကြားခဲ့ပါသည်။
-
နောက်တဖန် ၁။စာသင်ပယ်လျော့….ဆိုတဲ့  ပရိယတ္တိစာပေများကို သင်ကြားမှု၌ စိတ်ဝင်စားမှု
မရှိပဲ ပေါ့လျော့ပြီး ခက်ခဲသော စာပေများကို ပယ်ထုတ်ပစ်ကြခြင်း။
၂။ ကျယ်မဟောကြ…ဆိုတဲ့ သင်ပြီးပါသော်လည်း ပိဋကတ်တော်များကို သူတပါးတို့အား အကျယ်
မပြောဟောခြင်း။
၃။ ကျယ်မချနှင့်…ဆိုတဲ့ သင်ကြားပြီးသော ပိဋကတ်တော်များကို သူတပါးတို့အား အကျယ်တဝင့်
ရှင်းလင်းစွာ မသင်ကြား မပို့ချခြင်း။ 
၎။ ကျယ်စွာမအံ…ဆိုတဲ့ သင်ကြားပြီးသော ပိဋကတ်တော်များကို အကျယ်တဝင့် ရွတ်ဆို
မအံကြခြင်း။
၅။မကြံမစည်…ဆိုတဲ့ ပိဋကတ်တော်များ၏ ခက်ခဲသည့် ဆိုလိုရင်းအဓိပ္ပါယ်များကို နားလည်အောင်
မကြံစည် မစဉ်းစား ကြခြင်း။  ဆိုတဲ့ သာသနာကွယ်နိုင်မည့် အကြောင်းတရားငါးမျိုးကို ထမ်မံ၍
ဟောကြားခဲ့ပါသည်။
နောက်တဖန်.. ၁။ အက္ခရာပုဒ်ပျက်၊ လေ့ကျင့်သင်ကြ…ဆိုတဲ့ ပါဠိပါဌ်သား အက္ခရာများကို မှားမှား
ယွင်းယွင်း လုပ်ဆောင် ရွတ်ဖတ်၍ မှားမှန်းပင် မသိပဲ သင်ကြားနေခြင်း။
၂။ ဆုံးမ မယူ…ဆိုတဲ့  စာပေသင်ကြားသော ဆရာများ၏ ဆုံးမမှုများကို  နာခံလိုက်နာမှု
နည်းပါးလာခြင်း။
၃။ စာချသူရှား…ဆိုတဲ့ ပိဋကတ်စာပေများကို မှန်ကန်ရှင်းလင်းစွာ သင်ကြားပို့ချ ပေးနိုင်သော
သူများရှားပါးလာခြင်း။
၎။ လာဘ်များအောင် ကြံ…ဆိုတဲ့  သာသနာ့ဝန်ဆောင်ရဟန်းများ ပစ္စည်းလေးပါးနှင့် ရာထူး
အာဏာ ဂုဏ်သတင်းကျော်ဇောလိုမှု နောက်သို့လိုက်၍ ဘုန်းကြီးဖို့ရန်အတွက်သာ ကြံစည်
နေကြခြင်း။
၅။ ခိုက်ရန် ကွဲပြား…ဆိုတဲ့  သာသနာ့ဝန်ထမ်း ရဟန်းအချင်းချင်း ဂိုဏ်းဂဏ ပုဂ္ဂိုလ်စသည်ဖြင့်
ဝါဒကွဲပြားပြီး ပဋိပက္ခခိုက်ရန်များနေခြင်း။ ဆိုတဲ့ သာသနာကွယ်နိုင်ကြောင်း တရားငါးမျိုးကို
ထပ်မံ၍ ဟောကြားခဲ့ပြန်ပါသည်။
ဤကဲ့သို့ ဘုရားရှင်က သူတည်ထားခဲ့သော သာသနာတော် ကွယ်ပျောက်နိုင်မယ့်
အကြောင်းတရားများကို(၁၅)မျိုးအထိ အကျယ်တဝင့် ဟောကြားခဲ့ပါသည်။ မှန်ပါသည်။
ယနေ့ခေတ် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ၏ ပရိယတ္တိစာပေသင်ကြားမှုတို့၌ လုံ့လ
ဝိရိယများ လျော့ပါးလာမှု၊ ခေတ်ကာလ စာမေးပွဲများ၏ အရည်အချင်းထက် အရေအတွက်
ကို ဦးစားပေးလာမှု၊ သင်ယူမှု ပို့ချမှုအပိုင်းတို့၌ အားနည်းလာမှု၊ ပိဋကတ်စာပေများ၏ ဆိုလိုရင်း
အဓိပ္ပါယ်အနက်အနဲကို သိမြင်ရေး၌ အားနည်းလာပြီး ပါဠိတော်များ အမှားအမှန်ကို ခွဲခြမ်း
သိခြင်းတွင်လည်း အားနည်းလာမှု၊ ပိဋကတ်တော်များကို အကျယ်တဝင့် ဟောပြောမှုနည်းပါး
လာသလို အာဏာပိုင်များ၏ ကန့်သတ်ချုပ်ချယ် ဖိနှိပ်မှုများကြောင့် ဘုရားရှင်ဟောသည့်
အတိုင်း ဟောပြော သင်ကြားပို့ချနိုင်ကြဖို့ရန် ခက်ခဲလာမှုစသော အကြောင်းတရားများကြောင့်
သာသနာတော်ကွယ်ပျောက်ဖို့ရန် အကြောင်းများက ဖန်လာလျက်ရှိနေပါသည်။
ထိုသို့ ဟောကြားထားခဲ့သော သာသနာကွယ်ကြောင်းတရားများ သံဃာတိုင်းတွင် ထင်ထင်ရှားရှား
 ဖြစ်ပေါ်လာပြီဆိုလျှင် ငါဘုရားသာသနာကွယ်နိုင်သည်ဟု ဘုရားရှင်၏ ဆိုလိုရင်း သဘောထား
ပင်ဖြစ်သည်။
ဒါဆိုရင် ဒီနေ့မြန်မာနိုင်ငံမှာ ဘုရားသာသနာကွယ်ဖို့ရန်အတွက် ဘယ်သူတွေက အန္တရာယ်ပေးနေ
ပါသလဲ?  ပိဋကတ်စာပေကျမ်းဂန်များကို သင်အံပို့ချ ဖြန့်ဝေနေသော သာသနာ့မျိုးဆက်သံဃာ
များကို ဘယ်သူတွေက ပိတ်ပင်တားဆီးနှောက်ယှက်ဖျက်ဆီး သတ်ပစ်နေပါသလဲ? 
ဘုရားဟော ပိဋကတ်တော်များအတိုင်း လူသားများကို ဟောပြောညွှန်ပြ ဆိုဆုံးမ၍ သာသနာ
တည်တံ့ပြန့်ပွားရေး လုပ်ဆောင်နေသော သံဃာတော်များကို လိုက်လံနှောက်ယှက် ပိတ်ပင်
တားဆီးပြီး သာသနာကို ဖျက်ဆီးနေတာ ဘယ်သူတွေပါလဲ?
ရဟန်းသံဃာများအကြားတွင် အာဏာရှင်များ၏ လက်ပါးစေ ရဟန်းအတုယောင်များ ထည့်သွင်း
ထားပြီး သံဃာများ မျက်နှာပျက်အောင် သာသနာညှိုးနွမ်းအောင် ဖျက်ဆီးခိုင်းနေတာ ဘယ်သူ
တွေလဲ?  ပြည်သူအများ ဆင်းရဲဒုက္ခ အကြပ်အတည်းဖြစ်နေချိန်မှာ သံဃာများက အခက်အခဲများ
ပြေလည်စေရန် ဆုတောင်းမေတ္တာပို့သခြင်းဟာ သာသနာကို ညှိုးနွမ်းစေတဲ့ လုပ်ရပ်လား?
ဝေသာလီပြည်ကြီး ကပ်ဘေးများဆိုက်ပြီး လူသားတွေဒုက္ခရောက်နေတဲ့အတွက် ဘုရားရှင်က
အရှင်အာနန္ဒာမထေရ်ကို ရတနာသုတ်ပရိတ်ရွတ်စေပြီး အေးချမ်းစေခဲ့တာဟာ သာသနာညှိုးနွမ်း
အောင် လုပ်တယ်လို့ ထင်နေကြသလား? အင်္ဂုလိမာလမထေရ်ကို အမျိုးသမီးများ ကလေးမွေးဖွား
နိုင်အောင် ဘုရားရှင်က ဂါထာသင်ပေးပြီး ကုသခိုင်းတာဟာ သာသနာကို ညှိုးနွမ်းအောင် လုပ်ခဲ့
တာလား? သာသနာကို အပြစ်မြင်သူများနဲ့ ပြည်သူများပါ စဉ်းစားကြည့်ကြပါ။   သံဃာများက
ဘုရားရှင်ရဲ့လမ်းစဉ်အတိုင်း လုပ်ဆောင်ခဲ့ကြတာပဲဖြစ်တယ်။
'' ဒီနေ့ ဒီသာသနာ တည်ရှိနေတာ သံဃာများ သယ်လာလို့ သိကြား သယ်လာတာ မဟုတ်''
ဘုရားရှင်ပွင့်ပြီး ဒီသာသနာကို တည်ထားခြင်းရဲ့ ရည်ရွယ်ချက်က သတ္တဝါများရဲ့ အကျိုးစီးပွားနဲ့
ချမ်းသာရေးအတွက် ဆောင်ရွက်ဖို့လို့ ဘုရားကဟောခဲ့တယ်။ ဒီလိုသာ ပိဋကတ်စာပေကျမ်းဂန်များ
သင်ကြားပို့ချ ဖြန့်ဝေနေသော သံဃာများကို တားမြစ်ပိတ်ပင် ဟန့်တားနှောက်ယှက် ဖျက်ဆီးနေ
မည် ဆိုပါက ဘုရားသာသနာကွယ်ပျောက်ဖို့ရန် ပို၍ပင် မြန်ဆန်သွားနိုင်ပါသည်။
ဘုရားဟောပါဠိပိဋကတ်စာပေကျမ်းဂန်များကို အနက်သဘောအဓိပ္ပါယ်နဲ့အတူ လေ့လာသင်ကြား
ပို့ချ ဆောင်ထားနိုင်ပြီး မှန်မှန်ကန်ကန် ပြန်လည်ဟောပြောပြသ ဖြန့်ဝေနိုင်မှသာ သာသနာရဲ့
အဆုံးအမတရားများ ကြာရှည်တည်နေနိုင်ပါမည်။  ဒီလုပ်ငန်းများကို သံဃာတော်များကသာ
အဓိက ထမ်းဆောင်နိုင်ပါလိမ့်မည်။ သိကြားမင်းလည်း လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ လူသား
များလည်း ပါဠိတော်များကို ဆောင်ထားပြီး လုပ်ဆောင်နိုင်ကြမည်မဟုတ်ပေ။
ဒီနေ့ဒီအချိန်အထိ ဘုရားဟောပါဠိပိဋကတ်တော်များကို လေ့လာဖတ်ကြား သင်ယူပြီး ကျင့်ကြံ
နေနိုင်ခြင်းသည် သိကြားမင်းက ဆောင်ယူလာ၍ မဟုတ်ပေ။ သံဃာတော်များအဆက်ဆက်က
လက်ဆင့်ကမ်း ယူဆောင်လာခြင်းကြောင့်ဖြစ်တယ်ဆိုတာကို သိမယ်ဆိုရင် ဘုရားသာသနာကုန်ပြီ
သိကြားသာသနာရောက်ပြီ စတာတွေနဲ့ ဘုရားမျက်နှာ သာသနာမျက်နှာ သံဃာများ  ကျေးဇူးကို
မထောက်ထား မျက်ကွယ်ပြု ကျေးဇူးကန်းပြီး စော်ကားပုတ်ခတ်နေမည့်အစား လက်ရှိရရှိထားတဲ့
လူ့ဘဝရဲ့တန်းဖိုးကို ပြည့်ပြည့်ဝဝ ရယူအသုံးချပြီး လူဖြစ်ရကျိုးနပ်အောင် ကိုယ့်တာဝန်များကိုသာ 
ကိုယ်ကျေပြွန်အောင် ဆောင်ရွက်သင့်ကြပါသည်။
သင်္ဂါယနာတင်တယ် ဆိုတာလည်း ပါဠိပိဋကတ် စာပေများ ပျက်စီးဖို့ ပျောက်ပျက်ဖို့ ကြုံခါမှ
စာပေကျမ်းဂန်ကျွမ်းကျင်လိမ်မာသော သံဃာတော်များ၏ လုပ်ဆောင်ရမည့်အရေးကိစ္စဖြစ်ပေသည်။ 
စာပေကျန်းဂန် တတ်ကျွမ်း နားလည်မှု မရှိပဲ သာသနာကို နှိပ်စက်ဖျက်ဆီးသူတို့နဲ့ လားလားမျှ
မသက်ဆိုင်သည့်ကိစ္စဖြစ်သည်။
မြန်မာနိုင်ငံတွင် ပိဋကတ်စာပေများကို မှန်မှန်ကန်ကန် ပို့ချသင်ကြားနေတဲ့ စာသင်တိုကြီးများ
များစွာပင်ရှိနေပါသေးသဖြင့် သာသနာကွယ်ကြောင်းများကို ကာကွယ်ဟန့်တားဖို့ရန်
တတ်နိုင်စွမ်းရှိပါသေးသည်။ အာဏာပိုင်များ၏ မတရား ဖိနှိပ်မှု တားမြစ်မှုများနှင့် မှားယွင်းသော
စာမေးပွဲ ကျင်းပမှုများကြောင့် သာသနာတော်၏ အန္တရာယ်ကို အချိန်မကျပဲ ဖိတ်ခေါ်ရာ ရောက်
နေပါသည်။ ပိဋကတ်စာပေသင်ကြားမှုများကို အာဏာပိုင်များက အမျိုးမျိုးနှောက်ယှက်၍
အန္တရာယ်များပေးနေသဖြင့် သာသနာအတွက် ရင်လေးစရာဖြစ်ရပါသည်။
ပိဋကတ်စာပေကျမ်းဂန်ကိုမှ မှန်မှန်ကန်ကန် မသိနားမလည်လျှင် ပဋိပတ္တိကျင့်စဉ်များလည်း
နည်းလမ်းမမှန်ပဲ လွဲမှားနိုင်သဖြင့် ကျင့်သလောက် အကျိုးမရပဲဖြစ်နိုင်ပါသည်။ သံဃာတော်များ၏
စာပေသင်ကြားမှုများနဲ့ ဟောပြောမှုများကို ဟန့်တားနှောက်ယှက် ဖိနှိပ်ချုပ်ချယ်တားမြစ်ခြင်းသည်
ဘုရားရှင်၏သာသနာတော်ကို နှောက်ယှက် ဖျက်ဆီး စော်ကားရာရောက်ပါသည်။
အထက်ပါ အကြောင်းအရာများကို စဉ်းစားဆင်ခြင်ကြည့်မည်ဆိုပါက သိကြားသာသနာ
ဆိုတာလည်း မဖြစ်နိုင်သလို ဘုရားသာသနာ ကွယ်ပျောက်ဖို့ ဆိုသည်မှာလည်း ကျရောက်
နေသည့် သာသနာ့အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ပြီး  ပိဋကတ် စာပေကျမ်းဂန်များကို
သင်ကြားပို့ချဟောပြော ကျင့်ကြံမှုများ၊ လူသားတို့ ရင်ထဲသို့ တည်ရှိနေအောင် ပို့ဆောင်နေမှုများ၊
ဖြန့်ဝေနေမှုများ၊ ရှိနေသမျှ ကွယ်ပျောက်ဖို့ရန် ခက်ခဲနေဦးမည်သာဖြစ်သည်။
သာသနာကို ခုတုန်းလုပ်၍ အမြတ်ထုတ်လိုကြသောသူများနဲ့   သာသနာသိက္ခာကျအောင်
လုပ်မည့်သူများကို ဖယ်ရှား သန့်ရှင်းအောင် ဆောင်ရွက်ကြခြင်းဖြင့် သာသနာရေးကိစ္စမှာ အဓိက
တာဝန်ရှိကြတဲ့ သံဃမဟာနာယက အဆင့်ဆင့်အပါအဝင် သံဃာတော်များနှင့် ဘာသာဝင်ပုဂ္ဂိုလ်
များကလည်း ထိုကဲ့သို့သော သာသနာကို ခုတုန်းလုပ်မှုများ ဖျက်ဆီးမှုများ၊ နာမည်ပျက်အောင် 
လုပ်မှုများကို မျက်ကွယ်ပြု ခွင့်မလွှတ်သင့်ကြပဲ စွမ်းနိုင်တဲ့ဘက်မှ ဖော်ထုတ် တားဆီးကာကွယ်
သွားကြဖို့ရန် တာဝန်ကိုယ်စီရှိကြပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပေသည်။
(သာသနာတွင်း အခါမှာ ကိုယ်ကျင့်သုံးမှ လိုက်နာမှ အားထုတ်မှ ကိုယ်ရမည်သာဖြစ်သည်။
သာသနာတွင်းနဲ့ သာသနာပ ကုသိုလ် လုပ်ရတာချင်း တူပေမဲ့ အကျိုးပေးမှုက အဆမတန်
ကွာခြားနေ၍ သာသနာတွင်း ကုသိုလ်များကို ရအောင် ယူထားကြပါကုန်။) 
သူတော်ကောင်းတရား၊ နည်းမှန်များ၊ ပြန့်ပွားပါစေ။
တရားနည်းမှန်၊ လူတိုင်းထံ၊ အမှန် ကိန်းပါစေ။
(၂၀၀၉.ခုနှစ်၊ သြဂုတ်လက ရေးခဲ့သည့် ဆောင်းပါး။)
 (ဂမိက ဝနဝါသီ အရှင်)
0 comments:
Post a Comment
လေးဆူဓာတ်ပုံ ရွှေတိဂုံ
Myanmar flag
မင်္ဂလာရှိသော အသံများ
My Shape
peace
ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...
သင်သေသွားသော်...
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
Blog Archive
လာလည်ကြသူများ
widget
အို မိတ်ဆွေ
********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...